Western News
Homeဆောင်းပါးမြောက်ဦးကို ရာဇဝင်ထဲက နိုးထခွင့်

မြောက်ဦးကို ရာဇဝင်ထဲက နိုးထခွင့်

Western News-သြဂုတ် ၁၇ ရက်

၂၀၂၁-ခုနှစ်၊ မေလ-၆ ရက်နေ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် မြောက်ဦးကို ကမ္ဘာ့အ မွေအနှစ် စာရင်းတင်သွင်းနိုင်ရေးနှင့်ပတ်သတ်၍ ညှိနှိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြသည်။ ထိုအစည်းအ ဝေးသို့ ဒေါက်တာဒေါ်တင်မာအောင် တက်ရောက်ခဲ့ပြီး မြောက်ဦးကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ကျန်ရှိနေသေးသောကိစ္စရပ်များအား ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန် တင်ပြဆွေးနွေးခဲ့ကြောင်း ရခိုင်သတင်း ဌာနများမှ ဖော်ပြသည်။ မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်ဝင်နိုင်ရေးနှင့်ပတ်သတ်၍ ရခိုင်လူထုတို့ မျှော်လင့်နေ ကြသည်မှာ ဆယ်စုနှစ်တစ်ဝက်ကျော်မျှပင် ကြာမြင့်လာခဲ့ပြီးဖြစ်သည်။ သို့သော် ရခိုင်လူထုတို့၏ရင်ထဲမှ မျှော် လင့်ချက်များ ပြည့်ဝမလာနိုင်သေးဘဲ မြောက်ဦးသည်လည်း ရာဇဝင်ထဲ၌သာ ဆက်လက် လည်နေခဲ့ရသည်။ မြောက်ဦးကို ရာဇဝင်ထဲမှ နိုးထခွင့်မှာ လက်ရှိတိုင်အောင် ဝေဝါးနေဆဲပင် ဖြစ်လေသည်။

(တစ်)

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ- ၂၅ ရက်နေ့က မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက် အဆိုပြုလွှာမူကြမ်းတစ်စောင်ကို ပြင်သစ်နိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်ရုံး (UNESCO – World Heritage Centre) သို့ အောင်မြင်စွာ တင်သွင်းနိုင်ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလထဲတွင် အပြီးသတ်အဆိုပြုလွှာကို ထပ်မံတင်သွင်း ရန်ကျန်ရှ်ိနေသေး၏။ သို့သော် ၂၀၁၉-၂၀၂၀ ခုနှစ် အချိန်ကာလများတွင် မြန်မာ့တပ်မတော်နှင့် AA တို့ ရခိုင် ပြည်နယ်ထဲ၌ တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားနေခဲ့ကြသဖြင့် မြောက်ဦးကို ကွင်းဆင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲတချို့ရှိခဲ့သည်။

NLD အစိုးရလက်ထက်တွင် မြောက်ဦးကိုကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရန်ကြိုးပမ်းမှုတို့၌ အားနည်းချက်များစွာ ရှိခဲ့ဟန်တူသည်။ အထူးသဖြင့် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် အပြီးသတ်အ ဆိုပြုလွှာတင်နိုင်ရေးနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု အလွန်အားနည်းခဲ့သည်။ ၂၀၂၀ ခုနှစ်အမှီ အပြီးသတ် အဆိုပြုလွှာကိုတင်သွင်းရမည်ဖြစ်သော်လည်း NLD အစိုးရအနေဖြင့် ထိုအဆိုပြုလွှာကို တင်သွင်းခြင်းမရှိခဲ့ချေ။ တင်သွင်းဖြစ်ခြင်း၊ မတင်သွင်းဖြစ်ခြင်းနှင့်ပတ်သက်၍လည်း ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခဲ့သည်။ မြေပြင် တွင် ကွင်းဆင်းအလုပ်လုပ်ကိုင်နေကြသော ပညာရှင်များကိုပင် အသိပေးခြင်း မရှိခဲ့ကြောင်း ဆိုသည်။ ၂၀၂၁ ခုနှစ်သို့ ရောက်ရှိချိန်တွင်မှသာ မြောက်ဦးအတွက် အပြီးသတ်အဆိုပြုလွှာကို တင်သွင်းနိုင်ခြင်းမရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာသဖြင့် ပညာရှင်များအကြား ဝေဖန်သံ ဆူညံသွားခဲ့ရသည်။

မြောက်ဦးတွင် ကွင်းဆင်းသုတေသနလုပ်ငန်းများပြုလုပ်နေသော သမိုင်းအထောက်အထားရှာဖွေရေး အဖွဲ့၏ ဥက္ကဌဖြစ်သူ ဒေါ်ခင်သန်းမှ သူ့အနေဖြင့် ၂၀၂၀ ခုနှစ်အမှီ အပြီးသတ်အဆိုပြုလွှာကိုတင်သွင်းနိုင်ရန် ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် တာဝန်ရှိသူများဖက်မှ အဆိုပြုလွှာကိုတင်သွင်းလိုက်ပြီဟုလည်း ထင်မှတ်နေခဲ့ ကြောင်း ဆိုသည်။

သို့သော် ၂၀၂၁ ခုနှစ် သို့ရောက်မှသာ အပြီးသတ်အဆိုပြုလွှာကို မတင်သွင်းနိုင်ခဲ့ဘဲ တစ်နှစ် နောက်ဆုတ်လိုက်ရသည်ကိုသိခဲ့ရကြောင်း ရင်ဖွင့်ပြောဆိုသည်။ ထိုသို့မတင်သွင်းနိုင်ခဲ့သည်မှာ မြေပြင် တွင် အလုပ်လုပ်နေကြသူများဖက်မှ လိုအပ်ချက်မရှိခဲ့ဘဲ Management Plan ကို ကိုင်တွယ်သူများ၏ အားနည်း ချက်ကြောင့်သာဖြစ်ကြောင်း ဒေါ်ခင်သန်း မှ ထောက်ပြပြောဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေ မြောက်ဦးကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအိပ်မက်မှာ ၂၀၂၁ မှသည် ၂၀၂၂ ခုနှစ်ဆီသို့တိုင် တစ်နှစ်တာ နောက်ဆုတ်သွား ခဲ့ရပြီဖြစ်၏။ လက်ရှိအချိန်တွင် စစ်ကောင်စီမှ မြောက်ဦးကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နိုင်ရေးအတွက် လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုလာသဖြင့် မြောက်ဦးနှင့်ပတ်သတ်၍ ရခိုင်လူထုတို့၏ မျှော်လင့်ချက်များ အသစ်တဖန် လှိုင်းထန်လာခဲ့ရပြန်လေသည်။

(နှစ်)

မြောက်ဦးသည် ရခိုင်လူမျိုးတို့၏ သမိုင်းတန်ဖိုးကြီးမားလွန်းသော ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ် ခုဖြစ်သည်။ ရခိုင့်သမိုင်းကို ခုနှစ်သက္ကရာဇ်သတ်မှတ်ချက်အရ ဓညဝတီခေတ်ကို (BC-3325 မှ AD-280 အထိ )၊ ဝေသာလီကျောက်လှေကားခေတ်ကို (AD-280 မှ AD-818 အထိ )၊ လေးမြို့ခေတ်ကို(AD-818 မှ AD-1430 အထိ)နှင့် မြောက်ဦးခေတ်ကို (AD-1430 မှ AD- 1785 အထိ) ဟူ၍ ပညာရှင်များမှ ခေတ်ကြီးလေးခေတ် ပိုင်း ခြားသတ်မှတ်ခဲ့ကြသည်။ မြောက်ဦးခေတ်သည် ရခိုင်သမိုင်း၏ နောက်ဆုံးခေတ်တစ်ခေတ်ဖြစ်၍ စစ်ရေး၊ နိုင်ငံ ရေး၊ စီးပွားရေးနှင့် ရခိုင်စာပေအနုပညာကဏ္ဍတို့၌ အထွဋ်အထိပ်သို့ရောက်ရှိခဲ့ချိန်လည်း ဖြစ်သည်။

မြောက်ဦးမြို့တော်ကို အေဒီ-၁၄၃ဝတွင် ဘုရင်ကြီး မင်းစောမွန်မှ တည်ထောင်ခဲ့သည်။ မြောက်ဦးမြို့ တော်ကို တည်ထောင်စအချိန်တွင် နန်းတွင်းပညာရှိအမတ်ကြီးများက “မြို့သက်ကို ရှည်စေလိုပါက ဘုရင်အ သက်တိုမည်၊ ဘုရင်အသက်ရှည်စေလိုပါက မြို့သက်တိုလိမ့်မည်”ဟု ဟောကိန်းထုတ်ခဲ့ကြောင်း ရခိုင်ရာဇင်မှ ဆိုသည်။ ဘုရင်ကြီးမင်းစောမွန်သည် “မြို့အသက်ကို ရှည်စေ၊ ငါ့အသက်ကို တိုစေ” ဟု မိန့်တော်မူကာ မြောက် ဦးမြို့ကိုတည်ထောင်ခဲ့သည်။ တစ်နည်းဆိုရလျှင် ဘုရင်ကြီးမင်းစောမွန်သည် သူ၏ အသက်နှင့် ရင်းကာ မြောက် ဦးကို တည်ထောင်ခဲ့သည်ဟု ဆိုနိုင်၏။ ပညာရှိမှူးမတ်များ ဟောကိန်းထုတ်ခဲ့သည့်အတိုင်းပင် ဘုရင်ကြီးမင်း စောမွန်သည် မြောက်ဦးမြို့ကို တည်ထောင်စိုးစံပြီးနောက် သုံးနှစ်အကြာ (AD-1433 ခုနှစ်) တွင် ကံတော်ကုန်ခဲ့ သည်။ သို့သော် မင်းစောမွန်၏ အသက်နှင့်ရင်းကာ တည်ထောင်ခဲ့သော မြောက်ဦးမြို့မှာမူ ရခိုင်ဘုရင်မင်းဆက် ပေါင်း (၄၈) ဆက်နှင့် နန်းစံနှစ်ပေါင်း (၃၅၄)နှစ်တိုင်အောင် တည်တံ့ခိုင်မြဲခဲ့သည်။

(သုံး)

မြောက်ဦးခေတ် သည်ရခိုင့်သမိုင်းထဲတွင် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသော မင်းကောင်းမင်းမြတ် အများအပြား ထွန်းကားခဲ့သောခေတ်တစ် ဖြစ်သည်။ မြောက်ဦးခေတ်ရခိုင်ဘုရင်များ၏ ဘုရင့်တပ်မတော်ထဲတွင် နိုင်ငံအရပ်ရပ်မှ လူမျိုးပေါင်းစုံ စစ်မှုထမ်းလျှက်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းများမှ ဖော်ပြသည်။ ထို့အပြင် စီးပွားရေးတွင်လည်း နိုင်ငံရပ်ခြားနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားမှု ရှိခဲ့ကြောင်း ဆိုသည်။ မြောက်ဦးခေတ်နှောင်းပိုင်းအချိန်တွင် ရခိုင်သို့ရောက်ရှိလာခဲ့သော ခရစ်ယာန်ဘုန်းတော်ကြီး မန်နရိတ် က သူမြင်တွေ့ ခဲ့ရသော မြောက်ဦး၏ ခမ်းနားကြီးကျယ်ပုံကို မှတ်တမ်းတင်ထားခဲ့သည်။ မြောက်ဦးကို အာရှတိုက်၏ ဗင်းနစ်မြို့ ဟုတင်စားခဲ့သည်။ သို့သော် မြောက်ဦးခေတ်နှောင်းပိုင်းအချိန်တွင် အရည်အချင်းညံ့ဖျင်းသော မင်းတချို့ နန်း တက်လာခဲ့ပြီး နန်းတွင်းပုန်ကန်မှုများဖြစ်ပေါ်လာခဲ့သည်။ တိုင်းပြည်အုပ်ချုပ်ရေးအပိုင်းတွင် လစ်ဟင်း အားပျော့ မှုများရှိလာခဲ့ပြီး ရခိုင်ဘုရင်အဆက်ဆက်တို့၏ အုပ်ချုပ်ခံနယ်မြေများဖြစ်သော အနောက်ဘင်္ဂါ-၁၂ နယ် (ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ) ကို မဂိုတို့ သိမ်းပိုက်သွားနိုင်ခဲ့သည်။

မြောက်ဦးခေတ်နှောင်း AD-1782 ခုနှစ်တွင် ရခိုင်ပြည်၌ ရောဂါကပ်ဘေးဒဏ်ကို နှစ်လတိတိ ခံစားခဲ့ရ ပြီး လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရကြောင်း သမိုင်းမှတ်တမ်းများမှ ဆိုသည်။ ထိုသို့ရောဂါကပ်ဘေးကို ရင် ဆိုင်ခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်နေရချိန် AD-1784 ခုနှစ်တွင် ရခိုင်မြောက်ပိုင်းလွင် ပြင်ဒေသတစ်ခုလုံးသို့ ရေလွှမ်းမိုးမှုဒဏ်ကိုခံစားခဲ့ရပြီး စားနက်ရိက္ခာရှားပါးခြင်းကို ထပ်မံကြုံတွေ့လာခဲ့ရပြန် သည်။ ထိုသို့ ရခိုင်ပြည်တွင်းရေး၌ အဖက်ကဖက်မှ အကြပ်အတည်းကိုရင်ဆိုင်နေရချိန်တွင် အမရပူရဘုရင် ဘိုးတော်ပဒုံမင်းသည် ရခိုင်နန်းတွင်းပန်ကန်သူ ငသံဒေ ၏ အကြံပေးမှုဖြင့် ရခိုင်ကိုသိမ်းပိုက်နိုင်ရန် စစ်ကြောင်း သုံးကြောင်း ချီလာခဲ့သည်။ ရခိုင်တို့ တောင့်တင်းခုခံခဲ့သော်လည်း အခြေမလှ ဖြစ်ခဲ့ရသည်။

AD-1785 ခုနှစ်၊ ဇန်နဝါရီလထဲတွင် ရခိုင်ဘုရင် မဟာသမ္မတရာဇာနှင့် မိဘုရားစောသန္တာတို့ကို ဖမ်းဆီးခံခဲ့ရပြီး ရွှေရောင်တောက် ပခဲ့သော မြောက်ဦးခေတ် နိဌိတံသွားခဲ့ရတော့သည်။ သို့သော် မြောက်ဦးခေတ်၏ ခန်းနားကြီးကျယ်ခဲ့ပုံ သမိုင်းကြွင်းများကို မြေပြင်သက်သေအဖြစ် ယနေ့တိုင် အထင်အရှား တွေ့မြင်နိုင်ပါသေးသည်။ ထိုသမိုင်းကြွင်း အမွေအနှစ်များကို ရန်သူမျိုးငါးပါးရန်မှ မပျက်စီးစေရန်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ရေးတို့မှာ ရခိုင်လူမျိုးတို့၏ နှလုံးသားထဲမှ မျှော်လင့်ချက်တစ်ခုပင် ဖြစ်သည်။

(လေး)

မြောက်ဦးကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရန် ၂၀၁၄ ခုနှစ်မှစတင်ကာ ကြိုးပမ်း လာခဲ့ကြကြောင်း ဆိုသည်။ ၂၀၁၄ ခုနှစ်တွင် မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့မှဦးဆောင်၍ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲကြောင်းဆိုသည်။

လက်ရှိအချိန်တွင် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန်ကြိုးပမ်းနေကြသော အဖွဲ့ပေါင်း ၁၆ ဖွဲအထိ ရှိနေပြီး ၂၀၁၉ ခုနှစ်အထိ အမွေအနှစ်စာရင်းသွင်း နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သမိုင်းအထောက်အထားရှာ ဖွေရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းမှ ဆိုခဲ့သည်။ သို့သော် ကိုဗစ်အရေး၊ စစ်ရေးနှင့် နိုင်ငံရေးတို့အကြားတွင် မြောက်ဦး၏ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေးမျှော်လင့်ချက်မှာ ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရသည်။

သမိုင်းအထောက်အထားရှာဖွေရေးအဖွဲ့မှ ပညာရှင် ဒေါ်ခင်သန်း၏ ပြောပြချက်အရ မြောက်ဦးတွင် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ရန်အတွက် Universal Volume ရှိနေပြီးဖြစ်ကြောင်းနှင့် ကမ္ဘာ့အမွေအနှစ်စာ ရင်းဝင်ရောက်နိုင်ရန်ဖြစ်နိုင်ခြေရှိကြောင်း ဆိုသည်။ မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဒု-ဥက္ကဌ ဦးသန်းမြင့် ၏ပြောပြချက်အရ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက် UNESCO မှ သတ်မှတ်ထားသော အချက်-၆ ချက်ရှိပြီး ထိုအချက်များထဲမှတစ်ချက်နှင့်ပြည့်စုံပါက အမွေအနှစ်စာရင်း ဝင် နိုင်မည်ဖြစ်ကြောင်း ဆိုသည်။ လက်ရှိ မြောက်ဦးသည် တချိန်က ယဉ်ကျေးမှုအမွေအနှစ်များ အမှန်ထွန်းကား ခဲ့သည်ဆိုသောအချက်နှင့် လုံးဝကိုက်ညီမှု ရှိကြောင်း သူက ပြောပြသည်။

ထို့အပြင် မြေထုနှင့် ရေထုကိုအခြေ ခံကာ ခံတပ်သဖွယ်ပြုလုပ်တည်ဆောက်ထားသည်ဆိုသောအချက်မှာလည်း UNESCO ၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိကြောင်း ဆိုသည်။ UNESCO ဝင်နိုင်ရန်အတွက် သတ်အမှတ်ချက်- ၆ ချက်အနက် မြောက်ဦးသည် အချက်(၃)၊ အချက်(၄)တို့နှင့် ကိုက်ညီနေကြောင်း ထောက်ပြပြောဆိုဖူးသည်။

ထို့အပြင် မြောက်ဦး၌ တိုက်ပွဲ များဖြစ်ပွားနေသဖြင့် ယူနက်စကိုဝင်နိုင်ရန်မဖြစ်နိုင်ဆိုသော ပြောဆိုချက်များကိုလည်း အပြည့်အဝ မှန်ကန်မှု မရှိကြောင်း ဦးသန်းမြင့်က ဆိုသည်။ နာမည်ကျော် အန်ကောဝတ် သည်ပင် တိုက်ပွဲများဖြစ်ပွားနေစဉ်ကာလ၌ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ခဲ့ကြောင်း သူက ထောက်ပြပြောဆိုသည်။

ပညာရှင်များ၏ ပြောဆိုချက်များနှင့် လုပ်ကိုင်ဆောင်ရွက်ချက်များသည် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရန် သေချာသလောက် ရှိနေခဲ့သော်လည်း Management Plan ကိုကိုင်တွယ်ဆောင်ရွက်ခဲ့ကြသူ များ၏အားနည်းချက်ကြောင့် မြောက် ဦးကိုရာဇဝင်ထဲမှနိုးထခွင့်အိပ်မက်မှာ ဆက်လက် ဝေးကွာသွားခဲ့ရသည် ဟု ဆိုရမည်ပင် ဖြစ်လေသည်။

(ငါး)

မြောက်ဦး သည် သမိုင်းကြွင်းများကို တနင့်တပိုး ထမ်းရွက်ကာ ယိုင်နဲ့နဲ့ ရပ်တည်နေသော အမွေအ နှစ်ဒေသတစ်ခု ဖြစ်သည်။ သမိုင်းတန်ဖိုးကို နားမလည်သူ ဒေသခံများ၏ ပယောဂကြောင့် မပျက်စီးသင့်ဘဲ ပျက် စီးမှုများ လည်း ရှိနေသည်။ ထို့အပြင် ၁၇.၁၀.၂၀၁၈ နေ့က လေးမျက်နှာဘုရားထဲမှ ဗုဒ္ဓရုပ်ပွားတော် ၁၀ ဆူ ကို အမည်မသိသူများ ဖျက်စီးသွားခဲ့ခြင်း၊ ၁၅.၃.၂၀၁၉ ခုနှစ်က မြန်မာ့စစ်တပ်နှင့် AA တို့၏ တိုက်ပွဲအတွင်း ထုက္ကန်သိမ်အနီးမှ အမွေအနှစ်ထိမ်းသိမ်းရေးဂိတ်တဲနှင့် အနောက်မြေထဲဘုရားကို လက်နက်ကြီးထိမှန်ခဲ့ခြင်း နှင့် ယဉ်ကျေးမှုနယ်မြေဧရိယာထဲတွင် အဆောက်အဦးများဆောက်လုပ်ခြင်း စသော ကိစ္စရပ်များကိုလည်း ရင် ဆိုင်ကြုံ တွေ့ခဲ့ရသည်။ ထိန်းသိမ်းစောင့်ရှောက်သောလက်များနှင့် ဖျက်စီးသောလက်များ မမျှတသောအရေး ကို ကြုံ တွေ့နေရသည်။

သည်အတိုင်းသာဆိုပါက မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် ကြိုးစား လုပ်ဆောင်နေမှုများ သဲထဲရေသွန်ဖြစ်သွားမည့်အရေးကို စိုးရိမ်စရာ ရှိပါသည်။ သမိုင်းတန်ဖိုးကြီးမားလွန်းသော မြောက်ဦးကို မပျက်စီးစေရန်ထိမ်းသိမ်းစောင့်ရှောက်ရင်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးကိုလည်း ရခိုင်လူ မျိုးတိုင်း အသိစိတ်ကိုယ်စီဖြင့် အားပေးကြရမည်ပင် ဖြစ်သည်။ သို့မှသာ မြောက်ဦးကို ရာဇဝင်ထဲက နိုးထခွင့်သည် အမြန်ဆုံး ရောက်ရှိလာမည်ဖြစ်သည်။ ရခိုင်လူမျိုးနှင့် ရခိုင့်သမိုင်းသမိုင်းသည်လည်း ကမ္ဘာ့အလယ်တွင် တင့်တယ်နေလိမ့်မည်ပင် ဖြစ်လေတော့သည်။

ရက္ခ ရေးသားသည်

Western News-WN

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular