Western News
Homeစစ်ရေးသပိတ်ကျင်းက ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

သပိတ်ကျင်းက ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

(သပိတ်ကျင်းမြို့ကို သိမ်းပိုက်ရန် သင်တန်းကျောင်း စစ်စခန်း ၂ ခုနှင့် လက်ရုံးတပ် ၁ ခုသာကျန်ရှိ)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ၊ မိုးကုတ်ဗျူဟာနှင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုချက်များအရ သိရသည်။

ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် TNLA နှင့် မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကောင်စီ၏ အမှတ် ၁၄၈ ခြေလျင်တပ်ရင်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

“ခလရ-၁၄၈ တပ်ရင်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုနဲ့ စစ်ခွေး သေစာရင်းကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်း ၅ ခုကိုလည်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကွင်း ၃၀ ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်းတပ်စခန်း၊ ဝက်သေရွာ တပ်စခန်းနှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်တွင် ခလရ ၁၄၈၊ အမှတ် ၁ သုတေသနတပ်ရင်း၊ အမှတ် ၂၀ စစ်ဆေးရုံ ကုတင် ၁၀၀၊ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)၊ အမှတ် ၂ စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ-၂) တပ်များရှိပြီး တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်သော ခလရ ၁၄၈ သည် ခြေလျင်တပ်ရင်းနှင့် အကြီးတပ်ရင်းဖြစ်သည်။

သပိတ်ကျင်းတွင် စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ရန် စစ်သင်တန်းကျောင်း ၂ ခုနှင့် လက်ရုံးတပ်တစ်ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular