Western News
Homeဆောင်းပါးကျောင်းသား တစ်ဦးရေးသည့် သေတမ်းစာ (သို့မဟုတ်) မုန်တိုင်းထဲက ပန်းလိပ်ပြာငယ်လေးများကို ဖေးမ ကူညီပါ

ကျောင်းသား တစ်ဦးရေးသည့် သေတမ်းစာ (သို့မဟုတ်) မုန်တိုင်းထဲက ပန်းလိပ်ပြာငယ်လေးများကို ဖေးမ ကူညီပါ

Western News- အောက်တိုဘာ ၂၆ ရက်

“ညီငယ်၏ သေတမ်းစာ”

“ ဒီနေ့ စကားချောင်းတံတားပေါ်မှ အောက်သို့ ခုန်ဆင်းသွားပါမည်။ ငါရချင်တဲ့ဘဝက မိန်းကလေးပါ။ ယောက်ျားလေးမဟုတ်ပါဘူး။ ငါ ဒီမိသားစုမှာ လူဖြစ်ခဲ့ရတာ ပျော်ပါတယ်။ ငါ ထွက်သွားရလို့လည်း ဝမ်းနည်းမိ တယ်။ ငါသေသွားရင် မငိုကြပါနဲ့။ ဝမ်းနည်းခြင်းများဖြင့် လောကကြီးအား နှုတ်ဆက်ထွက်ခွာသွားတဲ့ ”
(ရဲထက်နိုင်)
(တစ်)

နေအိမ်ဘုရားကျောင်းဆောင်ပေါ်တွင်တွေ့ရှိရသည့် စာခေါက်ကလေးကိုယူ၍ ဖွင့်ကြည့်လိုက်မိသည် နှင့် “ညီငယ်လေး၏ သေတမ်းစာ” ဆိုသော ခေါင်းစီးစာတန်းကို စတင်မြင်လိုက်ရပြီး မမျိုးပပထွန်းတစ်ယောက် ကြမ်းပြင်ပေါ် ခွေလဲကျသွားတော့မည့်အတိုင်း တုန်လှုပ်သွားရတော့သည်။ စာထဲမှ လက်ရေးလက်သားများမှာ လောလောလတ်လတ် နေအိမ်မှပျောက်ဆုံးသွားသော မောင်ငယ်ကလေး ရဲထက်နိုင်၏ လက်ရေးများဖြစ်နေသ ဖြင့် စိုးရိမ်စိတ်များက ဒီရေလှိုင်းပမာ တရိပ်ရိပ်မြင့်တက်လာ၏။ သို့သော် မမျိုးပပထွန်း သည် စာထဲကအတိုင်း မဖြစ်နိုင်ဟုသာ သူ့ကိုယ်သူ ဖြေသိမ့်တွေး တောလိုက်မိပြန်သည်။

စင်စစ် “ညီငယ်လေး၏သေတမ်းစာ” ဆိုသောစာကိုရေးသားထားခဲ့သူ မောင်ရဲထက်နိုင်သည် အသက် (၁၄) နှစ်ခန့်အရွယ် အဌမတန်းကျောင်းသားတစ်ဦးဖြစ်၏။ သူသည် ပင်ကိုယ်ဗီဇအရ မိန်းကလေးတစ်ယောက် ပမာ နုနုညံ့ညံ့ ကျင့်ကြံနေထိုင်တတ်သူတစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် မိန်းမဆန်သော မောင်ရဲထက်နိုင် သည် မိမိကိုယ်ကိုယ် လုပ်ကြံသတ်ဖြတ်ဝံ့သည်အထိ မည်သို့မျှ သတ္တိမကောင်းနိုင်ဟုသာ မိသားစုဝင်များက တွေးထင်ခဲ့ကြသည်။

မောင်ရဲထက်နိုင်တစ်ယောက် နေအိမ်မှထွက်ခွာသွားပြီး ည ၈ နာရီကျော်သည်အထိ ပြန်လည်ရောက် ရှိလာခြင်းမရှိသေးသည်မှာလည်း သာမန်အကြောင်းအရင်းတစ်ခုခုကြောင့်သာဖြစ်လိမ့်မည်ဟု အားလုံးက ထင် ကြေးပေးခဲ့ကြသည်။ သို့သော် ထိုသို့တွေးတောခဲ့ကြသူများ မှားယွင်းကြောင်းကိုတော့ နောက်တစ်နေ့မနက် ခင်းအချိန်တွင် ဝမ်းနည်းကြေကွဲဖွယ်သိရှိလိုက်ကြရသည်။ အကြောင်းမှာ မောင်ရဲထက်နိုင်၏ ပုပ်ပွနေသော ရုပ် အလောင်းကို (၁၅. ၈.၂၀၂၁) ရက်နေ့၊ နံနက်ခင်းအချိန်တွင် ပြန်လည်တွေ့ရှိခဲ့သောကြောင့်ပင် ဖြစ်သည်။

မောင်ရဲထက်နိုင်၏ အလောင်းကို တွေ့ရှိရသောနေရာသည် မအီမြို့တွင်းမှ စက်လှေဖြင့် ၄၅ မိနစ်ခန့် ခုတ်မောင်းသွားရသော ဂျီဖြူတောင်(ခေါ်) အောင်စည်သာရွာအနီး ချောင်းရေထဲ၌ ဖြစ်၏။ သည်တော့မှသာ မောင်ရဲထက်နိုင် တစ်ယောက် သူ၏ သေတမ်းစာအတိုင်း စကားချောင်းတံတားပေါ်မှ အမှန်တကယ် ခုန်ဆင်း၍ အဆုံးစီရင်သွားခဲ့ပြီဖြစ်ကြောင်းကို မျက်ရည်စက်လက်ဖြင့် လက်သင့်ခံလိုက်ရကြရလေသည်။

“ ဖြစ်ချင်တဲ့ဘဝကို သတ္တိရှိရှိ ဖန်တီးရယူနိုင်လျှက်နဲ့ ဘာကြောင့်များ အခုလိုပုံစံမျိုးနဲ့ အရှုံးပေးလိုက်ရ တာလဲ မောင်ငယ်လေးရယ်။ မောင်လေးလိုအဖြစ်မျိုး တခြား LGBT တွေ ဘယ်သူမှ ထပ်မဖြစ်ဖို့ပဲ မမ အနေနဲ့ ဆုတောင်းမိပါတော့တယ်ကွယ်”

မောင်ရဲထက်နိုင် တစ်ယောက် မိမိကိုယ်ကိုယ်လုပ်ကြံသေဆုံးသွားခြင်းနှင့်ပတ်သက်၍ အစ်မဖြစ်သူ မမျိုးပပထွန်း ၏ ဝမ်းနည်းပက်လက် မှတ်ချက်ပြုသော စကားများပင် ဖြစ်သည်။ မမျိုးပပထွန်း ပြောဆိုသော စကားများက မောင်ရဲထက်နိုင်ကဲ့သို့သော LGBT အသိုင်းအဝိုင်းအတွက် စဉ်းစားဆင်ခြင်စရာများ အပြည့်ရှိနေ ၏။ မောင်ရဲထက်နိုင်ကဲ့သို့ စိတ်ခံစားချက်မျိုးဖြင့် မိမိကိုယ်ကိုယ် လုပ်ကြံသေဆုံးသွားခဲ့ပြီးသူ ယခင်က မည်မျှ အထိ ရှိခဲ့ပြီနည်း။ ရှေ့အနာဂတ်တွင်ကော မည်မျှအထိ ဆက်လက်၍ ရှိနေဦးမည်နည်းဆိုသည်ကို စဉ်းစားစရာ သာ ဖြစ်၏။ ထို့အပြင် Gender ခွဲခြားဆက်ဆံခံရမှုများထဲမှ လုံးဝလွတ်မြောက်နိုင်ခြင်းမရှိသေးသော LGBT တို့၏ ဘဝကို မည်သို့ဖေးမကြမည်နည်းဆိုသည်ကလည်း မေးခွန်းထုတ်စရာတစ်ခု ဖြစ်တည်လာခဲ့လေသည်။

(နှစ်)

မောင်ရဲထက်နိုင် သည် ရခိုင်ပြည်နယ်၊ မအီမြို့နယ်(ခွဲ)၊ အမှတ်- ၂ ရပ်ကွက်၊ ခရေလမ်းတွင်နေထိုင် သော ဦးတင်မြင့်နှင့် ဒေါ်အရီ တို့၏ အငယ်ဆုံးသားတစ်ဦး ဖြစ်သည်။ မအီမြို့နယ် အ.ထ.က ကျောင်းတွင် ပညာသင်ယူနေသော အဌမတန်းကျောင်းသားတစ်ဦးပင် ဖြစ်၏။ ဦးတင်မြင့်နှင့် ဒေါ်အရီတို့တွင် သမီးမိန်းက လေး ခြောက်ဦးထွန်းကားခဲ့ပြီး မောင်ရဲထက်နိုင်မှာ တစ်ဦးတည်းသော သားထွေးပင် ဖြစ်သည်။ မောင်ရဲထက်နိုင် သည် ငယ်စဉ်အချိန်မှပင် အစ်မခြောက်ယောက် ကြားထဲတွင်နေထိုင်လာခဲ့ရသဖြင့် ယောကျ်ားလေးဟုဆိုသော် လည်း မိန်းကလေးတစ်ဦးကဲ့သို့ ကနွဲ့ကလျှ ဖြစ်လာခဲ့သည်။
“မောင်လေး ရဲထက်နိုင် ရဲ့ သွားလာလှုပ်ရှားပုံနဲ့ စကားပြောဟန်တွေက မိန်းကလေး တစ်ယောက်လို ဖြစ်နေပေမယ့် သူ့ရဲ့ ဝတ်စားဆင်ယင်မှုကတော့ ယောကျ်ားလေးအတိုင်းပါပဲ။ အပေါင်းအသင်းပေါင်းတဲ့အ ခါမှာလည်း မိန်းကလေးသူငယ်ချင်းတွေကိုပဲ ရွေးပြီးပေါင်းတတ်ပါတယ် ” ဟု အစ်မဖြစ်သူ မမျိုးပပထွန်းက မောင်ရဲထက်နိုင်၏ အခြေအနေကို ပြောပြသည်။

မောင်ရဲထက်နိုင်၏ ပင်ကိုယ်စရိုက်မှာ သူ့တစ်ယောက်တည်းနေထိုင်ရသည်ကို ပိုမိုနှစ်ခြိုက်ကြောင်း ဟန်ရှိကြောင်း သူ၏အစ်မဖြစ်သူများက ချင့်ချိန်စကားဆိုသည် နေအိမ်ထဲတွင် သူ့တစ်ယောက်တည်းထိုင် ကာ တွေး၍ ငေး၍နေလေ့ရှိကြောင်း အစ်မဖြစ်သူ ကပြောပြသည်။ ထို့အပြင် မောင်ရဲထက်နိုင် သည် အသက် -၁၄ နှစ် ခန့်အရွယ်ဟုဆိုသော်လည်း သူ့ထက်ငယ်သောကလေးငယ်များနှင့်သာ ဆော့ကစားလေ့ရှိကြောင်း သူ၏ ပတ်ဝန်းကျင်မှ ပြောဆိုသည်။ မသေဆုံးမီအချိန်အထိ မည်သည့် ထူးထူးခြားခြားလုပ်ရပ်တစ်ခုတလေကို မျှ မပြုလုပ်ခဲ့ကြောင်း ဆိုသည်။ သို့သော် ၁၃.၈.၂၀၂၁ ရက်နေ့တွင်တော့ မောင်ရဲထက်နိုင် တစ်ယောက် ထူး ဆန်းသော သေတန်းစာတစ်စောင်ကိုရေးသားထားခဲ့ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတော့သည်။ အဖြစ်အ ပျက်တို့မှာ သူ့မိသားစုကိုသာမကဘဲ ပတ်ဝန်းကျင်အတွက်ပါ မယုံနိုင်စရာဖြစ်နေခဲ့လေသည်။

(သုံး)

“ကျွန်မတို့ မိသားစုမှာ ယောက်ျားလေးဆိုလို့ သူ (မောင်ရဲထက်နိုင်) တစ်ယောက်ပဲရှိပါတယ််။ အစ်မ တွေကြားထဲမှာ မောင်ငယ်လေးတစ်ယောက်တည်းဆိုတော့ သူ့ကို ခံတွင်းထဲမှာငုံထားမတတ် ချစ်ခဲ့ကြတာပါ။ သူ့ကို မိန်းကလေးလိုပဲနေနေ၊ ယောက်ျားလေးလိုပဲနေနေ ဘယ်သူမှ ဘာတစ်ခုမှ အပြစ်မပြောကြပါဘူး။ သူဖြစ် ချင်တဲ့အတိုင်း နေခွင့်ပေးထားခဲ့ကြတာပါ။ ဒါပေမယ့် မိန်းကလေးဖြစ်ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာကိုတော့ ဘယ်လိုမှနားမလည်နိုင်အောင်ဖြစ်ရသလို ဖြေမဆည်နိင်အောင်လည်း ဝမ်းနည်းရပါတယ်”

မမျိုးပပထွန်းရင်ဖွင့်လာသော စကားများပင်ဖြစ်သည်။ မောင်ရဲထက်နိုင် နေအိမ်မှ ပျောက်ဆုံးနေစဉ် လိုက်ရှာခဲ့ကြသော အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလေးမှလည်း မောင်ရဲထက်နိုင်သည် ကလေး ငယ်များဖြင့်သာ ဆော့ကစားနေတတ်ပြီး လူကြီးစိတ်မဝင်သေးသူတစ်ဦးဖြစ်ကြောင်း မှတ်ချက်ပြုသည်။ ယခုကဲ့သို့ သူ့ကိုယ်သူအဆုံးစီရင်သွားခြင်းမှာလည်း ပတ်ဝန်းကျင်၏ ပယောဂကြောင့်ဟုမထင်ဘဲ ပြောပြနိုင်ရန်ခက်ခဲ သော သူ၏ အတွင်းစိတ်ကြောင့်သာဖြစ်လိမ့်မည်ဟု ပြောဆိုသည်။

“ သူ့ အိမ်က မိသားစုတွေထဲမှာရော ရပ်ကွက်ထဲမှာ ပါ သူ့ကို ချိုးနှိမ်ကြတာမျိုး၊ ခွဲခြားဆက်ဆံကြတာ မျိုး မကြားမိပါဘူး။ အဲဒီလိုဖြစ်ရအောင် သူက လူကြီးတစ် ယောက်လည်း မဟုတ်သေးဘူးလေ။ သူ့ကစားဖော် သူငယ်ချင်းတွေကိုရော သူ့မိသားစုတွေကိုပါ ကျွန်တော် မေးမြန်းစုံ ကြည့်စမ်းပါတယ်။ အဲလိုမျိုးတွေ မရှိပါဘူး။ စိတ်မူမမှန်တဲ့အခြေအနေမျိုးတွေလည်း ကျွန်တော် တို့ မတွေ့ခဲ့ရပါဘူး။ သူရေးသွားတဲ့ သေတမ်းစာထဲကအ တိုင်းပဲ မိန်းကလေးဖြစ်ချင်လို့ ဒါမှမဟုတ် ဖြစ်တည်နေ ရတဲ့ဘဝကို စိတ်ကျေနပ်မှုမရှိလို့ သူ့ ကိုယ်သူ အဆုံးစီ ရင်လုပ်ကြံသွားတာလို့ပဲ ယူဆရမှာပါ” ဟု မအီမြို့၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလေး က မှတ်ချက်ပြုသည်။

မောင်ရဲထက်နိုင် ၏ ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ မယုယု(အမည်လွှဲ)မှလည်း မောင်ရဲထက်နိုင် ထံတွင် မိန်းကလေးအဝတ်အစားများကို နှစ်သက်သဘောကျခြင်းနှင့် မိန်းကလေးကဲ့သို့ နွဲ့နွဲ့နှောင်းနှောင်းနေ ထိုင်ခြင်းမှလွဲ၍ မည်သည့် ထူးခြားချက်မျိုးကိုမျှ သတိမထားခဲ့မိကြောင်း ဆိုသည်။ သူငယ်ချင်းများကြားထဲတွင် လည်း သူ့အပေါ် ခွဲခြားဆက်ဆံခြင်းမျိုး မရရှိကြောင်း သူက ဆိုသည်။ သို့သော် မောင်ရဲထက်နိုင် သည် စိတ် ကူးယဉ်လွန်းသော (LGBT) တစ်ဦးပင်ဖြစ်ကြောင်း မယုယု က မှတ်ချက်ပြုသည်။

(လေး)

LGBTဆိုသည်မှာ လိင်စိတ်ခံစားမှု မတူကွဲပြားကြသူများကို စုပေါင်းခေါ်ဝေါ်ခြင်း အမည်နာမတစ်ခုပင် ဖြစ်သည်။ LGBTQI သို့မဟုတ် LGBTQ+ ဟုခေါ်သည်။ LGBTQ+ ထဲမှ အက္ခရာတစ်လုံးချင်းစီတွင် အနက်အ ဓိပ္ပါယ် ကိုယ်စီရှိကြ၏။ (L) ၏ အဓိပ္ပာယ်မှာ Lesbian (အမျိုးသမီးချင်းချင်းစိတ်ဝင်စားသူ)ဟုဆိုသည်။ ထို့အ ပြင် G=Gay(ယောက်ျားခြင်းနှစ် သက်သူ)၊ B=Bisexual(ကျား၊မ လိင်ခွဲခြားမှုမရှိဘဲ နှစ်ခုစလုံးကို နှစ်သက်သူ)၊ T=Transgender(ယောကျ်ားမှ မိန်းမစိတ်ရှိသူ၊ မိန်းမမှ ယောကျ်ားစိတ်ရှိသူ)၊ Q=Queer(ဖြစ်တည်မှုနှင့် လိင် စိတ်ခံစားမှုထပ်တူမကျသူများ)၊ I= Intersex (လိင်စိတ် နှစ်မျိုးစလုံး ဒွန်တွဲရှိနေသူ)စသဖြင့် ပညာရှင်များက အဓိပ္ပာယ်ဖွင့် ဆိုထားသည်။

ယနေ့ခေတ်တွင် ကမ္ဘာအရပ်ရပ်၌ လူသားအခွင့်အရေးကို ရှေ့တန်းတင်လာနေကြသော်လည်း LGBT အသိုင်းအဝိုင်းများမှာ ရိုးရာဓလေ့တမ်းစဉ်လာအရသော်လည်းကောင်း၊ ကျားဝါဒ၊ မဝါဒကြီးစိုးမှုအရသော်လည်း ကောင်း၊ တချို့သော ဘာသာရေးနှင့် ယဉ်ကျေးမှုအရသော်လည်းကောင်း ပတ်ဝန်းကျင်နှင့် ရာနှုံးပြည့် သဟဇာ တကျနိုင်ရန် ခက်ခဲနေဆဲဟု ဆိုနိုင်သည်။ LGBT များအနေဖြင့် သူကျင်လည်ရာလူမှုပတ်ဝန်းကျင်တွင် ခွဲခြား ဆက်ခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို အနည်းနှင့် အများဆိုသလိုခံရလေ့ရှိကြောင်း LGBT အရေးလှုပ်ရှား နေသူများက ဆိုကြသည်။

“ LGBT တွေကတော့ သူကျင်လည်ရတဲ့ ပတ်ဝန်းကျင်မှာ အနည်းနဲ့ အများဆိုသလို တိုက်ခိုက်ခံ၊ ဝေ ဖန်ခံ၊ ချိုးနှိမ်ခံရဖို့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ တကယ်တော့ ဒါကလည်း လူသားသဘာဝတစ်ခုပဲလို့ ဆိုရမှာ ပေါ့။ ကိုယ်နဲမတူတဲ့အပေါ်မှာ ဝေဖန်တိုက်ခိုက်ကြတာက လူသားသဘာဝပါပဲ။ သိထားရမှာက LGBT ရယ်၊ ကျား၊ မရယ်လို့မဟုတ်ပဲ မတူကွဲပြားတာတွေအချင်းချင်း တစ်ဖက်နဲ့ တစ်ဖက် အမြဲတမ်းတိုက်ခိုငက်နေကြတယ် ဆိုတဲ့အချက်ကိုပါ။ ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင် စသဖြင့်ပေါ့လေ။ အဲဒါကိုမှ သိပ်ခံစားပြီး တော့ အရှုံးပေးသွားတာမျိုးတော့ မဖြစ်စေချင်ပါဘူး ”

မြန်မာနိုင်ငံ LGBT မော်ဒယ်လာကထဲတွင် အောင်မြင်ကျော်ကြားနေသော အလှမယ် မစစ်ပိုးအိမ် (Tra nsgender Model) က ပြောပြလာသော စကားများပင် ဖြစ်သည်။ မစစ်ပိုးအိမ်( Transgender Model) က LG BT များအနေဖြင့် မိမိတို့၏ဖြစ်တည်မှုကိုလက်ခံပြီး မြတ်နိုးတန်ဖိုးထားတတ်ကြရန်နှင့် ဂုဏ်ယူတတ်ကြရန်လို အပ်ကြောင်း သူက ပြောပြသည်။

“ တကယ်တော့ LGBT တွေဆိုတာ သူများတွေနဲ့မတူအောင် ထူးခြားတဲ့စွမ်းအားတွေနဲ့ ဘုရားက လွှတ် လိုက်တဲ့သူတွေပါ။ ကျွန်မက အဲဒီလိုပဲ ခံယူထားပါတယ်။ ဒါကြောင့် သူများထက် ထူးခြားတဲ့အောင်မြင်မှုတွေကို ကျွန်မတို့ (LGBT) တွေ ရယူနိုင်ပါတယ်။ ဒါကို နားလည်ရပါမယ်။ ငါက LGBT တစ်ယောက်ပဲလို့ အားငယ်ပြီး တော့ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံသွားတာမျိုး၊ လောကကြီးထဲက အရှုံးပေးထွက်ခွာသွားတာမျိုးတွေကို လုံးဝမလုပ်ဆောင်သင့်ပါဘူး။ အဲဒီလို မဖြစ်သင့်ပါဘူး” ဟုလည်း ထို့အပြင် မအီမြို့၊ အမှတ်(၂) ရပ်ကွက်တွင်နေထိုင်သော LGBT မောင်ရဲထက်နိုင် မိမိကိုယ်ကိုယ်လုပ်ကြံသေဆုံးသွားခြင်းနှင့်ပတ်သက်၍ “ အဲဒီကလေး (မောင်ရဲလင်းထက်) က ငယ်ပါသေးတယ်။ သူ့ဘဝမှာ ဘာတစ်ခုကိုမှတောင် ကွဲကွဲပြားပြား သိရှိဦးမှာ မဟုတ်ပါဘူး။ သူ့ရဲ့ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီးတော့ သူ့ကိုယ်သူ လေ့လာသင်ယူချိန်မရခဲ့ဘူး။ သူ့ပတ်ဝန်း ကျင်မှာ လမ်းညွှန်သင်ပြပေးမယ့်သူလည်း မရှိခဲ့ဘူး။ ဆိုတော့ သူ့ရဲ့ စိတ်ဆန္ဒ ဖြစ်တည်မှုကိုသူ လက်ခံဖို့ ခဲယင်းမယ်။ သိမ်ငယ်မှုတွေဖြစ်မယ်။ ကိုယ့်ကိုယ်ကိုယ် လက်မခံနိုင်တဲ့စိတ်ကြောင့်ပဲ သူ့ကိုယ်သူ အဆုံးစီရင် သွားတယ်လို့ ဆိုရမှာပေါ့”

ဟု မစစ်ပိုးအိမ် က ပြောဆိုသည်။ LGBT များသည် လူအများစု တွေးထင်နေကြသကဲ့သို့ မိသားစုနှင့် ပတ်ဝန်းကျင်အနေအားကိုလိုက်ကာ ပြောင်လဲလာကြသူများမဟုတ်ပဲ မွေးကတည်းက မတူကွဲပြားသောလိင် စိတ်ခံစားမှုပါလာခဲ့ကြသူများဖြစ်ကြောင်း မစစ်ပိုးအိမ် က ထောက်ပြပြောဆိုသည်။

(ငါး)

မည်သို့ပင်ဖြစ်စေ မအီမြို့နယ်(ခွဲ)၊ အမှတ်(၂) ရပ်ကွက်၊ ခရေလမ်းထဲမှ ဦးတင်မြင့်နှင့် ဒေါ်အရီ၏အ ထွေးဆုံးသားငယ်ကလေး မောင်ရဲထက်နိုင် တစ်ယောက်ကတော့ သူ၏ LGBT ဖြစ်တည်မှုကို လက်မခံနိုင်စွာ လောကကြီးထဲမှအပြီးအပိုင်ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ မောင်ရဲထက်နိုင်၏အဖြစ်အပျက်က LGBTအသိုင်းအ ဝိုင်းအတွက် တပ်လှန့်ခေါင်းလောင်းသံတစ်ချက်ဟု ဆိုရမည်ပင်ဖြစ်၏။ နောင်အနာဂတ်တွင် မောင်ရဲထက်နိုင် ကဲ့ သို့အဖြစ်မျိုး ထပ်မံမဖြစ်စေရန်အတွက် မည်သို့လုပ်ဆောင်ကြမည်နည်းဆိုသည်မှာတွေးစရာဖြစ်လာခဲ့သည်။ မိသားစုထဲတွင်လည်းကောင်း၊ လူမှုပတ်ဝန်းကျင်တွင်လည်းကောင်း LGBT များအပေါ် ခွဲခြားဆက်ဆံ မှုမဖြစ်စရန်နှင့် သူတို့၏ဖြစ်တည်မှုတန်ဖိုးကို အသိအမှတ်ပြုတတ်လာစေရန် အသိပညာပေးလုပ်ငန်းများ လို အပ်နေခဲ့ပြီလားဆိုသည်မှာ စဉ်းစားရမည့်အချက်တစ်ခုပင်ဖြစ်သည်။

လက်ရှိ မြန်မာ့ လူ့အသိုင်းအဝိုင်းထဲတွင်တော့ LGBT တို့၏အခြေအနေမှာ မုန်တိုင်းများကြားထဲ၌ ရုန်းကန်ပျံသန်းနေကြရသော ပန်းလိပ်ပြာငယ်က လေးများနှင့် အလားသဏ္ဍာန်တူနေဆဲပင် ဖြစ်သည်။ ထို သို့အခြေအနေမျိုးထဲမှ ခံနိုင်ရည်အင်အားမဲ့စွာဖြင့် အရှုံးပေးကျောခိုင်းစွန့်ခွာသွားကြသူ LGBT များလည်း ရှိနေကြဆဲပင် ဖြစ်၏။ မောင်ရဲလင်းထက်၏ အစ်မဖြစ်သူ မမျိုးပပထွန်း တစ်ယောက်ကတော့ မောင်ရဲထက်နိုင် မိမိကိုယ်ကိုယ် လုပ်ကြံသေဆုံးသွားခြင်းအပေါ် မိသားစုဝင်တစ်ယောက်ဆုံးရှုံးလိုက်ရခြင်းဆိုသည်ထက် ပို၍ လေးနက်လှကြောင်း ရင်ဖွင့်လာသည်။ မောင်ရဲထက်နိုင်၏ ရုပ်အလောင်းကို နောက်ဆုံးကြည့်ရှုခဲ့ရစဉ်ကလည်း မမျိုးပပထွန်း၏ ရင်ထဲမှ အလိုလားအတောင့်တဆုံး ဆုတောင်းတစ်ခုကို ဆုတောင်းမိခဲ့လေသည်။

“နောက်ဘဝဆိုတာရှိခဲ့ရင် မောင်လေးဖြစ်ချင်တဲ့ LGBT ဘဝကို ရဲရဲဝံ့ဝံ့ ဖန်တီးနေထိုင်ဝံ့သူတစ်ဦးအဖြစ် နဲ့ မမတို့ဆီကို ပြန်လာခဲ့ပါ မောင်လေးရယ်”

ရက္ခ ရေးသားသည်

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular