Western News
Homeသတင်းရခိုင်မှာ စစ်ရှောင်အမျိုးသမီးငယ်အချို့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရ

ရခိုင်မှာ စစ်ရှောင်အမျိုးသမီးငယ်အချို့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရ

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ပြီးနောက် မြောက်ပိုင်းဒေသက ဒေသခံပြည်သူများမှာ ရွှေ့ပြောင်းပုံစံဖြင့် စစ်ရှောင်နေရပြီး ဆယ်ကျော်သက် မိန်းကလေးငယ်များမှာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရကြောင်း Western News ကို ပြောဆိုထားကြသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း တကျော့ပြန် မြို့သိမ်းတိုက်ပွဲများ စတင်ဖြစ်ပွားချိန်၌ မြို့ပေါ်က ဒေသခံပြည်သူများမှာ ကျေးလက်ဒေသရှိ ဆွေမျိုးများ သို့မဟုတ် ဘေးကင်းရာကျေးရွာများသို့ အစုလိုက်အပြုံလိုက် စစ်ရှောင်ခဲ့ကြသည်။

မင်းပြားမြို့ပေါ်က အသက် ၁၇ နှစ်အရွယ် သမီးတစ်ဦးနှင့် အသက် ၁၀ နှစ်အောက် သားနှစ်ဦးပါ မိဘအပါအဝင် ပေါင်း ၅ ဦးတို့သည် ကျေးလက်ဒေသရှိ ဆွေမျိုးရင်းရှာမဟုတ်သော မိတ်ဆွေတစ်ဦးအိမ်သို့ စစ်ရှောင်စဉ် သမီးဖြစ်သူ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံခဲ့ရကြောင်း မိခင်ဖြစ်သူက Western News ကို ပြောသည်။

” တိုက်ပွဲ အရမ်းပြင်းထန်နေတဲ့ ဇန်နဝါရီလမှာ မြို့မှာ လုံးဝ နေလို့မရတာကြောင့် ယောကျ်ား အသိမိတ်ဆွေရွာကို စစ်သွားရှောင်တာ။ တစ်ပတ်အကြာမှာ အဲအိမ်မှာနေတဲ့ လူပျိုကြီးတစ်ယောက်က ကျမသမီးကို ရေချိုးတာ၊ အဝတ်လှဲတာ၊ သနပ်ခါးလိမ်းတာက အစ ချောင်းကြည့်တယ်။ တစ်ရက် ရေချိုးအပြန် အိမ်ပေါ်အတက်မှာ လိင်ပိုင်းဆိုင်ရာ ရယူဖို့ ကြံရွယ်ပါတယ်။ ကျမ အပေါ့သွားချိန်နဲ့ ကွက်တိတိုးတော့ ထွက်ပြေးသွားတယ်။ ကျမတို့လည်း မနေရဲတာနဲ့ လေးမြို့ကမ်းမှာရှိတဲ့ ကျမ အမေရွာကို သွားလိုက်တယ်။ ” ဟု ပြောသည်။

စစ်ရေးပြင်းထန်နေချိန်ဖြစ်၍ စစ်ကောင်စီ ယန္တရားလည်းပျက်စီး AA အုပ်ချုပ်ရေးအဖွဲ့လည်း တိုက်ပွဲအပေါ် အာရုံရောက်နေသည့်အတွက် တိုင်တန်းမှုများကို မပြုလုပ်ခဲ့ကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရခိုင်မြောက်ပိုင်းက မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တောမြို့ စသဖြင့် မြို့နယ်တိုင်းက ဒေသခံပြည်သူများမှာ ရွှေ့ပြောင်းပုံစံဖြင့် စစ်ရှောင်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ရွှေ့ပြောင်းပုံစံဖြင့် စစ်ရှောင်နေရချိန် လူဦးရေထူထပ်သော မြို့ပေါ်က ဒေသခံပြည်သူများမှာ အုံလိုက်ကျင်းလိုက် ကျေးရွာများထံ စစ်ရှောင်ကြစဉ် အိမ်တစ်အိမ်မှာ အနည်းဆုံး လူဦးရေ ၁၅ ဦးအထက်ကို စုံပြုံနေထိုင်ခဲ့ကြရကြောင်း စစ်ရှောင်သူများက ပြောသည်။

မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ တိုက်နယ်အုပ်စုက ကျေးရွာတစ်ရွာတွင်လည်း ယင်းကဲ့သို့ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုမျိုး ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအရ ရွာအမည်၊ ကျူးလွန်သူအမည်နှင့် ကျူးလွန်ခံရသူ မိသားစုဝင်များ၏ အမည်များကို ဖော်ပြခွင့်မရပေ။

ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆွေမျိုးတော်စပ်သူဖြစ်၍ ခြိမ်းခြောက်မှုများပါ ခံခဲ့ရကြောင်း အကိုဖြစ်သူက ပြောသည်။

” ကျနော်၊ ကျနော့်ညီမ ကျနော့်အမေ ၃ ယောက် စစ်ရှောင်ကြတာ၊ အဖေက နိုင်ငံခြားမှာပါ။ ကျနော့်ညီမက အသက် ၁၅ နှစ်ပါ။ ညနေ အိမ်ရှေ့ ခြံစည်းရိုးအပြင်ဘက် လမ်းလျှောက်နေစဉ် အသက် ၃၀ ကျော် လူ ၄ ယောက်ပါ အုပ်စုတစ်စုက အရက်မူးပြီး လက်တွေဆွဲ၊ ခါးတွေဖက်တာမျိုး လုပ်ခဲ့တယ်ပြောပါတယ်။ အဲထဲက တစ်ယောက်ဆို ပါးနမ်းဖို့ လုပ်ခဲ့ပါတယ်။ ကျနော်နဲ့ ကျနော့်အမေ အိမ်ကထွက်ပြီး အော်ဟောက်လိုက်မှ ထွက်ပြေးသွားကြတယ်။ ပါးနမ်းဖို့ လုပ်တဲ့သူက ရွာဥက္ကဌနဲ့ ဆွေမျိုးတော်တယ်လို့ ပြောပါတယ်။ ကျနော်တို့က မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်ပါ။ ” ဟု ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့သော်လည်း ထိထိရောက်ရောက်ဖြေရှင်းခြင်းမရှိဘဲ ပါးနမ်းရန်ကျူးလွန်ခဲ့သည့်သူက အိမ်ကိုလာပြီး ခြိမ်းခြောက်မှု တစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း အကိုဖြစ်သူက ပြောသည်။

တိုက်ပွဲပြင်းထန်နေချိန်ဖြစ်၍ ပြဿနာ ပိုမိုကြီးထွားခြင်းမျိုး မဖြစ်စေရန်အတွက် နှစ်လကြာ ယင်းရွာတွင် နေထိုင်ပြီးမှ နောက်ကျေးရွာတစ်ရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်မြောက်ပိုင်း စစ်ရေးပြင်းထန်နေချိန် မြို့နယ်တိုင်းလိုလိုတွင် စစ်ရှောင်သမီးငယ်များမှာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရခြင်းများကို ကြုံတွေ့ခဲ့ရကြောင်းနှင့် လက်ရှိအချိန်အထိလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ရှိနေသေး၍ Western News မှ စုံစမ်းနေသည်။

တကျော့ပြန်တိုက်ပွဲစဖြစ်ချိန်ကတည်းက အမျိုးသမီးအရေး ဆောင်ရွက်ကြသည့် အမျိုးသမီးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူ အမျိုးသမီးများမှာ သတင်းမီဒီယာများဖြင့် အဆက်အသွယ်ဖြတ်ထား၍ Western News က ၎င်းတို့၏ အသံကို မရရှိခဲ့ပေ။

နစ်နာသူ အမျိုးသမီးအပါအဝင် မိသားစုဝင်များမှာ ရခိုင်ပြည်အတွင်း တရားဥပဒေစိုးမိုးရေး တည်ငြိမ်မှုမရှိခြင်းနှင့် အာရက္ခတပ်တော် AA က စစ်ရေးကို ဦးစားပေးနေ၍ အချို့ပြစ်မှုများကို အလေးထားဂရုစိုက်မှု နည်းနေကြောင်း ပြောဆိုကြသည်။

စစ်တွေနှင့် မောင်တောက လွဲပြီး ရခိုင်ပြည် မြောက်ပိုင်းဒေသကို ပြီးခဲ့သည့် နှစ်လကစ၍ အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားမှာ လိုအပ်ချက်ရှိနေသေးကြောင်းနှင့် တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်ဆောင်ရွက်သင့်ကြောင်း ပြောဆိုနေသူများရှိနေကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular