Western News
Homeသတင်းကျောက်ဖြူက လူငယ်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်းဆီးသွား

ကျောက်ဖြူက လူငယ်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်းဆီးသွား

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် သိုင်းချောင်းအုပ်စု ပြားကျွိန်ကျေးရွာက အသက် ၃၃ နှစ်အရွယ် လူငယ်တစ်ဦးကို ကျောက်ဖြူအခြေစိုက် စစ်ကောင်စီ ၃၄ တပ်ရင်းက ဇူလိုင်လ ၁၉ ရက် နံနက် ၃ နာရီတွင် အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

ပြားကျွိန်ကျေးရွာက လူငယ်မှာ လင်းလင်း (ခေါ်) စိုးလင်းအောင် ဖြစ်ပြီး ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို လေယာဉ်စီးပြီးသွားရန် ကျောက်ဖြူမြို့ထဲ ဆွေမျိုးအိမ်၌ စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

” ကျမသားက ကျောက်ဖြူမြို့ထဲမှာ လေယာဉ်မှတ်ဖြတ်ဖို့ စောင့်နေတာပါ။ ဆွေမျိုးတစ်ယောက်အိမ်မှာ။ ဇူလိုင် ၁၉ မနက်အာရုံ ၃ နာရီမှာ စစ်ကောင်စီတပ်သားတွေက ကားနဲ့ လားဖမ်းသွားပါတယ်။ လက်မှတ် မရသေးလို့ စောင့်နေတာပါ။ အကြောင်းပြမရှိဘဲ ဖမ်းသွားတာပါ။ ကျမသားမှာ ဘာအပြစ်မှ ကျူးလွန်တာမျိုးမရှိပါဘူး။ အခု ကျမသားကို လုံးဝ အဆက်အသွယ်မရဘူး။ သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။ ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ကျောက်ဖြူမြို့ထဲက လူငယ်များကို အာရက္ခတပ်တော် AA နှင့် ဆက်စပ်မှုရှိသည်ဆိုပြီး အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးမှုများရှိနေသော်လည်း ကိုလင်းလင်း (ခေါ်) စိုးလင်းအောင်မှာ AA နှင့် ချိတ်ဆက်ဆောင်ရွက်မှု လုံးဝမရှိကြောင်း မိသားစုဝင်များက Western News ကို ပြောသည်။

ကိုလင်းလင်းနှင့်အတူ ဇူလိုင် ၁၉ ရက် နံနက် ၃ နာရီတွင် နောက်ထပ် ကျောင်းသားတစ်ဦးလည်း ဖမ်းဆီးခံရပြီး ၎င်းမှာ ကျောင်းအုပ်ကြီးလက်မှတ်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်းလည်း သိရသည်။

ကိုလင်းလင်းသည် ဇူလိုင် ၁၉ မတိုင်မီ ၃ ရက်အလိုက ရွာကနေ ကျောက်ဖြူမြို့သို့ ရေကြောင်းက လာရောက်ခဲ့ပြီး ငလပွေ့ဆိပ်ကမ်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် အစစ်အဆေးခံခဲ့ရကြောင်းနှင့် မှတ်ပုံတင်ကို အပ်ခဲ့ရပြီး လေယာဉ်လက်မှတ်ရမှ ပြန်လာရွေးဟု စစ်ကောင်စီတပ်သားများက ပြောသည်။

ကိုလင်းလင်းညီဖြစ်သူက ” ကျနော့် အစ်ကိုက မလေးရှားကိုသွားဖို့ ရန်ကုန်ကိုသွားဖို့ ကျောက်ဖြူမြို့ကို သွားတာပါ။ လေယာဉ်မှတ်မရလို့ စောင့်နေတဲ့ ရက်မှာ အဖမ်းခံရတာပါ။ အခုထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဘူး။ အရမ်းစိတ်ပူနေပါတယ်။ ဘာအပြစ်မှလဲ ရှိတာမဟုတ်ဘူး။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ ကျနော်တို့ မိသားစုပါဗျာ။ ကျနော့်အစ်ကိုကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ ” ဟု ပြောသည်။

ကိုလင်းလင်း၏ အချက်အလက်များနှင့် ကျောက်ဖြူမြို့ထဲ တည်းခိုမည့် အိမ်လိပ်စာအပြည့်အစုံကို စစ်ကောင်စီ ငလပွေ့ဆိပ်ကမ်းစစ်ရေးဂိတ်မှ သိရှိထားပြီး ရွယ်ရည်ချက်ရှိရှိ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးသွားသည့် ဇူလိုင်လ ၁၉ ရက်နေ့က ကိုလင်းလင်း (ခေါ်) စိုးလင်းအောင်ကို ကျောက်ဖြူမြို့မရဲစခန်းတွင် တစ်ညထားခဲ့ပြီး နောက်တစ်နေ့တွင် ကျောက်ဖြူအခြေစိုက် စစ်ကောင်စီ တပ်ရင်း ၃၄ က စစ်သားများက ခေါ်ဆောင်သွားကြောင်း သိရသည်။

ကိုလင်းလင်းမှာ စစ်ကြောရေးတွင်ရှိနေပြီး မိသားစုဝင်များဖြင့် လုံးဝ အဆက်အသွယ်ပြတ်တောက်နေကြောင်းနှင့် စစ်ကောင်စီတပ်သားများအနေဖြင့် မိသားစုဝင်များအား အဆက်အသွယ်ပြုလုပ်လိုကြောင်း တောင်းဆိုနေကြသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ရင်းများအနီးနှင့် မြို့ပတ်ဝန်းကျင်တွင် ၎င်းတို့ ထောင်ထားသော မြေမြှုပ်မိုင်းများကို ဒေသခံပြည်သူများ နင်းမိပါက မိုင်း၏ဆုံးရှုံးငွေတန်ဖိုးအဖြစ် လျှော်ကြေးငွေ ကျပ် ၁၀ သိန်းကနေ ၁၅ သိန်းအထိ ပေးရမည်ဟု ကြေညာထားကြောင်းနှင့် အသက်သေလျှင် လျှော်ကြေးငွေ ပေးစရာမလိုဘဲ အသက်ရှင်လာပါက လျှော်ကြေးငွေ ပေးရမည်ဟု ပြောဆိုထားကြောင်း သိရသည်။

အကယ်၍ အသက်ရှင်လာသူများ မိုင်း၏ဆုံးရှုံးငွေတန်းဖိုး လျှော်ကြေးငွေ မပေးပါက ဆေးကုသမှု လုံးဝခံယူခွင့်မပြုကြောင်း စစ်ကောင်စီတပ်သားများက ခြိမ်းခြောက်အကျပ်ကိုင်နေကြောင်း စုံစမ်းသိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular