Western News
Homeကျန်းမာရေးမောင်တောက ဟိန္ဒူကလေးငယ်များ ဝမ်းရောဂါဖြင့် သေဆုံးမှု များနေ

မောင်တောက ဟိန္ဒူကလေးငယ်များ ဝမ်းရောဂါဖြင့် သေဆုံးမှု များနေ

(ရုပ်အလောင်းများကို မီးသင်္ဂြိုလ်ခွင့် စစ်ကောင်စီတပ်သားများက တားဆီး)

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် မောင်တောမြို့နယ်က ဟိန္ဒူကျေးရွာများတွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျော့ ရောဂါဖြင့် သေဆုံးမှုများပြားနေပြီး ရုပ်အလောင်းများကို သင်္ဂြိုလ်ခွင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တားဆီးပိတ်ပင်နေကြောင်း သိရသည်။

အောင်ဗလကျေးရွာ အောင်ဗလကယ်ဆယ်ရေးစခန်းမှ စွန့်ခွာလာသော ဟိန္ဒူမိသားစု ၁၀၀ ကျော်မှာ မောင်တောမြို့ထဲ ရပ်ကွက် ၃ ရှိ အမှတ် (၃) အခြေခံမူလတန်းလွန်ကျောင်းတွင် စစ်ရှောင်နေကြောင်း သိရသည်။

ယင်းအထဲမှ ကလေးငယ်များမှာ ဝမ်းရောဂါဖြင့် သေဆုံးမှုများပြားနေပြီး ထမင်းလည်း နပ်မှန် မစားရဟု ဟိန္ဒူအမျိုးသားတစ်ဦးက Western News ကို ပြောသည်။

” ကလေးတွေက ဝမ်းသွားတယ်။ အန်တယ်။ ဝမ်းပျက်ဝမ်းလျော့ကြောင့် သေတာ ကလေး ၃ ဦးရှိပြီ။ နောက် ကိုယ်ဝန်ဆောင်မိခင်တွေ အဟာရချို့တဲ့လို့ ကလေးမွေးမွေးချင်းမှာပဲ ကလေးတွေက သေသွားပါတယ်။ ဆေးကုဖို့ကလည်း ဆေးလည်းမရှိ၊ ဆေးရုံလည်းမဖွင့်ဘူး။ အဲလို သေဆုံးတာ ၂ ဦးရှိပါပြီ။ ဒါက တစ်ရက်တည်းမှာ သေဆုံးကြတာနော်။ မကြာသေးဘူး။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကပဲ။ ” ဟု ပြောသည်။

ဆန်မရှိ၍ စစ်ရှောင် ဟိန္ဒူမိသားစုများမှာ တစ်ရက် ထမင်းတစ်နပ်သာ စားရပြီး ကလေးငယ်များမှာ ဗိုက်ဆာ၍ လမ်းဘေးရှိ မသန့်ရှင်းသော အသီးအနှံများကို ကောက်စားရာက ဝမ်းရောဂါဖြစ်ပွားနေကြသည်ဟု သိရသည်။

နောက်ထပ် ဟိန္ဒူအမျိုးသားတစ်ဦးက ” အခု လက်ရှိ မောင်တောမြို့က လူနည်းစု ဟိန္ဒူလူမျိုးသေစာရင်းက တစ်ရက်ထက်တစ်ရက် တိုးလာနေပါတယ်။ ဒီလိုဖြစ်ရပ်တွေ မရပ်တန့်ပါက မကြာခင် မောင်တော ဟိန္ဒူလူမျိုးဆိုတာ တစ်ယောက်မှမကျန် လူမျိုးတုံးသွားနိုင်ပါတယ်။ ” ဟု ပြောသည်။

သေဆုံးကလေးငယ်များ၏ ရုပ်အလောင်းများကို မြို့ဦးကျေးရွာအုပ်စု၊ လသာ(ဟိန္ဒူ) ရွာရှိ သင်္ချိုင်းတွင် မီးသင်္ဂြိုလ်ခွင့် မရကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာနှင့် သင်္ချိုင်းကို နေရာယူတပ်စွဲထားကြောင်း သိရသည်။

ထပ်ပြီး ဟိန္ဒူအမျိုးသားတစ်ဦးက ” စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီနဲ့ ပေါင်းနေတဲ့ ARA တွေက (အကြမ်းဖက်မွတ်ဆလင်အဖွဲ့) ရွာအနီးအနားမှာ တပ်စွဲနေရာယူထားတယ်။ သင်္ချိုင်းကို လာခွင့်မပြုဘူး။ ကျနော်တို့နေတဲ့ စာသင်ကျောင်းနားမှာ ကွင်းပြင်ကြီး မြေနေရာတွေရှိတယ်။ အဲဒီမှာပဲ ဖြစ်သလို မီးသင်္ဂြိုလ်လိုက်ရတာ။ ” ဟု ပြောသည်။

ဟိန္ဒူ၊ ရခိုင် ပေါင်းနေသော အောင်ဗလကျေးရွာသည် စစ်ကောင်စီတပ်စွဲထားသော ကညင်ချောင်းစီးပွားရေးဇုန်နှင့် နီးကပ်စပြီး မကြာခဏ မီးရှို့ခံရကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ကလည်း နေအိမ်အများအပြား ထပ်မံ မီးရှို့ခံခဲ့ရကြောင်း စုံစမ်းသိရသည်။

မောင်တောမြို့စောင့်တပ် မြို့သူကြီးရပ်ကွက်ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နခခ (၅) က ပစ်ခတ်သော လက်နက်ကြီးကြောင့် ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက သေဆုံးသွားသော အသက် ၁၂ နှစ်အရွယ် မိန်းကလေး မနောန်ဒီကို သင်္ချိုင်း၌ မီးသင်္ဂြိုလ်ခွင့် မရရှိခဲ့ကြောင်း ဒေသခံဟိန္ဒူများက ပြောဆိုကြသည်။

မောင်တောမြို့ ဟိန္ဒူရွာ မြို့သစ်အရှေ့ရပ်ကွက်နေထိုင်သူ ဦးမာ့နူး၏ ဇနီး ဒေါ်ဘွားနီးနှင့် သမီးဖြစ်သူ မနောန်ဒီမှာ ဇူလိုင်လ ၂၇ ရက်နေ့က ဆန်ကုန်သွား၍ ကညင်တန်းဈေးကို သွားရောက်စဉ် တိုက်ပွဲမရှိဘဲ နခခ (၅) ပစ်ခတ်သော လက်နက်ကြီးကြောင့် သမီးဖြစ်သူမှာ ခြေထောက်ပြတ်ထွက်သွားကြောင်း သိရသည်။

နီးစပ်သူတစ်ဦးက ” အမေဖြစ်သူ ဒေါ်ဘွားနီးက စားစရာ ဆန်မရှိတော့လို့ ဆန်ရလိုရငြား ကညင်တန်းဈေးကို နံနက် ၉ နာရီလောက်မှာ သွားတာ။ သမီးဖြစ်သူ မနောန်ဒီလည်း နောက်က လိုက်ပါသွားတာ။ ကညင်တန်းဟိန္ဒူကယ်ဆယ်ရေးလမ်း ရောက်တဲ့အချိန်မှာ နခခ ၅ က တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်တာ။ သမီးဖြစ်သူ မနောန်ဒီမှာ ခြေနှစ်ဖက်စလုံး ပိုင်းပြတ်သွားတယ်။ အမေ နဲ့ သမီးက နည်းနည်းလှမ်းနေတော့ အမေက ဘာမှမဖြစ်သွားဘူး။ သမီးဖြစ်သူကို ဆေးကုဖို့ ခေါ်ဖို့ လုပ်ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သယ်ခွင့်မပေးဘူးလို့ ပြောတယ်။ ကယ်ဆယ်ရေးစခန်းမှာပဲ ဖြစ်သလို ကုပေမယ့် မရလိုက်ဘူး။ ဇူလိုင် ၂၈ ရက် အာရုဏ်တက်ချိန်မှာ သေဆုံးသွားပါတယ်။ ” ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဆေးကုသခွင့် မပေးခဲ့၍ သေဆုံးသွားသော ဟိန္ဒူအမျိုးသမီး မနောန်ဒီ၏ ရုပ်အလောင်းကို ဟိန္ဒူသင်္ချိုင်း၌ သွားရောက် မီးသင်္ဂြိုလ်ခွင့်တောင်းခံခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မပေးခဲ့၍ ကညင်တန်းရွာအနီးအနားက မြေကွက်လပ်မှာ မီးသင်္ဂြိုလ်လိုက်ရကြောင်း သိရသည်။

မောင်တောမြို့ထဲတွင် ဟိန္ဒူလူမျိုး၊ မွတ်ဆလင်များနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားအချို့ ပိတ်မိနေဆဲဖြစ်ပြီး လူဦးရေအားဖြင့် ထောင်ဂဏန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓားစာခံအဖြစ် အတင်းအဓမ္မခေါ်ယူထားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular