Western News
Homeဆောင်းပါးရခိုင့် အမျိုးသားရေး ဘုံရန်သူ

ရခိုင့် အမျိုးသားရေး ဘုံရန်သူ

Western News-မတ်လ ၂၆ ရက်

ရွာဝင်ကန်ဘောင်လမ်းတွင် ကျေးလက်နေ အမျိုးသမီးတို့မှာ ရေအိုးကိုယ်စီရွက်ကာ ‌ရေခပ်သွားလာရင်း စိတ်ဝင်စားစရာ စကားသံတချိုကိုပြောနေကြသည်။ “မနေ့က ငါ မြွေကို မြင်ပြီးမက်တယ်။ ဒီနေ့တော့ “ ၇” သေချာတယ်” ဟု အမျိုးသမီးတဦးက ပြောဆိုနေသည်။

ထို့အတူ အမျိုးသားတစ်စုမှာလည်း ရွာလယ် လက်ဖက်ရည်ဆိုင်အတွင်း စကားဝိုင်းဖွဲ့နေကြပြီး ရယ်မော ပျော်ရွှင်စွာဖြင့် တစ်ဦးနှင့် တစ်ဦး အသိအမြင်နှင့် ၎င်းတို့၏ အိပ်မက်များအကြောင်းကို ဆွေးနွေးကာ “ဒီနေ့တော့“ ၄ ” တလုံး သေချာတယ် ” စသည်ဖြင့် စကားသံများက သာလီစွ နံနက်ခင်းကို ဖြတ်သန်းနေကြသည်။

တစ်ရွာလုံးရှိ အမျိုးသမီး၊ အမျိုးသားများ အားလုံးသော စကားတွင် အာရုံစူးစိုက်ကာ ပြောဆိုသံများမှာ ဒီနေ့ ဘယ် ထိပ်စီး၊ ဘိတ်ဘယ် ဂဏန်း၊ ဘရိတ်က ဘယ်လောက် စသည်ဖြင့် ချိန်ဆနေကြသည်။ သူတို့သည် မွန့်တည့် ၁၂ နာရီခွဲတွင်ထွက်ရှိလာမည့် နှစ်လုံး ချဲဂဏန်း အကြောင်းကို ပြောဆိုနေကြခြင်းဖြစ်သည်။

အဆိုပါကိစ္စအား ယမန်နေ့က တွေ့ကြုံခဲ့ရသည်အဖြစ်အပျက် သို့မဟုတ် ညက မက်ခဲ့သည့် အိပ်မက်တို့ကို အတိတ်ကောက်ကာ စောင့်ကြည့်ပြီး နေ့လယ် ၁၂ နာရီတွင် ထွက်ရှိမည့် ချဲဟုခေါ်သော နှစ်လုံးထီဂဏန်းကို တွက်ချက်ကာ နှစ်လုံးဒိုင်နှင့် အရောင်းကိုယ်စားလှယ်များရှိရာသို့ သူတို့သွားထိုးကြမည်ဖြစ်သည်။

ချဲနှစ်လုံးထီသည် ယခင် ဆယ်စုနှစ် ၂၀၀၃၊ ၂၀၀၄ နှောင်းပိုင်းကာလက ရခိုင်တွင် အုပ်အုပ်ကျက်ကျက် ထိုးကြရာနေ တချို့မှာ ဘဝပျက် ဆင်းရဲမွဲတည်မှုတို့ကြောင့် မှေးမှိန်သွားခဲ့ရာကနေ ယခု ဆယ်စုနှစ်တခုအကြာ ၂၀၂၁ ခုနှစ် နောက်ပိုင်းကာလ စစ်ပွဲများ တည်ငြိမ်လာသည့်အချိန် ရခိုင်ပြည်တွင် အားသစ်တဖန် ပေါ်လာခြင်းဖြစ်သည်။

ဘာကြောင့် ချဲထိုးကြသလဲ

အစတွင် ချဲ လောင်းကစားနည်းကို အမျိုးသမီးတို့က အသုံးအသေး အိမ်စရိတ်အချို့ကို ကာမိသည်ဟု ဆိုကာ ထိုးကြခြင်းဖြစ်သလို အမျိုးသားများကလည်း အပျင်းပြေအဖြစ် အလုပ်အကိုင်နည်းသည့် နွေရာသီတွင် ထိုးနေကြခြင်းဖြစ်သည်။

သို့သော်လည်း ယခုနှစ်များတွင် ရခိုင် ကျေးလက်၊ မြို့ပြနေလူတိုင်းက ရာသီမရွေးအချိန်မရွေး ထိုးလာကြသညလို ဆင်းရဲ မွဲတေမှုမှ လွတ်ရာလွတ်ကြောင်း ထွက်ပေါက် သို့မဟုတ် ငွေရလွယ်သည့် လုပ်ငန်းတခုအဖြစ် ချဲလောင်းကစားနည်းကို မှီတွယ်အားကိုး လုပ်ဆောင်လာကြသည်။

လတ်တလော မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် ကုန်ဈေးနှုန်းများ ကြောက်မက်ဖွယ်တက်နေပြီး ပြည်သူတဦးချင်းစီ၊ မိသားစု တစုချင်းစီတို့မှာ စီးပွားရေးမပြေလည်မှုများရှိနေသည်။ ထိုဂယက်သည် ရခိုင်ပြည်နယ်သို့လည်း တိုက်ရိုက် ရိုက်ခတ်နေပြီး ရခိုင်တို့မှာ အလုပ်လက်မဲ့ လူဦးရေ တိုးလာနေသဖြင့် ငွေရလွယ်ပြီး ခွန်အားမစိုက်ထုတ်ရသည် လောင်းကစားများကို လုပ်ကိုင်လာခြင်းမှာ တစ်နေ့တခြားများပြားနေခြင်းကို တွေ့နေရသည်။

ထိုသို့ ဆင်းရဲမွဲတေလာမှုကို ထွက်ပေါက်တခုအဖြစ် ချဲ နှစ်လုံးဂဏန်း၊ သုံးလုံးဂဏန်းများ နောက်သို့လိုက်ရင်း အတိတ်နိမိတ်တို့တောင်းခံခြင်း၊ ဘုန်းတော်ကြီး၊ ချဲတွက်ချတတ်သူချဲဂဏန်းပေးသူတို့ကို ရှာဖွေစုံစမ်းကာ နှစ်လုံး၊ သုံးလုံး ချဲဂဏန်းတောင်းယူကြသူများလည်း ရှိသည်။

ထိုသူတို့မှာလည်း ပေါက်တခါ၊ ရှုံးတရာစသည့်ဖြင့် အဆိုးသံ သရာလည်နေသည်။ ထိုအထဲတွင် ကံကောင်းထောက်မစွာ ပေါက်သည့်အကြိမ်ရေ ပိုများပြီး အရှုံးနည်းသူများလည်းရှိသည်။ ထိုသို့ ကံကောင်းကြသူများကမူ မိမိတို့မှာ လောင်းကစားနှင့် အကျိုးပေးသည်ဟု ခံယူထားကြသည်။

ချဲဆိုတာဘာလဲ

ချဲဆိုသည်မှာ ရခိုင်ဒေသခေါ် ဘာသာစကားဖြစ်ပြီး နှစ်လုံးချဲ၊ သုံးလုံးချဲ စသည်ဖြင့် မိမိတို့ ကစားသည့် ဂဏန်းအပေါ်မူတည်၍ နာမည်ပေးထားခြင်းဖြစ်သည်။ နှစ်လုံးချဲထီဆိုသည်မှာ တစ်နေ့ ၂ ကြိမ် ပုံမှန်ထုတ်လွှင့်နေသည့် ထိုင်းနိုင်ငံက စတော့ရှယ်ယာစျေးကွက် အတက်အကျ ကိန်းဂဏန်းထဲက နောက်ဆုံးဂဏန်း ၂ လုံးကို အခြေခံ၍ နေ့လယ်ပိုင်း၊ ညနေပိုင်းဆိုပြီး မြန်မာနိုင်ငံမှနေ ကံစမ်းကာ လောင်းကစားနေကြခြင်းဖြစ်သည်။

သုံးလုံးထီကတော့ ထိုင်းနိုင်ငံတွင် တစ်လကို ၂ ကြိမ် တရားဝင်ဖွင့်လှစ်ရောင်းချနေသည့် ထီဆုကြီးမှ နောက်ဆုံးဂဏန်းသုံလုံးကို အခြေခံ၍ မြန်မာနိုင်ငံရှိ နေရာဒေသအနှံ့အပြားတွင် နေထိုင်သည့် ဒေသခံများက တရားမဝင်လောင်းကစားအဖြစ် လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် စနေ၊ တနင်္ဂနွေမှလွဲပြီး နေ့စဉ်ရှိသော ထိုင်းစတော့အိတ်ချိန်းအရောင်းအဝယ်၏ ဂဏန်းများထဲမှ နောက်ဆုံးနှစ်လုံးကို တွက်ချက်ထိုးကြသော နှစ်လုံးထီမှာ မြန်မာပြည်တွင်းရှိ အခြေခံလူတန်းစားများ၏ ငွေရလွယ်သော လောင်းကစားနည်းတစ်ခု ဖြစ်နေသည်။

ချဲ နှစ်လုံးထီသည် (၀၀) ဂဏန်းမှစကာ (၉၉) ဂဏန်းအထိ အကွက် (၁၀၀) ရှိပြီး တချိန်တွင် တကွက်သာပေါက်သည့် ကစားနည်းဖြစ်သည်။ ငွေကျပ် (၁၀၀) ဖိုးထိုးပြီး ပေါက်လျှင် ကျပ်ငွေ (၈၀၀၀) ရရှိသောကြောင့် အဆပေါင်း (၈၀) ရရှိပြီး မွန်းတည့် ၁၂ နာရီနှင့် ညနေ ၄ နာရီခွဲတွင် ထွက်ရှိသဖြင့် တနေ့ ၂ ကြိမ်းကျ ထိုးနိုင်သည့် လောင်းကစားနည်းဖြစ်သည်။

နောက်ထပ် သုံးလုံး ချဲဟုခေါ်သည့် ထိုင်းထီလောင်းကစားနည်းမှာလည်း (၀၀၀) ဂဏန်းမှ စတင်ကာ (၉၉၉) အထိ အကွက်ပေါင်း (၁၀၀၀) ရှိသည့်အနက် တကွက်သာ ပေါက်သည့် လောင်းကစားနည်းဖြစ်သလို တစ်လလျှင် နှစ်ကြိမ်ထွက်ရှိသည်။ လစဉ် ၁၆ ရက်နေ့ တစ်ကြိမ် လကုန်ပြီး ၁ ရက်နေ့တစ်ကြိမ် ထွက်ရှိခြင်းဖြစ်သည်။ ထိုချဲထီမှာ ကျပ်ငွေ (၁၀၀) ဖိုးထိုးပြီး ပေါက်လျှင် ကျပ်ငွေ(၅၀၀၀၀) ရရှိသောကြောင့် အဆ (၅၀၀) အလျော် အစား ပေးထားသည့် လောင်းကစားနည်းဖြစ်သည်။ ခြွင်းချက်အနေဖြင့် တချို့ဒေသတို့တွင် ဒိုင်အခြေအနေအရ အဆအနည်း၊ အများကွာခြားမှုတချို့တော့ရှိတတ်သည်။

ရခိုင်ပြည်တွင်းရှိ နှစ်လုံးနှင့် သုံးလုံး (ချဲထီ) ဝါသနာရှင်များမှာ နေ့စဉ်နေ့တိုင်း မိမိတို့ ထင်ရာမြင်ရာ၊ ကြိုက်နှစ်သက်ရာ ဂဏန်းများကို အချင်းချင်းဖလှယ်ကြသည်။ တစ်ကိုယ်တော်လည်း တွက်ချက်ကာ မိမိနည်းမိမိဟန်ဖြင့် ထိုးတတ်ကြသည်။

ချဲထိုးနေသူ အများစုမှာ နှစ်လုံး၊ သုံးလုံးကြောင့် ကြီးပွား ချမ်းသာသွားသည်မျိုးမရှိဘဲ ပေါက်လျှင် သောက်စားပျော်ပါးကာ၊ ရှုံးလျှင် ပြန်ပါသွားလိုက်နှင့် သံသရာလည်နေသည်ကိုတွေ့ရသည်။ အဓိက နှစ်လုံး၊ သုံးလုံးကြောင့် အမြတ်အစွန်းများများရပြီး ချမ်းသာသွားကြသူများမှာ ချဲဒိုင်များသာဖြစ်သလို၊ ချဲဒိုင်လက်ခံသူအနေဖြင့် ပေါက်သူများ၍ ငွေမလျှော်နိုင်ပါက ထွက်ပြေးနိုင်သည့် အခွင့်အရေးလည်း ရှိနေသည်။ ချဲထိုးသားများမှာ တမွဲမွဲဖြင့် နေ့တိုင်း စိတ်ပူပန်နေကြရသည်။

အဆိုပါ ချဲထီကို ယခင်နှစ်များက မြို့အသီးသီးရှိ ရပ်ကွက်များထဲမှ ချောင်ကျသည့် နေအိမ်၊ သို့မဟုတ် လမ်းကြားလမ်းမြောင်များအတွင်းမှာ စာရွက်လေးများနှင့် ထိုးကြေးငွေလေးများကိုခေါက်ပြီး တိတ်ပုန်းထိုးခဲ့ရသော်လည်း ယခုအခါတွင် မြို့ပြတိုင်း ကျေးတိုင်းတွင် ပေါ်တင်ရောင်းပေါ်တင် ထိုးခွင့်ရနေလာသည်။

လက်ရှိတွင် ချဲထိုးချင်လျှင် ဖုန်းဖြင့်ဖြစ်စေ၊ ဖုန်းမက်ဆေ့ဖြင့်ဖြစ်စေ တချက်ဆက်သွယ်လိုကရုံဖြင့် ထိုးလို့ရသည့် အခြေအနေမျိုးရောက်နေအောင်ထိ ချဲဒိုင်၊ အရောင်းကိုယ်စားလှယ်များက ထိုးသားများအတွက် ဖန်းတီးပေးထားသည်။ အရင်နှစ်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုရင် ယခုနှစ်က ချဲထီလောင်းကစားကြသူများ များလာသလို စီးပွားရေး အကျပ်အတည်းကာလကို ကျော်ဖြတ်ဖို့အတွက် လောဘများဖြင့် အားသွန်ခွန်စိုက်လိုက်နေကြသူများကို တွေ့ရသည်။

ရခိုင်ပြည်နယ်သည် လယ်ယာစိုက်ပျိုး၊ ရေလုပ်ငန်းတို့ကို အဓိကထားလုပ်ကိုင်နေကြပြီး လက်ရှိတွင် ရွှေ၊ ဆီ၊ နှင့် ရေ အစရှိသည့် ကုန်ဈေးနှုန်းတို့ ဆက်တိုက် ကျဆင်းနေခြင်းက ပြည်သူလူထု အများစုအတွက် နေရေး၊ ထိုင်ရေးကအစ အခက်တွေ့နေသည်။ သို့သော်လည်း တစ်ချို့သော သူများက ဝမ်းရေးထက် ဝါသနာဖက်ကို ရှေ့တန်းတင်ပြီး အကြွေးစနစ်ဖြင့် ထိုးလာကြသည်။ ထို့ကြောင့် နှစ်လုံး၊ သုံလုံးထီ ထိုးခြင်းမှ အကြွေတင်းပြီး အကြွေးဆပ်နိုင်ဖို့ ရှိသမျှကိုယ်ပိုင်အိမ်၊ ခြံ၊ မြေတွေကို ရောင်းရသည့်သူရှိသလို အကြွေမဆပ်နိုင်လို့ ရွာကနေ ထွက်ပြေးရသည့်ဖြစ်စဉ်များလည်း အများအပြားရှိလာသည်။

မထိရောက်နိုင်သည့် လောင်းကစား ဥပဒေ

၁၉၈၆ ခုနှစ်၊ လောင်းကစားဥပဒေတားမြစ်ချက် တွင် တရားဝင် ခွင့်ပြုချက်မရှိဘဲ ထီ သို့မဟုတ် ထီကဲ့သို့ အခြားကံစမ်းနည်း တစ်ခုခုတွင် စီမံခန့်ခွဲသူအဖြစ်လည်းကောင်း၊ လောင်းကြေးငွေ လက်ခံသူအဖြစ်လည်းကောင်း၊ ဒိုင်အဖြစ်လည်းကောင်း ပါဝင် ပြုလုပ် ကစားသူအဖြစ် ဆောင်ရွက်ခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။

ထို့အတူ တားမြစ်ချက်အနေဖြင့် ပုဒ်မ ၇၊ ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀၊ ပုဒ်မ ၁၁၊ ပုဒ်မ ၁၂၊ ပုဒ်မ ၁၃၊ ပုဒ်မ ၁၄၊ ပုဒ်မ ၁၅၊ ပုဒ်မ ၁၆၊ ပုဒ်မ ၁၇ စသည်ဖြင့် သတ်မှတ်ကာ ပြစ်ဒဏ်များကို တရားဝင်ချမှတ်ထားသည်။

အဆိုပါ ပြဋ္ဌာန်းချက်များထဲမှ ပုဒ်မ ၇ တွင် တရားမဝင်လောင်းကစားနှင် ငြှိစွန်းလျှင် သို့မဟုတ် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၃ လမှ အများဆုံးထောင်ဒဏ် ၆ လအထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ် ကျပ် ၅၀၀ အထိချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

ထို့အတူ ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၅ နှစ်အထိ သို့မဟုတ် ထိုထောင်ဒဏ်နှင့် ငွေဒဏ်အနည်းဆုံး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၁၀၀၀၀ အထိချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့် အကျုံးဝင်သောငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဟု သတ်မှတ်ထားသည်။

သို့သော်လည်း လက်ရှိ တွင် ဒေသန္တရ အာဏာပိုင်တို့က ချဲကိုယ်စားလှယ် ချဲဒိုင်များထံမှ လိုင်းကြေးအဖြစ် ကောက်ခံကာ တရားဝင်သည့်ပုံစံ ခွင့်ပြုထားပြီး ထိရောက်စွာအရေးယူခြင်းမျိုး လုံးဝမရှိတော့သည့် အနေအထား၌ ရှိနေသည်။

အဆိုပါ ကိစ္စရပ်များကို ဖြေရှင်းပေးစေရန်နှင့် ချဲလောင်းကစားကို ပပျောက်စေရေးအတွက်
ရခိုင် တော်လှန်ရေးအစိုးရဟု လူသိများသော ULA/AA က ထိန်းချုပ်ပေးရန် ရခိုင်ပြည်သူတို့ကလည်းလိုလားနေကြသည်။ သို့သော်လည်း ရခိုင်တွင် လက်ရှိ ကာလအတွင်း ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေဆိုင်ရာကိစ္စများကို ဦးစားပေးဆောင်ရွက်နေရပြီး ယခုကဲ့သို့ နှစ်လုံးထီ၊ သုံးလုံးထီ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်တစ်ခု လိုဦးမည်ဖြစ်ကြောင်းနှင့်၊ ULA/AA ဘက်က ဖြေရှင်းရမည့် ကဏ္ဍအလိုက် ဇယားထဲတွင် ချဲနှင့် မူးဝါးဆေးဝါးကိစ္စလည်း ပါဝင်းကြောင်း မတ်လ ၅ ရက် ပြုလုပ်သည့် ULA/AA ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရသူ ခိုင်သုခက ပြည်သူတို့ကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် ကျေးလက်တောရွာများတွင် နိုင်ငံရေး တည်ငြိမ်မှုကို အခွင့်ကောင်းယူကာ ယခုနောက်ပိုင်း ချဲ(ခေါ်) နှစ်လုံးထီ၊ သုံးလုံးထီနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံး စွဲမှုများသည် တနေ့တခြားတွင် ကျယ်လာနေသည့် အတွက် စာရိတ္တပျက်ယွင်းကာ လူမှုစီးပွားဘဝများ အဆင်မပြေမှုကိုလည်း တွေ့လာနေရ သည်။

ချဲလောင်းကစားဒိုင်များက လစဉ်လိုင်းကြေးကို မြို့ပေါ်တွင် စစ်ကောင်စီ လက်အောက်ခံ အာဏာပိုင်ရဲများက အောက်လိုင်းလမ်းဖြင့် ကောက်ခံနေသဖြင့် အခြားတဘက်တွင်လည်း ULA/AA ၏ နယ်မြေမှူးများက ကျေးလက်ဒေသတွင် လိုင်းကြေးများကောက်ခံကာ ချဲရောင်းချ ခွင့်ပေးထားသလားဟုလည်း ဒေသခံများက မေးခွန်းထုတ်နေကြသည်။ ယင်းကဲ့သို့မေးခွန်းထုတ်နေကြမှုအပေါ် ခိုင်သုခကတော့ ULA/ AA ဘက်က လိုင်း ကောက်ခံမှုများလည်းမရှိသလို ကောက်ခံခွင့်လည်း ပေးမထားဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ချဲသံသရာနှင့် အနာဂတ် ရခိုင်ပြည်အလားအလာ

အဆိုပါ ချဲလောင်းကစား၏ အမြတ်အစွန်းကို ချဲဒိုင်၊ ချဲကိုယ်စားလှယ်များနှင့် လိုင်းကြေးကောက်ခံသူ တို့က အကျိုးအမြတ်ရရှိကာ ထိုးသူတို့အနေဖြင့် တမွဲမွဲ သံသရာတွင် ကျင်လည်နေကြသည်ကို စိတ်မကောင်းစွာမြင်နေရသည်။ လက်ရှိအချိန်သည် အနာဂတ် ရခိုင့်အမျိုးသားနိုင်ငံတော် တည်ဆောက်ရန် အရှိန်အဟုန်ဖြင့် ချီတက်နေသည့် အရေးကြီးကာလဖြစ်နေသလို စီးပွားရေး ခိုင်မာတင့်တင်းအောင် မူဝါဒများ ချမှတ်လုပ်ဆောင်ရန် တာစူထားရမည်။

ယင်းကြောင့် ရခိုင်ပြည်ရှိ လူ့စွမ်းအား အရင်းအမြစ်များမှာ လမ်းမှန်ရောက်ဖို့ လွန်စွာအရေးကြီးနေသည်။ ထို့အတူ လူ့စွမ်းအားအရင်းအမြစ်တွင် ကာယ၊ ဉာဏနှင့် မလုံလောက်ပဲ၊ အကျင့်စာရိတ္တကြံ့ခိုင်ရေးက အဓိကကျနေသည်။ ရခိုင်တို့၏ အကျင့်စာရိတ္တကို ပျက်စီးစေတည်သည့် ချဲအပြင် လောင်းကစားများကို အမျိုးသားရေး ဘုံရန်သူအဖြစ် သတ်မှတ်ကာ စည်းကမ်းတင်းကျပ်ရမည့် အချိန်ဖြစ်နေသည်။

ချဲလောင်းကစားမှာ ထိုးသည့် ငွေထက် အဆပေါင်းများစွာပေးထားခြင်းကြောင် တကြိမ်ရှုံးပါက နောက်ထပ်တကြိမ် ရလိမ့်နိုးနိုးဖြင့် တကြိမ်တည့်လျှင်အမြတ်ထွက်သည် ဆိုသည့် အချက်က ပိုပြီး ဆွဲဆောင်ထားသည်။ ထိုသို့လောင်းကစားဖြင့် လှေလှော်ရင်း တက်ကျိုး၊ ဘဝပျက်ရသည့် သူများလည်း လက်ရှိတွင် မနည်းတော့ပေ။

ယင်းချဲလုပ်ငန်း၏ အကြီးမားဆုံး အကျိုးဆက်အဖြစ် ရခိုင်ပြည်သူတို့မှာ ဆင်ရဲတွင်းထဲက ရုန်းမထွက်နိုင်ဘဲ ခိုးဆိုးလုနှိုက်၊ လောဘ အတ္တများ အချင်းချင်း မနာလိုမှုများပွားများမည်ဖြစ်သဖြင့် ရခိုင်တမျိုးသားလုံး၏ အဓိကဘုံရန်သူအဖြစ် ယခုအချိန်တွင် ချဲလောင်းကစားနည်းကို အချိန်မီတားဆီးရန် လိုအပ်နေပြီးဖြစ်ကြောင်း ရေးသားလိုက်ရသည်။

မောင်ကျော်သောင်းရေးသားသည်။

Western News-WN

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular