Western News
Homeဆောင်းပါးအာဏာပိုင်တို့၏ ပျားရည် (သို့မဟုတ်) ရခိုင်ပြည်နယ်နေ့

အာဏာပိုင်တို့၏ ပျားရည် (သို့မဟုတ်) ရခိုင်ပြည်နယ်နေ့

Western News|ဒီဇင်ဘာ၊ ၁၅ ရက်

ယနေ့ ကျရောက်သည့် ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့သည် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယာယီအပစ်ရပ်ထားသည့် အချိန်နှင့် တိုက်ဆိုင်နေ၏။ ယင်းကြောင့် ရခိုင်ပြည်နယ်နေ့ကို စစ်ကောင်စီက အစည်ကားဆုံးဖြစ်အောင် ငွေကြေးအကုန်အကျခံကာ စီစဉ်ထားသည်။

ယင်းအပြင် ရခိုင်ပြည်နယ် စစ်ကောင်စီသည် ဒီဇင်ဘာ ၁၅ မတိုင်မီနေကပင် တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ မာန်အောင် ကျောက်ဖြူ စသည့် မြို့နယ်ရှိ မြို့တွင်း၊ ရွာတွင်း ကွန်ကရက် လမ်းပိုင်းများဖွင့်လှစ်ခြင်းတို့ကို ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အကြိုဟု သတ်မှတ်ကာ ၎င်းတို့ ထိန်းချုပ်ရာ လူမှုကွန်ရက်၊ သတင်းစာတို့တွင် ဝေဆာစွာ ဖော်ပြထား၏။

ထို့အတူ ပြည်နယ်နေ့တွင်လည်း ပြည်ထောင်စုအဆင့် စစ်ကောင်စီ နည်းတူ ပြည်နယ်ဂုဏ်ဆောင်ကြသူများ အား ဆုတံဆိပ်၊ ဆုလက်မှတ် ချီးမြှင့်ခြင်း၊ စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ် အပါအဝင် ရှိုးပွဲများ ကိုလည်း စီစဉ်ထားကြောင်း ပြည်နယ် စစ်ကောင်စီက နေ့စဉ် အမွှန်းတင် ဝင့်ကြွား ထားသည်။

ပြည်နယ်နေ့ကို ယင်းထက် စည်ကားစေရန် ဒီဇင်ဘာ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် စစ်တွေ ဝေသာလီ အားကစားကွင်း၊ ဝင်္ကဘာကွင်းတို့တွင် ရခိုင်တို့၏ သည်းခြေကြိုက် အဆိုတော်များဖြစ်သော ဦးမောင်သိန်း၊ မြတ်ခိုင်ကျော်၊ ညှာစိမ်းခိုင်၊ ရီလှိုင်းပြာ၊ စစ်ငြိမ်းနိုင်၊ စောနှင်းနွယ် စသည့် အဆိုတော်များစွာတို့နှင့် စတိတ်ရှိုးပွဲ၊ တီးဝိုင်းနှင့် သီဆိုဖြေဖျော်ကြဖို့ စီစဉ်လိုက်သေးသည်။

ရခိုင်တို့တွင် အထင်ကရ သမိုင်းကြောင်းဆိုင်ရာ အထိမ်းအမှတ်နေ့များစွာ ရှိသည့်အနက်မှ ရခိုင်ပြည်နယ် နေ့ကိုရွေးပြီး အာဏာပိုင်များက ငွေကြေးအကုန်အကျခံကာ ပြည်နယ်အနှံ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပေး လေ့ရှိသည်မှာ ယခုအခါတော့ အသစ်အဆန်းမဟုတ်ပေ။

🔳ခေတ်အဆက်ဆက် အာဏာပိုင်တို့က ဦးဆောင်သည့် ပွဲ

၂၀၁၄ ခုနှစ်က သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ်နေ့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ဦးဆောင်ကာ ပြည်သူများ ပျော်ရွှင်စေရေးအတွက် ထူးခြားဆန်းကျယ်မှု ဖန်တီးပြီး စစ်တွေမြို့ခံများကို အံ့ဩစွာပြသခဲ့သည်။

ထို့အတူ NLD အစိုးရ ဝန်ကြီးချုပ် ဦးညီပုလက်ထက်တွင်လည်း ပြည်နယ်နေ့တွင် ရိုးရာကျင်ပွဲများ၊ ရွှေမောင်းငွေမောင်း စသည်ဖြင့် ထိုက်တန်စွာ ဂုဏ်ပြုဆုချီးမြှင့်ကာ နေရာအနှံ့ ဌာနဆိုင်ရာ၊ မြို့မိမြို့ဖများ ပူးပေါင်းပါဝင်ပြီး ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်ကို တွေ့ရသည်။

ယင်းအပြင် နှစ်စဉ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော် သမ္မတ သို့မဟုတ် နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင် တို့က ပေးပို့ကြသည့် သဝဏ်လွှာတွင် ရခိုင်ပြည်သည် အဘယ်မျှသာယာ လှပကြောင်း၊ ရှေးဟောင်းယဉ် ကျေးမှု အမွေအနှစ်များ ပေါများလှကြောင်းတို့ကို အမွှန်းတင်ကြ၏။

ထိုသို့ ရခိုင်လူမျိုးတို့တွင် အထင်ကရ နေ့များစွာရှိသည့်အနက်မှ ရခိုင်ပြည်နယ်နေ့ တစ်ခုတည်းကိုသာ အာဏာပိုင် ဌာနဆိုင်ရာတို့က ပျော်ပွဲရွှင်ပွဲများ အထူးစည်ကားအောင် စိတ်ကြိုက်လုပ်ခြင်းဖြစ်သည်။

🔳ရခိုင်ပြည်နယ်နေ့ ဖြစ်လာပုံ

ရှေးယခင်က ကိုယ်ပိုင် အချုပ်အခြာအာဏာနှင့် နေထိုင်လာခဲ့သော ရခိုင်နိုင်ငံတော်သည် အချင်းချင်း စည်းလုံး ညီညွတ်မှု ပြိုကွဲမှုကြောင့် ၁၇၈၅ ခုနှစ်တွင် ဗမာဘုရင် ဘိုးတော်ဘုရား၏ တိုက်ခိုက်သိမ်းပိုက်မှုကို ခံခဲ့ရသည်။

ထိုအချိန်မှ စ၍ ရခိုင်မှာ ဗမာလူမျိုးကြီးဝါဒလွှမ်းမိုးသော ဗမာအင်ပါယာ လက်အောက်သို့ ကျရောက်ခဲ့ရပြီး ၁၈၂၆ ခုနှစ် အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲအပြီးတွင် ဗမာဘုရင်တို့က အင်္ဂလိပ် ကိုလိုနီအဖြစ် ရခိုင်နှင့် တနင်္သာရီကို ပထမဆုံး ပေးခဲ့ကြသည်။

ယင်းနောက် ၁၈၈၆ ခုနှစ်၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက် အောက်သို့ ကျရောက်ခဲ့ကာ ရခိုင်ဒေသသည်လည်း မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့သည်မှာ ယနေ့တိုင် ဖြစ်၏။

သို့သော်လည်း ၁၉၄၈ ခု မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်အခါတွင် ရခိုင်သည် ပြည်နယ်အဆင့်မှ လျော့ကျသွား ခဲ့ကာ ရခိုင်တိုင်းဟုသာ ခေါ်တွင်စေခဲ့သည်။ တခြားတိုင်းရင်းသားများဖြစ်ကြသော ကချင်၊ ကရင်စသည် တို့မှာ ပြည်နယ်အဆင့် ရှိနေခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန် ၁၉၄၈ ခုနှစ်မှ ၁၉၇၄ အထိ ၂၆ နှစ်တာကာသည် ရခိုင်မှာ တိုင်းအဖြစ်နှင့်သာ ရှိနေခဲ့သည်။ ထို့ကြောင့် နိုင်ငံရေး ထွက်ပေါက်အဖြစ် တိုင်းအဆင့်မှ ပြည်နယ်အဆင့်သို့ ပြည်သူတို့နှင့် ရခိုင့် နိုင်ငံရေး ခေါင်းဆောင်တို့က ခက်ခက်ခဲခဲတောင်းဆိုခဲ့ကြရသည်။

ထို့နောက် ၁၉၇၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်း စဉ် ပါတီ(မဆလ) အစိုးရ လက်ထက်ကရေးဆွဲ အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၃) ပုဒ်မ (၃၁) ပုဒ်မခွဲ (ဋ) အရ ရခိုင်တိုင်းအား ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ၁၉၇၅ ခုနှစ်မှ စတင်၍ ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့ အဖြစ် သတ်မှတ်လာခဲ့ကြသည်။

🔳စစ်မှန်သော ပြည်နယ် အနှစ်သာရ

သို့သော်လည်း ပြည်နယ်နေ့သည် ရခိုင်တို့လိုလားသော ပြည်နယ်အဆင့်တစ်ခု ရောက်မရောက်၊ ဟုတ်မဟုတ် စဉ်းစားစရာ ရှိလာသည်။ ဆိုလိုသည်မှာ ပြည်နယ်အစိုးရ၌ လုပ်ပိုင်ခွင့်အာဏာအခွင့်အလမ်း၊ ရခိုင်လူမျိုးများနှင့် ကိုက်ညီသည့် ဥပဒေပြုပိုင်ခွင့်၊ ဒေသထွက် သယံဇာတများကို အချိုးကျ ခွဲဝေသုံးစွဲပိုင်ခွင့်တစုံတရာ မရှိသေးပေ။

အာဏာပိုင်တို့ စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ခြေဉ ဖွဲ့စည်းပုံအောက်တွင် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း အစရှိသည့် အခြေခံကျသော ကဏ္ဍတိုင်းတွင် ဗဟိုအစိုးရ ချုပ်ကိုင် ညွှန်ကြားချက်အတိုင်းသာ သွားနေရ၏။

ယင်းကြောင့် ရခိုင်လူမျိုးတို့မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ ရောက်တိုင်း ပျော်ပွဲရွှင်ပွဲနွှဲပျော်ရသည့် အဆင့်ထက် ကျော်မတက်နိုင်သေး။ အဓိက ပြည်နယ် အနှစ်သာရဖြစ်သော တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် စသည့် နိုင်ငံရေးမျှော်လင့်ချက် တစိုးတစိမျှ မရရှိခဲ့ကြချေ။

ဆိုလိုသည်မှာ ပြည်ထောင်စုက ဗဟိုထိန်းချုပ်မှုအောက်တွင် ရေနံ၊ သဘာဝဓာတ်ငွေ့အပြင် စီမံကိန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ရခိုင့်သဘာဝ အရင်းအမြစ်များမှ ထွက်ရှိသည့် အကျိုးအမြတ်တို့ကို ဒေသခံတို့ အကျိုးခံစားခွင့် မရှိကြခြင်းဖြစ်ပေ၏။

လတ်တလောတွင်လည်း စစ်ကောင်စီသည် တနိုင်ငံလုံး နိုင်ငံ့စီပွား အကျပ်အတည်း ထိုးကျနေချိန် ရခိုင်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဖြစ်သော ကုလားတန် ဆိပ်ကမ်း စစ်တွေ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူအထူးစီးရေးဇုန်၊ တောင်ကုတ်နေပူတောင် ကျောက်ထုတ်လုပ်မှု စီမံကိန်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်နေဆဲဖြစ်သည်။

ယင်းကြောင့် ရခိုင်ပြည်နယ်သည် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သဘာဝသယံဇာတအများအပြား ပိုင်ဆိုင်သော်လည်း မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် ၁၄ ခုထဲတွင် ချင်းပြည်နယ်က လွဲပြီး ဒုတိ ယအဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးတိုး တက်မှု အနိမ့်ဆုံးအဆင့်တွင် ရှိနေသည်။

ရခိုင် ဒေသနေ လူထုမှာလည်း ပြည်နယ်အတွင်း အလုပ်အကိုင်ရှားပါးမှုများ၊ စစ်ရေးပဋိပက္ခတို့ကြောင့် ထိုင်း၊ မလေးရှား၊ တရုတ်နိုင်ငံတို့တွင် တရားမဝင် သွားရောက်အလုပ်လုပ် ကိုင်ရန် နေရပ် နေရပ်စွန့်ခွာမှုတို့ နေ့တိုင်းရှိသည်။

ထိုသို့ ဒုတိယ ဂုဏ်ပုဒ် ပိုင်ဆိုင်နိုင်ရခြင်းမှာ ခေတ်အဆက်ဆက် အစိုးရတို့၏ မူဝါဒများနှင့် စီမံခန့်ခွဲမှု အမှားများ အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာ ခေါင်းပါးမှုကို ပြသနေသည်။

ရခိုင်ပြည်သူတို့ လိုလားသည်မှာ အစစ်အမှန်ဖြစ်သော ကိုယ့်ပြည်နယ်ကို ကိုယ်စီမံပိုင်ခွင့်၊ လူမှုရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲရေး၊ ဒေသထွက် သယံဇာတများကိုလည်း မိမိတို့ အသုံးပြု၊ စီမံပိုင်ခွင့်စသည့် စစ်မှန်သော ပြည်နယ် အနှစ် သာရတို့ ဖြစ်သည်။

ယင်းကြောင့် လက်ရှိ ရခိုင်ပြည်နယ်သည် ရခိုင်တို့လိုလားသော ပြည်နယ်အဆင့်တစ်ခု မဟုတ်သည့်အတွက် ရခိုင်ပြည်နယ်နေ့ အစစ်ဟု မခံစားရဘဲ အတုယောင်အဆင့်ဟုသာ ခံစားရသူတို့လည်း ရှိနေ၏။

🔳စစ်ကောင်စီက အချော့သိပ်ခြင်းလား

မည်သို့ပင်ဆိုစေကာမူ ပြီခဲ့သည့် ၂၀၂၀ ခုနှစ် (၄၆) နှစ်မြောက်နှင့် ၂၀၂၀ ခုနှစ် (၄၇) နှစ် ရခိုင်ပြည်နယ်နေ့ကို ကိုဗစ်ရောဂါကြောင့် အကျဉ်းချုပ်သာ ပြုလုပ်နိုင်ခဲ့ရာကနေ ယခုနှစ်တွင် စစ်ကောင်စီက စိတ်ကြိုက် ပြင်ဆင် ပြီး ပွဲသဘင်များ ပြုလုပ်ခွင့် ရခြင်းမှာ ၎င်းတို့အတွက် ဂုဏ်ယူဝင့်ကြွားစရာ တစ်ခုဖြစ်သည်။

သို့သော်လည်း ထိုမတိုင်ခင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲတွင် စစ်ကောင်စီက ရခိုင်ပြည် မြောက်ပိုင်းမြို့နယ်များအတွင်းက ရေလမ်းကြောင်း၊ ကုန်လမ်းကြောင်းများကို စိတ်ကြိုက် ပိတ်ဆို့ ဖြတ်တောက်ထားခဲ့ခြင်းကြောင့် ယင်း၏ အကျိုးဆက်အဖြစ် အခြေခံ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှု ဒဏ်နှင့် ဆေးဝါးပြတ်လပ်မှုဒဏ်တို့ကို ကျေးလက်နေ ပြည်သူတို့မှာ အလူးအလဲ ခံနေရဆဲဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ရခိုင်တကျော့ပြန် စစ်ပွဲအတွင်း စစ်ကောင်စီက အရပ်သားများနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင်း ရခိုင်ပြည်သူ ၅၀ ကျော်သေဆုံးကာ ၁၀၀ ကျော်အထိ ဒဏ်ရာရှိခဲ့သလို ဒေသခံဌာနဆိုင်ရာများ အပါအဝင် လူပေါင်းရာကျော်ကို စစ်ကောင်စီက ဖမ်းဆီးထား ဆဲဖြစ်သည်။

ယင်းကြောင့် အဆိုပါ စစ်ရေးကာလက ခံစားခဲ့ရသည့် ပြည်သူတို့၏ စိတ်ဒဏ်ရာများကို မေ့လျော့စေဖို့ စစ်ကောင်စီက ပွဲလမ်းသဘင်များဖြင့် ချော့သိပ်ခြင်းလားဟုလည်း သံသယထားစရာပင်။

အချုပ်အားဖြင့် ယနေ့ ကျရောက်သည့် ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့သည် ရခိုင်ပြည်သူတို့ လိုလားသည့် ကိုယ့်ပြည်နယ်ကို ကိုယ်စီမံပိုင်ခွင့်၊ တိုင်းရင်းသား တန်းတူအခွင့်အရေး၊ ဒေသထွက် သယံဇာတများ ကိုယ်တိုင် စီမံပိုင်ခွင့် သုံးစွဲခွင့် မရရှိသည့်အတွက် အနှစ်သာရ မပြည့်သော ပြည်နယ်နေ့ဟု ဆိုနိုင်သည်။

တနည်းအားဖြင့် အားမနာတမ်း ဖွင့်ပြောရလျင် ရခိုင်ပြည်နယ်နေ့ ပျော်ပွဲရွှင်ပွဲများမှာ ရခိုင်ပြည်သူများကို အာဏာပိုင်တို့က မဝရေစာပေးသည့် ပျားရည် ဖြစ်ကြောင်း ဆိုချင်ပေသည်။

Western News-WN
ကျော်ဝင်းချေ (Western News) သတင်းဌာန။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular