Western News
Homeသတင်းဆန်ရောင်းဝယ်မှု ကန့်သတ်သတင်းကြောင့် ကျောက်ဖြူတွင် ဆန်ဈေးမြင့်တက်

ဆန်ရောင်းဝယ်မှု ကန့်သတ်သတင်းကြောင့် ကျောက်ဖြူတွင် ဆန်ဈေးမြင့်တက်

ရခိုင်ပြည် ကျောက်ဖြူမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းကစ၍ ကျေးလက်ဒေသမှ မြို့ပေါ်သို့ တင်သွင်းနေသော ဆန်ရောင်းဝယ်မှုကို ကန့်သတ်လိုက်သည့်အတွက် ဆန်ဈေး ၄ ဆအထိ မြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ကျေးလက်ဒေသမှ ဆန်ဝင်ရောက်မှုမရှိ၍ မြို့ပေါ်ရှိ ဆန်လုပ်ငန်းရှင်များမှာ သိုလှောင်ထားသော ဆန်ကို ဈေးမြှင့်တင်ရောက်ချခြင်းကြောင့် ဈေးမြင့်တက်သွားသည်ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။ 

” ကျောက်ဖြူမြို့ကို ဆန်စပါးတင်ပို့နေတဲ့ ကျေးရွာတွေကနေ ဆန်စပါး မတင်ပို့ရတော့ဘူးလို့သတင်းတွေကြားနေရတယ်။ အဲ့ဒီသတင်း ထွက်ပြီးနောက်ပိုင်း ဆန်ရောင်းဝယ်သူတွေက စျေးတင်ရောင်းလာကြတော့တာပဲ။ ” ဟု ပြောသည်။

စစ်ကောင်စီတပ်ရင်းများကို ရိက္ခာဖြတ်တောက်ခြင်းနှင့် ကျေးလက်ဒေသတွင် ဆန်လုံလောက်မှုရှိစေရန် ရည်ရွယ်၍ ကျောက်ဖြူဒေသရှိ အာရက္ခတပ်တော် AA အကြီးအကဲများက မြို့ပေါ်သို့ ဆန်တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်ထံမှ သိရသည်။ 

ကျောက်ဖြူမြို့ပေါ်သို့ ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရန် AA သည် တောင်ပိုင်းမြေပုံအရ အလယ်မှ ဖြတ်တောက်ကာ သံတွဲမြို့နယ်တွင် စစ်မျက်နှာဖွင့်ပြီး စစ်ကောင်စီတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ 

ဆန်ရောင်းဝယ်မှု ကန့်သတ်လိုက်သည့်အတွက် ကျောက်ဖြူမြို့တွင် ကျန်ရှိနေသေးသော ဒေသခံပြည်သူ အထူးသဖြင့် ဆင်ခြေဖုံးရပ်ကွက်က ပြည်သူများမှာ အခက်တွေ့နေသည်ဟု သတင်းရင်းမြစ်က ဆိုသည်။ 

“နယ်ဖက်တွေမှာ ဆန်စပါးပြတ်သွားမှာကြောင့်လို့ ကြားတယ်။ အခုလိုဖြစ်တာက မြို့ပေါ်ကလူတွေအတွက် တော်တော်အခက်တွေ့စေတယ်။ အခုဆို ၂ ရက်လောက်ပဲရှိသေးတယ်။ စျေးက မူလစျေးရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို မြင့်တက်နေပြီ။ ဒီအတိုင်းသာဆက်ရှိနေရင် ဒီထက်ထပ်မြင့်လာဦးမယ်။ ” ဟု သုံးသပ်ပြောသည်။

ကျောက်ဖြူမြို့ပေါ်နှင့် ကျေးလက်ဒေသကြား ဆန်ရောင်းဝယ်မှု ကန့်သတ်လိုက်သည့် သတင်းနှင့်ပတ်သက်၍ AA ၏ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးကို Western News မှ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိပေ။ 

အာရက္ခတပ်တော် AA စစ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကိုလည်း Western News မှ ဆက်သွယ်နေဆဲဖြစ်ပြီး ဦးခိုင်သုခမှာ Western News ၏ မေးမြန်းမှုကို ဖြေကြားမှုမရှိဘဲ အဆက်အသွယ်ဖြတ်ထားသည်မှာ ၇ လကျော် ကြာပြီဖြစ်သည်။ 

လက်ရှိ ကျောက်ဖြူမြို့၏ ဆန်ဈေးမှာ ယခင် ၁၃၀၀၀ ကျပ်ရှိခဲ့သည့် ကောက်ကြီးစပါး တစ်တောင်း (နို့ဆီဘူး ၃၄ ဘူးဆန့်) ကို ယခု ၁၇၀၀၀ ကျပ်၊ ယခင် ၁၇၀၀၀ ကျပ်ရှိခဲ့သည့် ပေါ်ဆန်းမွှေး တစ်တောင်း (နို့ဆီဘူး ၃၄ ဘူးဆန့်) ကို ယခု ၂၄၀၀၀ ကျပ် စသဖြင့် ရှိနေကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် စစ်ကောင်စီ၏ ပိတ်ဆို့ထားမှုကြောင့် ဆန်အပါအဝင် တစ်ခြားကုန်စည်စျေးများလည်း ယခင်ကတည်းက မြင့်တက်နေနေပြီး လတ်တလော ဆန်ရောင်းဝယ်မှု ကန့်သတ်သတင်းကြောင့် ဆန်ဈေးမှာ ပိုမြင့်တက်သွားခြင်းဖြစ်သည်။ 

ရခိုင်တော်လှန်ရေး အဆုံးအဖြတ်ပွဲကြီးအတွက် ပြင်ဆင်သည့်အနေဖြင့် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့ထဲရှိ ဒေသခံပြည်သူများမှာ လွတ်မြောက်နယ်မြေဖြစ်သည့် AA ထိန်းချုပ်ရာနေရာများသို့ သွားရောက်နေထိုင်ကြရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တပ်တော် ၁၅ နှစ်ပြည့် မိန့်ခွန်းတွင် ပြောဆိုထားသည်။ 

သို့သော်လည်း အာဏာသိမ်း စစ်ကောင်စီသည် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့ အဝင်အထွက်ကို ပိုမိုတင်းကျပ်စွာ ပြုလုပ်ထား၍ ဒေသခံပြည်သူများမှာ မြို့ကိုစွန့်ခွာရန် အခက်အခဲဖြစ်နေကြသည်။ 

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular