Western News
Homeစစ်ရေးစစ်တွေက တိုက်ပွဲကြောင့် ရသေ့တောင်မှာ ထိခိုက်သေဆုံးမှုများရှိနေ

စစ်တွေက တိုက်ပွဲကြောင့် ရသေ့တောင်မှာ ထိခိုက်သေဆုံးမှုများရှိနေ

(အမြင့်ကျွန်းနှင့် ဝါဘိုကျေးရွာအနီးတွင် ယခုအချိန်အထိ လက်နက်ကြီးသံများကြားနေရဆဲဖြစ်)

ရခိုင်ပြည် စစ်တွေမြို့နှင့် ၄ မိုင်ခန့်အကွာမှာရှိသော ဝါဘိုကျေးရွာအနီးနှင့် အမြင့်ကျွန်းကျေးရွာအနီးမှာ နှစ်ဖက်ပစ်ခတ်သံများ ယမန်နေ့ ဩဂုတ်လ ၂၈ ရက် ည ၈ နာရီကတည်းက ကြားနေရသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်တွေမြို့က စစ်ကောင်စီတပ်ရင်းများကို အာရက္ခတပ်တော် AA က ဝိုင်းရံထားပြီဖြစ်ကြောင်း ပြီးခဲ့သည့်လက AA မှ ထုတ်ပြန်ကြေညာထားသည်။

အာဏာသိမ်း စစ်ကောင်စီကလည်း စစ်တွေမြို့အနီးအနားက ရခိုင်ကျေးရွာ ၁၂ ရွာထက်မနည်းမှ ကျေးရွာသားများကို ရွာလုံးကျွတ် ရွှေ့ပြောင်းခိုင်းထားသည်မှာ ဇူလိုင်လကတည်းက ဖြစ်သည်။

အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီ ရေတပ်က စစ်သင်္ဘောများရှိနေပြီး ဝါဘိုကျေးရွာအနီးက ရွှေမင်းဂံဆိပ်ကမ်းမှာလည်း ဇက်/နေဗီ စစ်သင်္ဘောများရှိနေသည်။

အဆိုပါ စစ်သင်္ဘောများနှင့် AA တို့ ယမန်နေ့ ည ၈ နာရီကတည်းက နံနက် ၃ နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ကြောင်း အသက် ၄၀ အရွယ် ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” မနေ့ ည ၈ နာရီလောက်ကနေ နှစ်ဖက်ပစ်ခတ်သံတွေ ကြားနေရပါတယ်။ AA က ထိုးစစ်ဆင်လို့ တိုက်ပွဲဖြစ်ကြတာမဟုတ်ဘဲ စစ်ကောင်စီ စစ်သင်္ဘောတွေက AA ရာရှိနေရာတွေကို ချဉ်းကပ်လာလို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြတာဖြစ်ပါတယ်။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်တာရှိသလို ဒရုန်းတွေနဲ့လည်း ပစ်ခတ်သံတွေ ကြားရပါတယ်။ အဲဒီတိုက်ပွဲက လက်နက်ကြီးတွေ၊ ဒရုန်းက ဗုံးသီးတွေဟာ ရသေ့တောင် မိုးစဲကျွန်းဘက်သို့ ကျရောက်တာတွေရှိပါတယ်။ ” ဟု ပြောသည်။

ရသေ့တောင်မြို့နယ် မိုးစဲကျွန်းသည် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာနှင့် တစ်ဖက်တစ်ကမ်းဖြစ်ပြီး မြစ်အလယ်မှာ စစ်ကောင်စီ စစ်သင်္ဘောနှစ်စီး သွားလာနေကြောင်း သိရသည်။

ယမန်နေ့ ညတွင် အမြင့်ကျွန်းကျေးရွာအနီး သွားလာနေသည့် စစ်ကောင်စီ စစ်သင်္ဘောတစ်စီးက ပစ်ခတ်လိုက်သော လက်နက်ကြီးမှာ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းရှိ ဆားပြင်ကြီးကျေးရွာကို ကျရောက်မှုကြောင့် အရပ်သား ၂ ဦးထက်မနည်း သေဆုံးသွားပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရသွားကြသည်။

” မိုးစဲကျွန်းနဲ့ အမြင့်ကျွန်းကျေးရွာကြားရှိတဲ့ မြစ်အလယ်မှာ စစ်ကောင်စီ စစ်သင်္ဘောတွေရှိတယ်။ အဲဒီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ၊ ဒရုန်းနဲ့ပစ်ခတ်တဲ့ ဗုံးသီးတွေဟာ မိုးစဲကျွန်းက ဆားပြင်ကြီးရွာမှာ ကျပါတယ်။ ဒါ့ကြောင့် အရပ်သားတွေ သေဆုံးသွားရတာ၊ ထိခိုက်ဒဏ်ရာ ရသွားကြတာပါ။ ” ဟု ဆားပြင်ကြီးရွာသားတစ်ဦးက ပြောသည်။

ဆားပြင်ကြီးကျေးရွာအတွင်း လက်နက်ကြီးကြောင့် သေဆုံးသွားသူများမှာ အမျိုးသားနှစ်ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီးငယ်များပါဝင်ကြောင်းသိရပြီး အမည်နှင့်အသက်ကို ဖော်ပြခွင့်မပြုကြပေ။

စစ်တွေမြို့နယ် ဝါဘိုကျေးရွာနှင့် အမြင့်ကျွန်းကျေးရွာအနီးတွင် ယနေ့ ဩဂုတ်လ ၂၉ ရက် ညနေ ၄ နာရီကစပြီး ယခုအချိန်အထိ ဆက်လက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိနေသေးကြောင်း လက်နက်ကြီးသံများကြားရသည့် ဒေသခံများက Western News ကို ပြောဆိုကြသည်။

စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ပြီး ဇွန်လ နောက်ပိုင်း ပထမဆုံးဖြစ်ကြသော တိုက်ပွဲဖြစ်ကြသော်လည်း ယမန့်ည တိုက်ပွဲနှင့် ယခုည စတင်ဖြစ်ပွားနေသည့် တိုက်ပွဲကို စစ်ကောင်စီနှင့် AA က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။

အာဏာသိမ်း စစ်ကောင်စီသည် စစ်တွေမြို့ကို ရေလမ်း၊ ကုန်လမ်းများအားလုံးကို ဖြတ်တောက်ထားပြီး စစ်တွေမြို့အဝင် အမြင့်ကျွန်းတံတားကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက မိုင်းခွဲဖျက်ဆီးထားသည်။

စစ်တွေမြို့နယ်မှာ ယခုဖြစ်ပွားနေသော နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကနေ တိုက်ပွဲကြီးအဆင့်သို့ ရောက်ရှိနိုင်ပြီး အဆိုပါဒေသအတွင်း ပိတ်မိနေကြသော အရပ်သားပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းကြရန် လိုအပ်သည်ဟု တိုက်တွန်းသူများရှိနေကြသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular