Western News
Homeစီးပွားရေးအော်ရီဒူး မြန်မာက ဝန်ထမ်း ၁၀၀ ကျော်ကို ခြိမ်းခြောက်ပြီး အလုပ်ကထုတ်ပယ်

အော်ရီဒူး မြန်မာက ဝန်ထမ်း ၁၀၀ ကျော်ကို ခြိမ်းခြောက်ပြီး အလုပ်ကထုတ်ပယ်

မြန်မာနိုင်ငံမှ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သော အော်ရီဒူး မြန်မာ (Ooredoo Myanmar) က ဝန်ထမ်း ၁၀၀ ကျော်ကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး အလုပ်က ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

ဝန်ထမ်းများကို အာမခံ (Insurance) လိမ်လည်သည်ဟု စွပ်စွဲ၍ အလုပ်က ထုတ်ပယ်ခြင်းဖြစ်ပြီး အလုပ်ထွက်စာတွင် လက်မှတ်မထိုးသော ဝန်ထမ်းများကို တရားရုံးတိုင်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဝန်ထမ်းများက ပြောသည်။

အတင်းအကျပ် အလုပ်ထုတ်ခံရသည့် ဝန်ထမ်းတစ်ဦးက “လက်မှတ်မထိုးပေးရင် တရားရုံးကနေ တိုင်စာပို့မယ်။ လူလိမ်ပါ ဆိုပြီးတော့ သက်ဆိုင်ရာကို အကြောင်းကြားမယ်ဆိုပြီးတော့ပါ။ ထုတ်တဲ့ အရေအတွက်ကတော့ Ooredoo Contact Center Mandalay မှာပဲ အယောက် ၇၀ လောက် ရှိပါမယ်။ အာမခံ ကုမ္ပဏီဘက်က အကြောင်းကြားတာမျိုးလည်း မရှိပါဘူး။ တခြားဌာနတွေရော ပါမယ်ဆို ၁၀၀ ကျော်လောက် ရှိပါမယ်။ ” ဟု ပြောသည်။

အော်ရီဒူး မြန်မာသည် လက်ရှိတွင် ပိုင်ရှင်အသစ်ထံ လွှဲပြောင်းနေသော အချိန်ဖြစ်ပြီး ဝန်ထမ်းများကို လုပ်သက်အလျောက် နစ်နာကြေး မပေးလို၍ အလုပ်က ထုတ်ပယ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းများမှာ အာမခံ (Insurance) ကို လိမ်လည်ခြင်းမရှိကြောင်းနှင့် သေချာစစ်ဆေးခံပြီးမှ အာမခံ လုပ်ခဲ့ကာ ယခုအချိန်ကျမှ အော်ရီဒူး မြန်မာ ကုမ္ပဏီမှ ပြန်လည်စစ်ဆေးပြီး မသမာမူများ တွေ့သည်ဟု အကြောင်းပြနေသည်။

နောက်ထပ် ဝန်ထမ်းတစ်ဦးက ” ယူဆရတာကတော့ Owner အပြောင်းအလဲ ဖြစ်တဲ့အတွက် လုပ်သက်ကြာတဲ့ ဝန်ထမ်းများကို လုပ်သက်အလျောက် နစ်နာကြေး မပေးလိုတဲ့အတွက် Ooredoo Myanmar ၁၀ နှစ်ပြည့်ပွဲ ၈ လပိုင်း မကျင်းပခင်မှာ အလုပ်ကနေ ရည်ရွယ်ချက်ရှိရှိ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စကို တိုင်ကြားဖို့လုပ်နေပါတယ်” ဟု ပြောသည်။

အော်ရီဒူး မြန်မာ ဝန်ထမ်းများအားလုံးမှာ အာမခံများကို Unlink Insurance ဘက်က မှန်ကန်ကြောင်း စစ်ဆေးချက် ထုတ်ပေးပြီးသားကိစ္စဖြစ်ပြီး ကုမ္ပဏီပြဿနာရှာနေသည်မှာ ၂၀၂၃ နှင့် ၂၀၂၄ ကြားက အာမခံများဖြစ်ကြောင်း သိရသည်။

ယခု အခြေအနေကြောင့် Ooredoo Contact Center မှာ ယခင်က ၂၄ နာရီ Service ပေးရာက ယနေ့ ဇူလိုင် ၃၀ ကစပြီး နံနက် ၈ နာရီကနေ ည ၈ နာရီအထိပဲ Service ပေးရန် ပြောင်းလဲသွားကြောင်းနှင့် ဝန်ထမ်းကိစ္စ မပေါက်ကြားအောင် အော်ရီဒူးက သိုသိုသိပ်သိပ်နှင့် လုပ်ဆောင်နေကြောင်း ဝန်ထမ်းများက ပြောသည်။

အော်ရီဒူး မြန်မာဘက်ကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ပြောခွင့်မရှိဟုဆိုကာ အဆင့်ဆင့် လွှဲပြောင်းနေကြ၍ ကုမ္ပဏီဘက်က အသံများ မရရှိခဲ့ပေ။

အူရီဒူး မြန်မာ သည် မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသော ကာတာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဩဂုတ်လမှ စတင်၍ ဝန်ဆောင်မှုပေးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် စင်ကာပူအခြေစိုက်လုပ်ငန်းကုမ္ပဏီဖြစ်သည့် Nine Communications Pte ထံသို့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

(ရန်ကုန်ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည်)

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular