Western News
Homeစစ်ရေးဂွ-ကျိန္တလီကြားရှိ ကုလားပြင်တံတားနှင့် ဆပ်သွားတံတားကို မိုင်းခွဲဖျက်ဆီးရန် စစ်ကောင်စီ ပြင်ဆင်နေ

ဂွ-ကျိန္တလီကြားရှိ ကုလားပြင်တံတားနှင့် ဆပ်သွားတံတားကို မိုင်းခွဲဖျက်ဆီးရန် စစ်ကောင်စီ ပြင်ဆင်နေ

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် တောင်ပိုင်းဒေသတွင် ဂွမြို့နှင့် ကျိန္တလီမြို့ကြားတွင်ရှိသော ကုလားပြင် (ရတနာမြိုင်) တံတားနှင့် ဆပ်သွားချောင်းတံတားတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီးရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ ၁၂ ရက်နေ့က ကျိန္တလီမြို့အတွင်း ပိတ်မိနေသော မိသားစုဝင်တစ်အား သွားရောက်ကယ်ထုတ်သူ ဂွမြို့ခံလူငယ်တစ်ဦးက မျက်မြင်တွေ့ခဲ့ရသည်ကို Western News အား ပြောပြသည်။

” ဟိုတနေ့က ဩဂုတ်လ ၁၂ ရက်ပေါ့။ ကျိန္တလီမြို့ထဲ မိသားစုဝင်တစ်ဦးခေါ်ဖို့ သွားခဲ့တယ်။ အပြန် ညနေပိုင်းမှာ ကုလားပြင်တံတားနဲ့ ဆပ်သွားတံတားမှာ မိုင်းထောင်နေတာ တွေ့ခဲ့ရတယ်။ တံတား အစ၊ အလယ်၊ အဆုံး ထိပ်တွေမှာ ကားတာယာတွေနဲ့ မိုင်ခွဲဖျက်ဆီးဖို့ ပြင်ဆင်နေတာ တွေ့ခဲ့ရတယ်။ တံတားတွေမှာလည်း စစ်ကောင်စီ တပ်သားတွေက တပ်စွဲထားတယ်လေ။ ” ဟု ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး ဂွမြို့နယ် ကျိန္တလီမြို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ယနေ့ နေ့လယ် စုံစမ်းချက်အရ ကျိန္တလီမြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဂွမြို့ဘက်သို့ တပ်ဆုပ်သွားကြောင်း မျက်မြင်နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

ကျိန္တလီမြို့ထဲ ပိတ်မိနေရာမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ” ကျနော်တို့ မိသားစု ၃ ယောက်အဖွဲ့ မနက် ၁၁ နာရီကျော်လောက်မှာ ထွက်ပြေးလာတာပါ။ ကျိန္တလီမြို့နေရာအများစုကို AA က ထိန်းချုပ်လိုက်ပြီလို့ ပြောလို့ရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ဂွမြို့ဘက်ခြမ်းရှိ သူတို့တပ်စခန်းရှိရာသို့ တပ်ဆုတ်သွားကြတယ်။ ” ဟု ပြောသည်။

ကျိန္တလီမြို့ရှိ နယ်မြေရဲစခန်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ထွေ/အုပ်ရုံးနှင့် EPC ရုံးတို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ AA ထိုးစစ်ကို လေကြောင်းအပါအဝင် ခုခံခဲ့သော်လည်း ယမန်နေ့ ဩဂုတ်လ ၁၃ ရက်ညနေတွင် ကျိန္တလီမြို့ထဲ စစ်ကောင်စီ ကင်းစင်သွားပြီဟု ခိုင်မာသော သတင်းရင်းမြစ်များက အတည်ပြုပြောကြသည်။

လက်ရှိတွင် ကျိန္တလီမြို့ထဲက ကျန်ရှိ စစ်ကောင်စီတပ်သားများအားလုံးမှာ ဂွမြို့ဘက်ခြမ်းရှိ ကုလားပြင် (ရတနာမြိုင်) တံတားရှိ တပ်စခန်းသို့ ဆုတ်ခွာပူးပေါင်းသွားကြောင်း စုံစမ်းသိရသည်။

စစ်ရေးသိသူတစ်ဦးက ” ကျိန္တလီမြို့ထဲက အကောင်တွေက ကုလားပြင်တံတားမှာ တပ်စွဲထားတဲ့ စစ်စခန်းသို့ ပူးပေါင်းသွားတယ်။ စစ်ကောင်စီကလည်း အင်အား ၁၀၀ လောက်ထပ်ဖြည့်ထားတယ်။ AA ဘက်က ဆက်တက်လာရင်၊ AA ထိုးစစ်ကို မခုခံနိုင်ရင် ဂွနဲ့ကျိန္တလီကြားမှာရှိတဲ့ တံတားတွေအားလုံးကို မိုင်းခွဲဖျက်ဆီးနိုင်တယ်။ ဂွမြို့ကို နောက်ဆုံးခံတပ်ထားမယ်ပေါ့။ ” ဟု ပြောသည်။

ဂွမြို့နှင့် ကျိန္တလီမြို့ကြားတွင် တံတားအနည်းဆုံး ၄ စင်းရှိပြီး ကုလားပြင် (ရတနာမြိုင်) တံတား၊ ပုဂံတောင် တံတား၊ ဆပ်သွားချောင်းတံတားနှင့် ကမ်းသာယာတံတားတို့ဖြစ်ကြပြီး ဂွမြို့ကာကွယ်ရန် အဆိုပါ တံတားများအားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီးပစ်နိုင်ကြောင်း ၎င်းက သုံးသပ်ထားသည်။

ဂွမြို့နယ်သည် ရခိုင်ပြည်တောင်ပိုင်းဒေသ အဆုံးမြို့ဖြစ်ပြီး ဧရာဝတီတိုင်းနှင့် ကပ်လျှက်ရှိသည့်မြို့ဖြစ်သည်။

အာရက္ခတပ်တော် AA သည် ရခိုင်ပြည်တောင်ပိုင်းဒေသတွင် မြို့နယ်တိုင်းက စစ်ကောင်စီတပ်ရင်းများကို ဝိုင်းရံပိတ်ဆို့ထားပြီး လက်ရှိတွင် သံတွဲ၊ ဂွ၊ တောင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

သံတွဲမြို့နယ်တွင် ငပလီမြို့ပေါ်က တပ်ရင်းနှစ်ခုနှင့် သံတွဲမြို့ပေါ်က ရဲစခန်းအပါအဝင် တပ်စခန်းငယ်များကို AA က သိမ်းပိုက်ကာ သံတွဲမြို့ပေါ်နှင့် ငပလီမြို့အား ထိန်းချုပ်ထားပြီး ငပလီမြို့နှင့် ၁၀ မိုင်အတွင်းရှိသည့် ဂျိတ္တောတပ်စခန်းနှင့် မောင်ရွှေလေးရေတပ်တို့ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular