Western News
Home Blog Page 61

ဘင်္ဂလားဒေ့ရှ်ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၅၀၀ ကျော်ရှိ၊ ၃၀၀ ကျော်ကို ပြန်ပို့ထား

0


Western News| ဧပြီ ၁
AA ထိုးစစ်ကြောင့် ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်သား ၅၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြပြီး ယင်းအထဲက ၃၀၀ ကျော်ကို မတ်လ ၁၅ ရက်နေ့က မြန်မာဘက်သို့ ပြန်လည်ပို့ထားပြီဟု ဘင်္ဂလားဒေ့ရှ် သတင်းဌာနများက ပြောဆိုကြသည်။
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၅၀၄ ဦးရှိခဲ့ပြီး ယင်းအထဲက ၃၀၀ ကျော်ကို ပြန်ပို့ထားကာ ကျန် ၁၈၂ ဦးကိုမူ ဘင်္ဂလားဒေ့ရှ်အစိုးရက ယာယီခိုလှုံခွင့်ပေးထားကြောင်း သိရသည်။
ကျန် ၁၈၂ ဦးကို မည်သည့်အချိန်တွင် မြန်မာဘက်သို့ ပြန်လည်လွှဲပေးမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။


ထွက်ပြေး စစ်ကောင်စီတပ်သားများမှာ ပါလာသည့် လက်နက်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က ဖြုတ်သိမ်းထားပြီး ပြန်လည်လွှဲပေးမည့်အချိန်မှသာ ထုတ်ပေးမည်ဟု သိရသည်။


၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နောက်ပိုင်း ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများမှ AA ၏ ထိုးစစ်များကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၀၀ ထက်မနည်း ထွက်ပြေးခဲ့ကြသည်။
အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်သား ၁၀၀၀ ကျော်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာတော့ ၂၀၀ ခန့် ကျန်ရှိနေသေးခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော် AA သည် ဘူးသီးတောင်မြို့နှင့် မောင်တောမြို့ကို သိမ်းပိုက်ရရှိနိုင်ရန် အရှိန်အဟုန်မြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီ၏ အနောက်တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့က တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ရှိ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (စစ်တွေ- ဒကစ) ကို လက်နက်ချအညံ့ခံရန် သတိပေးထားကြောင်း သိရသည်။
အကယ် လက်နက်ချအညံ့မခံသော ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်ရင်းများအားလုံးကို တစ်ခုမကျန် ထိုးစစ်ဆင်တိုက်သွားမည်ဖြစ်ပြီး ရခိုင်ကို စစ်ကောင်စီကင်းစင်နယ်မြေပြုလုပ်သွားမည်ဟု AA က ပြောဆိုထားသည်။
Western News-WN

ထိုင်းတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် သေဆုံးသူ ၆ဦးတွင် ရခိုင်တစ်ဦးပါဝင်၊ နစ်နာကြေးကို ပွဲစားတစ်ဦးက ထုတ်ယူ၊ မိဘများနှင့် အဆက်အသွယ် လိုနေ

0


ထိုင်းနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၆ဦး သေဆုံးခဲ့မှုတွင် ရခိုင်လူမျိုးတစ်ဦးပါဝင်ပြီး ၎င်း၏ မိသားစုနှင့် တိုက်ရိုက် အဆက်အသွယ် ရရှိရေး လိုအပ်နေကြောင်း သိရသည်။


မတ် ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ လယောင်မြို့တွင် Xin Ke Yuan Steel factory အမည်ရှိ တရုတ်ကုမ္ပဏီတွင် ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့သဖြင့် မြန်မာအလုပ်သမား ၆ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးခဲ့သည်။
အဆိုပါ သေဆုံးသူများထဲမှာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ အသက် ၂၆ နှစ်အရွယ် အလုပ်သမားတစ်ဦး ပါဝင်ပြီး ၎င်းမိဘများနှင့် အဆက်အသွယ် မရရှိသေးဘဲ လျှော်ကြေးပေးရန် အတွက် အခက်အခဲ ဖြစ်နေကြောင်း သိရှိရသည်။


မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် WAG အဖွဲ့ဝင် တစ်ဦးက “ကျနော်တို့ သေဆုံးသွားတဲ့ မိသားစုတွေနဲ့ အဆက်အသွယ် မရသေးပါဘူး။ သေဆုံးသွားတဲ့ မိသားစုဝင်တစ်ယောက် အဆက်အသွယ် ရထားပါတယ်။ မိဘတွေနဲ့တော့ အဆက်အသွယ် မရသေးဘူး။ ကျနော်တို့အဖွဲ့ကလည်း နစ်နာကြေး ရရှိဖို့ ကြိုးစားနေပါတယ် “ဟု Western News ကို ပြောသည်။


ထို့အပြင် သေဆုံးသူများကို နစ်နာကြေး ပေးရာတွင် သေဆုံးသူများထဲမှ တစ်ဦးနှင့် ဆွေမျိုးတော်စပ်သည်ဟုဆိုကာ နစ်နာကြေးကို ပွဲစားတစ်ဦးက ထုတ်ယူမှု ရှိခဲ့ကြောင်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် WAG အဖွဲ့ဝင် တစ်ဦးက ဆက်လက် ပြောသည်။


“မနေ့ က အရှုပ်အထွေး နည်းနည်း ဖြစ်သွားတယ်။ သေဆုံးသွားသူရဲ့ ဆွေးမျိုးတော်စပ်တယ်လို့ ပြောပြီး ငွေထုတ်သွားတယ်ပေါ့နော်။ ကျနော်တို့ကလည်း သူတို့ရဲ့ဆွေမျိုးဆိုပြီးတော့ ထုတ်ပေးလိုက်တာပါ့နော်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီးတော့ ထုတ်ပေးလိုက်တာပါ။ လက်မှတ်ထိုးပြီးတော့ ထုတ်သွားတာပါ။ ညနေပိုင်းရောက်တော ကျနော်တို့ သိလိုက်တာက သူက ပွဲစားလို့ သိရတာပေါ့။ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုပြောပြီးတော့ အဲဒီငွေကို ပြန်သိမ်းလိုက်ပါတယ်။ ကနဦးက ပေးထားတာ ဘတ် ၅ သိန်း ပေးချေထားတာပါ”ဟုပြောသည်။


သေဆုံးသူမှာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ အဝရွာအုပ်စု င/စိုင်းရိုင်းချောင်း- မြစ်နားကျေးရွာနေ၊ အဖ ဦးမြသာထွန်း၊ အမိဒေါ်မတင်ကြည် သားဖြစ်သူ အသက် ၂၆ နှစ်အရွယ်ရှိ ကိုဆန်းဝင်းမောင်ဖြစ်ပြီး အဆိုပါ လူငယ်အတွက် နစ်နာကြေးရရှိရန် ကြိုစားနေကြောင်း ထိုင်းရှိ ရခိုင်လူမှုအဖွဲ့အစည်းများက Western News ကို ပြောသည်။
နစ်နာကြေး ရရှိရေး ရခိုင် နာရေးကူညီမူအသင်း ဘန်ဘော်-ဘန်ကောက် (Rakhine Funeral Association Bang Bon- Bangkok) အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် လယောင်မြို့ကို သွားနေကြောင်း သေဆုံးသူ ကိုဆန်းဝင်းမောင်၏ အဖညီအစ်ကို တော်စပ်သူ- မင်းပြားမြို့နယ် ဇီးပင်ကြီးကျေးရွာက ကိုခင်မောင်ရွှေ က Western News ကို ယနေ့ နံနက်ပိုင်းတွင် ပြောသည်။


” နစ်နာကြေး ရဖို့အတွက် မဟာချိုင်ကနေ လယောင်မြို့ကို ကျနော် သွားနေပါတယ်။ ကျနော်က ရခိုင်အဖွဲ့အစည်းနဲ့ သွားနေတာပါ။ ကျနော်ကတော့ သေဆုံးသူရဲ့ အဖညီအစ်ကိုပါ။ သေဆုံးသူတွေရဲ့ မိဘကို ကျနော် အဆက်အသွယ်လုပ်ထားပါတယ်။ ကျနော်တို့ဆီကိုတော့ နစ်နာကြေး ပိုက်ဆံ တပြားမှ မရသေးပါဘူး”ဟုပြောသည်။
အခင်းဖြစ်ပွားချိန်တွင် စက်ရုံဖက်မှ အသက်သေဆုံးခဲ့သည့် အလုပ်သမားများ အတွက် နစ်နာကြေးကို လိုက်လျှော့ပေးခြင်း မရှိ၍ အလုပ်သမားများက တောင်းဆို ဆန္ဒပြခဲ့ရာမှ လုပ်ငန်ရှင်ဘက်က လုပ်သားတစ်ဦးကို နစ်နာကြေး ဘတ် ၁၆ သိန်းဖြင့် နှစ်ဖက် ပြေလည်မှု ရရှိခဲ့သည်။


သေဆုံးသူများ၏ နာရေးနှင့် အခြားကိစ္စများအတွက် ဘတ် ၅ သိန်းကို မိသားစုဝင်များထံသို့ လက်ငင်းငွေသား ပေးချေခဲ့ပြီး ကျန် ၁၁ သိန်းကို သုံးလအတွင်း ပေးအပ်မည်ဟု အလုပ်ရှင်ဘက်က သဘောတူခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

ဆက်သွယ်လိုသူများ -မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် WAG အဖွဲ့ (ကိုမုန်တိုင်း 0626158257)

စစ်ရှောင် ရခိုင်အမျိုးသမီးများ၏ စစ်ဘေးကာလ အခက်အခဲများ

1
ရခိုင်ပြည် မြောက်ဦးမြို့နယ်က စစ်ရှောင်ပြည်သူများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက တွေ့ရစဉ်။ (ဓါတ်ပုံ - Khine Murn Chun)

ရခိုင်ပြည်၌ လတ်တလောဖြစ်ပွားနေသည့် စစ်ပွဲများကြား ရုန်းကန်လှုပ်ရှားနေကြရသည့် အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်အမျိုးသမီးများ၏ ဘဝအခြေနေများကို Western News မှ မေးမြန်းစုစည်းတင်ပြထားခြင်းဖြစ်သည်။
ကြမ်းတမ်းသည့် စစ်ဘေးကာလများကို ရခိုင်အမျိုးသမီးများ မည်ကဲ့သို့ရင်ဆိုင်နေကြရသည်နှင့် မည်သည့်အခက်ခဲများ တွေ့ကြုံနေရပြီး မည်ကဲ့သို့ ဖြတ်ကျော် ဖြေရှင်းနေရသည်ကို သိရှိရမည်ဖြစ်သည်။

ပုဏ္ဏားကျွန်း စစ်ရှောင်အမျိုးသမီး
(မြောက်ဦးမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ)

” ပုဏ္ဏားကျွန်းက တစ်ခြားမြို့နယ်တွေထက် စစ်ရှောင်ကာလက ပိုများနေတယ်လို့ ပြောရမယ်။ မြို့တွင်း ဘာတိုက်ပွဲမှ မဖြစ်ခင်ကတည်းက မြို့ကို လက်နက်ကြီးပစ်ခတ်တာတွေ လုပ်တာကြောင့် မြို့ကိုစွန့်ခဲ့ကြရပြီ။ အခုထိလည်း မပြန်ကြရသေးဘူး။ အခက်ခဲလို့ပြောရင် ဒီကာလမှာအားလုံးက အခက်ခဲတွေပဲ။ ကျမမှာ ၉ နှစ်အောက် ကလေး ၃ ယောက်ရှိတယ်။ ယောက်ကျားကလည်း အနားမှာမရှိဘူး။ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတာ။ ငွေရေးကြေးရေး သိပ်အဆင်မပြေဘူး။ ကျမတစ်ယောက်တည်း စစ်ဘေးရှောင်ဘဝကို ရုန်းနေရတယ်။ စားဝတ်နေရေး၊ တစ်ခြား ဗာဟီရကိစ္စတွေ အကုန်လုံးရောပဲ။ ဒါပေမယ့် ကလေးတွေ ရှိနေတာကြောင့် ပြိုလဲသွားလို့မဖြစ်ဘူးလို့ တွေးထားရတယ်” ဟု ပြောသည်။

”စစ်ရှောင်အမျိုးသမီးများမှာ အထူးသဖြင့် မိသားစုစားဝတ်နေရေးကို အဓိက ရုန်းကန်နေကြရပြီးအခြားတစ်ဖက်မှာလည်း စိတ်ပိုင်းဆိုင်ရာလုံခြုံမှု အားနည်းလာခြင်း၊ စိုးရိမ်ကြောက်ရွံ့မှုပိုများလာသည်ကို ကြုံတွေ့နေကြရသည်”

မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးငယ်တစ်ဦးဆိုလျှင် နေ့စဥ်ပစ်ခတ်သံများကြားနေရ၍ စိတ်ငြိမ်ဆေးများ အသုံးပြုနေရသည်အထိ ကြုံတွေ့နေရကြောင်း မိသားစုဝင်များကပြောသည်။

မိသားစုဝင်တစ်ဦး
မြောက်ဦးဒေသခံ

“စစ်ဖြစ်နေချိန် နယ်ဖက်ကို စစ်ရှောင်ခဲ့ကြတယ်။ ဒါပေမယ့် ပစ်ခတ်သံတွေက နေရာတိုင်းမှာ ကြားနေကြရတာကိုး။ စစ်ရှောင်နေတဲ့ မော်ရွာဘက်မှာလည်း လက်နက်ကြီးကျခဲ့တယ်။ ကလေးတစ်ယောက်သေပြီး ဒဏ်ရာရတာတွေ သူ့မျက်စိရှေ့မှာ မြင်ခဲ့ရတော့ ကြောက်စိတ်တွေစိုးမိုးခဲ့တာဖြစ်မယ်။ အခုဆိုင်ကယ်သံ၊ ကားသံ၊ ရေဘူးထည့်ပြီးတွန်းလှည်းနဲ့ တွန်းလာတဲ့အသံတွေတောင် သူလန့်နေတတ်တယ်။ ညဖက်တွေဆိုလည်း မအိပ်တာကြောင့် စိတ်ငြိမ်ဆေးတွေသောက်နေရတယ်” ဟု ပြောသည်။

နောက်ထပ် အခက်အခဲတစ်ခုက အမျိုးသမီးများ လစဥ်ဓမ္မတာကိစ္စများတွင် လစဥ်သုံးပစ္စည်းရှားပါးမှုကြောင့် အခက်ခဲဖြစ်ပေါ်ခဲ့ကြရပြီး ယင်းအပြင် အဆိုပါပစ္စည်း စျေးမြင့်မားနေမှုကြောင့်လည်း လက်ရှိအချိန်ထိ စစ်ဘေးရှောင်အမျိုးသမီးများ အခက်ခဲဖြစ်နေကြရဆဲဖြစ်ကြောင်း အမျိုးသမီးများ၏ ပြောဆိုချက်များအရ သိရသည်။

စစ်ပွဲကာလကြား မိသားစုဝင်များဆုံးရှုံးသွားသည့် အမျိုးသမီးများမှာလည်း စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားသူများလည်း အများအပြားရှိနေကြောင်း တွေ့ရသည်။

စစ်ဘေးရှောင်အမျိုးသမီးများမှာ တကိုယ်ရည်မလုံခြုံမှု၊ အကြမ်းဖက်ခံရမှု စသည်များလည်း ရှိနေကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးများတွင် ပါဝင်လုပ်ကိုင်နေသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

“တကိုယ်ရည်လုံခြုံမှုဆိုတာကတော့ ဖြစ်သလိုနေရတဲ့အတွက် ဘာမှမရှိကြဘူး။ ရေချိုးတာ၊ အဝတ်လှဲတာ၊ အိပ်နေတာကအစ ပေါ့နော်။ ပြီးတော့ အကြမ်းဖက်ခံရတာတွေ တွေ့ရတယ်။ မိသားစုတွေမှာ အဆင်မပြေမှုတွေရှိလာတဲ့အခါ ပြဿနာတွေ ပိုဖြစ်လာတတ်ကြတယ်လေ။ အခုလည်း အဆင်မပြေတဲ့အခြေနေဆိုတော့ အမျိုးသမီးတွေက ပြဿနာပိုရှာခံရတယ်။ ကိုယ်ထိလက်ရောက်ရိုက်နှက်တာ ခံကြရတယ်။ တချို့ကိုယ့်မိသားစုဝင်တွေနဲ့ကွဲပြီး တတစ်ခြားမိသားစုဝင်တွေနဲ့ နေရတဲ့မိန်းကလေးငယ်တွေလည်း တွေ့ရတတ်တယ်။ သူတို့တွေထဲက တချို့ဆို သူစိမ်းမိသားစုဝင်တွေရဲ့ ဆဲဆိုမှုတွေပါ ခံကြရတယ်” ဟု ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်သည့် နောက်ပိုင်း မြို့ပေါ်ရပ်ကွက်များနှင့် စစ်ကောင်စီတပ်စခန်းများနှင့် နီးစပ်သည့် ကျေးရွာများအားလုံး စစ်ဘေးရှောင်ခဲ့ကြရပြီး ပြည်တွင်းရှိနိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များအပါအဝင် အရပ်ဖက်ကူညီကယ်ဆယ်ရေးအဖွဲ့များအားလုံးလည်း လုပ်ငန်းစဥ်များရပ်တန့်ခဲ့ကြရမှု ရှိသည်။

ယင်းနောက်ပိုင်း စစ်ဘေးရှောင်များမှာ ပြည်သူအချင်းချင်း ရိုင်းပင်းမှုဖြင့် ရပ်တည်ခဲ့ကြရပြီး အခက်ခဲများစွာ ရင်ဆိုင်ခဲ့ကြ၊ ရင်ဆိုင်နေကြရဆဲဖြစ်ကာ လတ်တလော ရက္ခိုင့်တပ်တော် AA မထိန်းချုပ်နိုင်သည့် ဒေသများတွင် အခက်ခဲဖြင့် ပိုကြုံတွေ့နေကြရဆဲဖြစ်သည်။

မူးယစ်သားကောင်မှ မူးယစ်ပညာပေးဖြစ်လာသူ ဆရာမညို

1

Western News| ဖေဖော်ဝါရီ ၃

စာတော်ပြီး ဂုဏ်ထူးထွက်နိုင်တဲ့ ဆရာမညိုဟာ မူးယစ်ဆေးနွံမှာ နစ်မြှုပ်သွားတာကြောင့် ဆယ်တန်းကို အောင်ရုံဆိုလောက်နဲ့သာ အောင်မြင်ခဲ့ရပါတယ်။ ပညာသင်နေတဲ့အချိန်မှာ မူးယစ်ဆေးဝါးသုံးစွဲမိပြီး လမ်းမှားရောက်သွားတဲ့ ဆရာမညိုကို အပေါင်းအသင်းမိတ်ဆွေသာမက မိဘတွေနဲ့ ဆွေမျိုးတွေကပါ ရဲလက်ထဲအပ်ပြီး စွန့်ပစ်ပါတော့မယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးကလည်း ရှောင်ဖယ်ရှောင်ဖယ်နဲ့ မတူသလိုမတန်သလို ဆက်ဆံကြပြီး မူးယစ်ဆေးသုံးတဲ့ အကျင့်ပျက်မိန်းကလေးတစ်ယောက်လို့ အပြောအဆိုခံခဲ့ရပါတယ်။

ဒါပေမယ့် ဆရာမညိုဟာ မိဘ၊ ဆွေမျိုး၊ အသိုင်းအဝိုင်းတွေရဲ့ ပစ်ပယ်မှုကို ခံရတော့မယ့်အချိန်မှာ မူးယစ်နွံထဲကနေ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး လက်ရှိမှာ အတိတ်က အမှားတွေကို သင်ခန်းစာယူရင်း အနာဂတ်ဘဝကို အကောင်းဆုံးတည်ဆောက်ကာ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်တွေကို တတ်နိုင်သလောက် အသိပညာပေး မျှဝေနေပါတော့တယ်။

ဆရာမညို (အမည်လွှဲ) ဟာ အသက် ၂၄ နှစ်အရွယ်ရှိပြီး ရခိုင်ပြည် စစ်တွေမြို့ထဲက ၉ တန်း၊ ၁၀ တန်း ဘော်ဒါဆောင် ကျောင်းတစ်ခုမှာ သင်္ချာဘာသာရပ်ကို သင်ကြားပေးနေတဲ့ ဆရာမတစ်ဦးဖြစ်ပါတယ်။ သက် ၂၂ နှစ်မှာ စစ်တွေတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး သူမဝါသနာပါတဲ့ သင်္ချာဘာသာရပ်ကို သင်ကြားပေးနေတာပါ။

ဆရာမညို ဟာ ကလေးတွေကို စာသင်ကြားပေးဖို့ ကျောင်းသွားဖို့ ပြင်ဆင်နေပါတယ်။ စာသင်ရာမှာ အထောက်အကူဖြစ်စေဖို့ ဘောပင်၊ သင်ထောက်ကူစာအုပ်တွေကို သူ့အိတ်ထဲ ထည့်ပါတယ်။ နောက်ထပ် ထမင်းဘူးနဲ့အတူ အရေးတကြီးထည့်နေတာက မဖြစ်မနေ သူမနဲ့အတူ အမြဲဆောင်လေ့ရှိတဲ့ မှတ်စုစာအုပ်လေး တစ်အုပ်ပါ။

ဆရာမညိုဟာ နံနက် ၇ နာရီခွဲဆိုရင် ကျောင်းကို အရောက်သွားရပါတယ်။ ၈ နာရီမှာတော့ ကျောင်းသားတွေကို စာသင်ကြားရပါတယ်။ စာမသင်ကြားခင် ၁၅ မိနစ်အလိုမှာတော့ ဆရာမဟာ မှတ်စုစာအုပ်ထဲက သူ့ဘဝရဲ့ အတိတ်တွေကို ကလေးတွေဆီ ပြောပြပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေကို စာမသင်ခင်မှာ ပထမဆုံး သင်ကြားပေးတာက မှတ်စုစာအုပ်ထဲက ဆရာမရဲ့ အတိတ်ဆိုးနဲ့ မူးယစ်ဆေးဝါးအန္တရာယ်တွေကို ပြောပြပေးတာပါ။ အတိတ်က အမှားတွေကို သင်ခန်းစာယူနိုင်ဖို့နဲ့ နောက်တစ်ခါ အမှားတွေ မကျူးလွန်မိစေဖို့ ဆရာမညိုက မှတ်စုစာအုပ်လေးမှာ အတိတ်ကဖြစ်ရပ်ဆိုးတွေကို ချမှတ်ရေးထားခဲ့တာဖြစ်ပါတယ်။

အသက် ၁၅ နှစ် ၁၀ တန်းပညာသင်ကြားနေတဲ့အချိန် စိတ်အလိုလိုက်ပြီး အပေါင်းအသင်းမှားတာကြောင့် ဆေးလိပ်သောက်တတ်သွားရာကနေ ဆေးခြောက်ပါ အသုံးပြုတတ်သွားတယ်လို့ ဆရာမ ညိုက ပြောပါတယ်။

“တစ်ရက် အိမ်မှာ မိဘတွေနဲ့ စကားများကြတယ်။ ကျောင်းကို စိတ်ဆိုးပြီး သွားခဲ့တယ်။ အဲဒီနေ့က စိတ်ဓာတ်လေး ကျနေတယ်။ ယောကျ်ားလေး သူငယ်ချင်းတစ်ယောက်ဆီကနေ ဆေးလိပ်တောင်းသောက် မိလိုက်တယ်။ ဆရာမတို့အုပ်စုက နည်းနည်းဆိုးတယ်လို့ ပြောလို့ရတယ်။ ကျောင်းမှာ ဆေးလိပ်ခိုးသောက်ကြတယ်။ အဲဒီကနေ ဆေးလိပ်သောက်တတ် သွားပြီး အဲဒီကမှတစ်ဆင့် ဆေးခြောက်သုံးတတ်သွားခဲ့တယ်” လို့ ကျောင်းသားတွေကို ပြောပြနေတာပါ။

ဆေးခြောက်သုံးတတ်ရာကနေ ဒေသအခေါ် အစိချေ WY စိတ်ကြွဆေးပြား စွဲစွဲမြဲမြဲသုံးတတ်တော့မယ့် အခြေအနေအထိ ဖြစ်လာကြောင်းနဲ့ ဆေးသုံးတဲ့အချိန်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ အန္တရာယ်တွေကို ကျောင်းသား၊ ကျောင်းသူတွေကို ဆက်လက်ပြောပြပါတယ်။

ကျောင်းစာမသင်ခင် ဘဝအတွေ့အကြုံတွေနဲ့ မူးယစ်ဆေးဝါးအန္တရာယ်တွေကို ဆရာမညိုပြောပြတဲ့ အချိန် ၁၅ မိနစ်အတွင်းမှာ တခြားအတန်းက ကျောင်းသား၊ ကျောင်းသူတွေလည်း စိတ်ဝင်စားပြီး လာရောက်နားထောင် လေ့ရှိကြပါတယ်။

ဆရာမညို ဆက်ပြောပြတာက ” ဆရာမဟာ စာတော်တဲ့ ကျောင်းသူတစ်ဦးဖြစ်တယ်။ ဆရာမ အရမ်းစိတ်ဝင်စား တဲ့ သင်္ချာဘာသာရပ်နဲ့ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်တွေဆိုရင် ဂုဏ်ထူးပါမယ်လို့ ဆရာမတွေက ခန့်မှန်းထားကြတာ။ ဒါပေမယ့် ဆရာမက ဆေးခြောက် အဆက်မပြတ် သုံးတတ်လာတော့ စိတ်က အဲဒီကိုပဲ ရောက်နေတယ်။ စာကို စိတ်မဝင်စားတော့ဘူး။ နောက်တော့ အဆင့်တွေကျလာပြီး စာမေးပွဲကိုတောင် မနည်းအောင်အောင် ဖြေခဲ့ရတယ်” လို့ ပြောပါတယ်။

ဆေးခြောက်က ခေါင်းတွေမူးပြီး အိပ်ငိုက်စေတယ်။ နှလုံးခုန်နှုန်းကို အရမ်းမြန်စေတာကြောင့် နှလုံးရောဂါရှိတဲ့သူဆိုရင် နှလုံးထဖောက်တတ်တယ်လို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်ချတဲ့ တုံ့ပြန်နိုင်စွမ်းကိုလည်း နှေးကွေးစေတာကြောင့် ဆေးခြောက်သုံးပြီး ဆိုင်ကယ်မောင်းလို့ ဆရာမ ယာဉ်တိုက်မှုဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ဆေးခြာက်ရဲ့ ဆိုးကျိုးတွေကို ဆရာမညိုက ကျောင်းသားတွေကို ပြောပြနေတာပါ။

ဆရာမညိုဟာ ဆေးခြောက်ကို ဆေးလိပ်မှာပါတဲ့ ဆေးရွက်မှုန့်တွေနဲ့ရောပြီး သောက်တတ်ရာကနေ ခြောက်လ လောက်ကြာလာတဲ့အခါမှာတော့ ဆေးလိပ်မှာပါတဲ့ မူလ ဆေးမှုန့် (အစာ) တွေကိုထုတ်ပြီး ဆေးခြောက်သီးသန့်နဲ့ အသုံးပြုတတ်လာခဲ့ပါတယ်။

“ဆေးလိပ်ကို အစွဲအမြဲသောက်တတ်လာတယ်။ ဆေးခြောက်မပါဘဲနဲ့လဲ သောက်တတ်လာတယ်။ အိမ်နဲ့ ကျောင်းမှာ ခိုးသောက်ရုံမက အပြင်ထွက် လျှောက်သွားပြီး အပေါင်းအသင်းတွေနဲ့ ဆေးခြောက် အသုံးပြုလာ တယ်။ အဲဒီကတစ်ဆင့် WY စိတ်ကြွဆေးပြားကို စ သုံးလာတယ်။ WY ကို ငါးခါလောက် သုံးဖြစ်ခဲ့တယ်။ ဆေးခြောက်သုံး တုန်းက ထမင်းမစားချင်ရင်တောင် ငှက်ပျောသီးတို့ ဘာတို့ အသီးတွေ စားသေးတယ်။ WY ကျတော့ အစာစားချင်စိတ်ပျောက်လာတယ်။ WY သုံးပြီး လေလွှင့်မျှောနေတဲ့ခံစားချက်ကို ခံစားနေရင်း အစာစားဖို့ကို စိတ်မရှိတော့ဘဲ ထမင်းလည်း ပုံမှန်မစားဖြစ်တော့ဘူး။ ထမင်းမစားဖြစ်တော့ ခန္ဓာကိုယ်က ခွန်အားမရှိဘဲ ဆေးမသုံးတဲ့အချိန်ဆိုရင် ဘယ်လိုမှ နေလို့ထိုင်လို့ မရဘူး။ ခုခံအားတွေကျလာပြီးတော့ အားအင်မရှိတော့ဘူး။ ပြီးတော့ စိတ်ကလည်း ဂနာမငြိမ်ဖြစ်လာတယ်” လို့ ဆိုပါတယ်။

WY ဆိုတာ စိတ်ကြွရူးသွပ်ဆေးပြားပါ။ အစပိုင်းမှာ စိတ်ကြွပြီး ကောင်းသလို ဖြစ်ပေမယ့် ရေရှည်မှာ စိတ်ဖောက်ပြန်ရူးသွပ်စေနိုင်ပါတယ်။ စိတ်ကို အမှန်တကယ် ပြောင်းလဲစေတဲ့အပြင် ကိုယ်ခန္ဓာကိုပါ ဒုက္ခမျိုးစုံပေးလာပါတယ်။ လူသိနည်းတာတခုက WY ထဲမှာ Lithium ပါဝင်တယ်ဆိုတာပါပဲ။ ဘထ္ထရီတွေမှာ အသုံးများတဲ့ သတ္ထုတခု ဖြစ်တယ်လို့ ဆရာမညိုက ရှင်းပြပါတယ်။

ဆေးခြောက်ရော၊ WY စိတ်ကြွဆေးပါ စွဲစွဲမြဲသုံးတတ်တော့မယ့်အချိန်မှာ မိန်းကလေးသူငယ်ချင်းတွေက သိသွားပြီး ဆရာမညိုရဲ့ မိဘတွေကို မိန်းကလေးသူငယ်ချင်းတွေက အသိပေးတိုင်ကြားလိုက်ပြီး မိန်းကလေးသူငယ်ချင်းတွေကလည်း ဆရာမညိုကို အပေါင်းအသင်း မလုပ်ကြတော့ပါဘူး။

အဲဒီအချိန်မှာ ဆရာမညိုဟာ သူငယ်ချင်းမိန်းကလေး အရင်းခေါက်ခေါက်တွေရဲ့ စွန့်ပစ်မှုကို ခံရပါတော့တယ်။ မူးယစ်ဆေးသုံးစွဲတဲ့သူတွေကို ပတ်ဝန်းကျင်က လက်မခံကြဘူးဆိုတာကို ဆရာမညိုဟာ သတိပြုမိလာတယ်။  မိဘတွေကလည်း ဆရာမညိုကို ဆေးဖြတ်ရင်ဖြတ်၊ မဟုတ်ဘူးဆိုရင် ကျောင်းထုတ်ပြီး ရဲလက်ထဲ အပ်မယ်လို့ ခြိမ်းခြောက်သတိပေးပါတယ်။

ဆရာမညို ဆေးသုံးတယ်ဆိုတဲ့ သတင်းကို အိမ်နီးနားချင်းနဲ့ ပတ်ဝန်းကျင်ကလည်း သိသွားတော့ ဆရာမ သွားလေရာတစ်လျှောက် ကဲ့ရဲတဲ့ မျက်လုံးတွေ၊ မတူသလိုမတန်သလိုဆက်တဲ့ ပုံစံမျိုးနဲ့ ပြောဆိုဆက်ခံခဲ့ရတယ်လို့ ဆရာမညိုက ဆိုပါတယ်။

“ဆရာမ ကျောင်းသွားတာဖြစ်ဖြစ်၊ အပြင်ထွက် မုန့်ဝယ်တာဖြစ်ဖြစ် ဆရာမကိုမြင်တဲ့သူတွေက မတူသလို မတန်သလို ဆက်ဆံကြတယ်။ ဆရာမကိုတွေ့ရင် အဝေးကနေ ရှောင်သွားကြတယ်။ မိန်းကလေးဖြစ်ပြီး အကျင့်စာရိတ္တမကောင်းဘူး၊ မူးယစ်ဆေးဝါးသုံးတယ်ဆိုပြီး အပြောအဆိုခံခဲ့ရတယ်။ ဆရာမဟာ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေ ပြောတဲ့စကားကို သိပ်နားထောင်တာမဟုတ်ဘူး။ လွတ်လွတ်လပ်လပ်နေရာတာကို အရမ်းသဘောကျတယ်။ ဒါပေမယ့် ဆရာမက လွတ်လပ်မှုကိုလိုက်စားရင်း အမှားတွေ ကျူးလွန်ခဲ့တာပေါ့။ မလုပ်သင့်တဲ့အရာကို လုပ်မိသွားတယ် ” လို့ ပြောပါတယ်။

စာတော်တဲ့ ဆရာမညိုဟာ မူးယစ်ဆေးမှာ နစ်မြောပြီး အဆင့်တွေကျ၊ ကျောင်းစာတွေနဲ့ ဝေးကွာသွားခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေ ခန့်မှန်းထားတဲ့ ၃ ဘာသာလောက် ဂုဏ်ထူးထွက်နိုင်တဲ့ ဆရာမညိုဟာ ဆယ်တန်းစာမေးပွဲကိုတောင် အောင်ရုံဆိုရုံလောက်သာ ဖြေဆိုနိုင်ခဲ့ပါတယ်။

၉ လလောက် ဆေးသုံးပြီးတဲ့နောက် မိဘတွေရဲ့ ဖိအားတွေ၊ အပေါင်းအသင်းတွေရဲ့ ဖိအားတွေ၊ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေ၊ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ ဖိအားတွေကြောင့် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ပြီး ဆေးဖြတ်မယ်ဆိုတဲ့ အသိစိတ်ပြန်ဝင်ကာ ဆုံးဖြတ်ချ ချခဲ့တယ်လို့ ဆရာမညိုက ပြောပါတယ်။

ဆေးဖြတ်မယ့် ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချလိုက်ပေမယ့် ဆေးဖြတ်တဲ့အခါမှာ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။

“ ၉ လလောက် သုံးဖြစ်ခဲ့တော့ ဆေးကို လွယ်လွယ်ကူကူဖြတ်လို့ မရခဲ့ဘူး။ ပထမ ဆေးလိပ်ဖြတ်တာပေါ့နော်။ WY စိတ်ကြွဆေးကျတော့ ငါးခါလောက် သုံးဖြစ်ပြီးနောက် ဆက်မသုံးဖြစ်ခဲ့ဘူး။ ဆေးခြောက်ပဲ တောက်လျှောက်သုံးဖြစ်ခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့ WY က အရမ်းဆိုးတယ်ဆိုတာကို သိသွားလို့ပဲ။ WY က သတိလွတ်စေတယ်။ WY သုံးထားပြီဆိုရင် ကိုယ့်ကို တခြားတယောက်က ခေါ်တာကို မကြားတော့ဘူး။ ဆေးရဲ့အရှိန်မှာပဲ နစ်မျောနေတာ။ ထမင်းလေးမစားတော့ဘူး။ ညလည်း မအိပ်တော့ဘူးနော်။ တညလုံး ဟိုကြည့် ဒီကြည့်ဖြစ်နေတာ။ WY မသုံးတဲ့အချိန်မှာဆို တစ်ခုခု လိုအပ်နေတယ်။ WY သုံးလိုက်မှ စိတ်က တည်ငြိမ်သွားတယ်။ မဟုတ်ဘူးဆိုရင် မျက်လုံးတွေက ကြောင်တောင်တောင်နဲ့ဖြစ်နေတာ။ အဲဒါနဲ့ မဖြစ်ဘူးဆိုပြီး ဆေးခြောက်ကိုပဲ အလေးပေးသုံးဖြစ်ခဲ့တယ်။ ဆေးခြောက်ကလည်း ဆေးစွဲမယ့်လမ်းစဆိုတော့ မကောင်းဘူးဆိုတာကို သိလာခဲ့တယ်။ အဲဒါနဲ့ ဆုံးဖြတ်ထားတဲ့အတိုင်းပဲ ဆေးလိပ်ကို လျှော့သောက်ပြီး တစ်လလောက် ကျင့်သားယူရတယ်။ နှစ်လလောက်ကြာတဲ့အခါမှာ လုံးဝ မသောက်ဖြစ်တော့ဘဲ သုံးလလောက်အကြာမှာတော့ ဆေးပြတ်သွားတယ်လို့ ပြောလို့ရတယ်” လို့ ဆရာမညိုကဆိုပါတယ်။

ဆေးသုံးတဲ့အချိန်ကာလ တိုတောင်းတာကြောင့် သွေးထဲ၊ အရိုးထဲ မစွဲမြဲသေးတဲ့အတွက် အချိန် ၃ လလောက်နဲ့ ဆေးဖြတ်နိုင်ခဲ့တာက အရမ်းကံကောင်းတယ်လို့ ဆရာမညိုက နောင်တရစွာနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သတိပေးပြောပြနေတာပါ။ ဆေးစွဲသူတစ်ယောက်အနေနဲ့ ဆေးဖြတ်မယ့်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဆေးဖြတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စိတ်ဓာတ်ရေးရာ ကြံ့ခိုင်မှုအပိုင်းက အဓိက ကျတယ်လို့ ဆိုပါတယ်။

“ ဒါကို ငါကျော်ဖြတ်ရမယ်၊ ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ စိတ်ကို တင်းထားရတာ။ အဲဒီတင်းထားတဲ့ စိတ်ကို လုံးဝ လျှော့ချလို့ မရဘူး။ လျှော့ချလိုက်တာနဲ့ သွားပြီ။ ဆေးရဲ့ မကောင်းတဲ့ အကျိုးကျေးဇူးတွေကို ပြန်တွေးရတာ။ ကိုယ်ဘယ်လို ခံစားခဲ့ရတယ်ဆိုတဲ့ ခံစားချက်တွေကို ပြန်တွေးပြီး စိတ်ကို ခိုင်ခိုင်မာမာထားပြီး ဖြတ်ရတာ။ အဲလို မလုပ်နိုင်လို့ ပြန်သုံးပြီး ဆေးစွဲနေတဲ့ လူငယ်တွေ အများကြီးရှိတယ်။ ဆရာမကိုယ်တိုင် တွေ့ခဲ့ရတာ” လို့ ဆရာမညိုက ပြောပါတယ်။

ဆေးဖြတ်ပေမယ့် သုံးချင်စိတ်ကို မထိန်းချုပ်နိုင်ဘဲ ပြန်သုံးရင်း နှစ်တွေကြာသွားပြီး သွေးထဲ၊ အရိုးထဲ စွဲနေတဲ့ လူငယ်တွေ အများကြီးရှိတယ်။ မူးယစ်ဆေးဝါးဆိုတာ စမ်းကြည့်လို့ရတဲ့ အရာမဟုတ်ဘဲ စမ်းသုံးမိရာကနေ စွဲသွားလို့ ပြန်မဖြတ်နိုင်တဲ့သူတွေ ရခိုင်မှာ တပုံကြီးရှိတာကြောင့် မူးယစ်ဆေးဝါးဆိုတာကို လုံးဝ လှည့်တောင် မကြည့်ကြဖို့ ကျောင်းသား၊ ကျောင်းသူတွေကို ဆရာမညိုက တိုက်တွန်းနေတာပါ။

လူငယ်တွေရဲ့ စူစမ်းချင်းစိတ်ကနေ ဆေးသုံးဖြစ်ပြီး စွဲသွားတာနဲ့ အပေါင်းအသင်းမှားလို့ ဆေးသုံးဖြစ်သွားတဲ့ သူတွေက ရခိုင်မှာ ပိုများနေတယ်လို့ အမည်မဖော်လိုတဲ့ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“၂၀၂၀ နဲ့ ၂၀၂၁ မှာ စစ်တွေ၊ မြောက်ဦးနဲ့ တောင်ကုတ်၊ သံတွဲ၊ မောင်တော စတဲ့ မြို့ ၅ မြို့မှာ စစ်တမ်းကောက်ခဲ့ပါတယ်။ အဲဒီစစ်တမ်းအရ လူငယ်တွေဟာ စူးစမ်းချင်တဲ့ စိတ်ကနေ ဆေးသုံးဖြစ်သွားတာကို တွေ့ခဲ့ရတယ်။ မူးယစ်ဆေးဝါးဆိုတာ ဘာလဲဆိုတဲ့ သိချင်စိတ်ရယ်။ ဆေးသုံးပြီးတဲ့အခါ ဘယ်လိုနေသလဲဆိုတဲ့ ခံစားချက်ရယ်။ စမ်းသုံးကြည့်ရာကနေ စွဲသွားပြီး ပြန်ဖြတ်ဖို့ ခက်နေတဲ့သူတွေကိုလည်း တွေ့ခဲ့ရတယ်။ အထူးသဖြင့် အသက် ၁၅ နှစ်နဲ့ အသက် ၂၅ နှစ်ကြား လူငယ်တွေ ဆေးစွဲနေတာ ပိုများတယ်။ ထူးထူးခြားခြားတွေ့ခဲ့တာက အသက် ၃၅ နှစ်နဲ့အထက် ဆေးစွဲနေတဲ့ လူကြီးပိုင်းတွေက လူငယ်တွေကို ဆေးသုံးဖို့ တွန်းအားပေးတာကိုလည်း တွေ့ခဲ့ရတယ်။ ဆေးစွဲနေလို့ ပြန်ဖြတ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ဦး ပြောတာက သူ့ကို ဆေးသုံးဖို့ တွန်းအားပေးခဲ့တာ အသိ အစ်ကိုတစ်ယောက်လို့ ပြောတယ်။ စမ်းသုံးကြည့်ပါလားဆိုပြီး သုံးကြည့်ရာကနေ ဆေးစွဲသွားတာကို တွေ့ခဲ့ရပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်ကို မူးယစ်ဆေးဝါးတွေဟာ ရန်ကုန်မြို့က ရောက်ရှိလာတာဖြစ်ပြီး မူးယစ်ဆေးဝါး ကုန်သည်တွေက ရေလမ်းရော၊ ကုန်းလမ်းရော နှစ်မျိုးလုံးက နည်းလမ်းပေါင်းစုံနဲ့ သယ်သူကြပါတယ်။ စစ်တွေ၊ မြောက်ဦး၊ တောင်ကုတ်၊ သံတွဲနဲ့ မောင်တောမြို့တွေကတစ်ဆင့် ရခိုင်တပြည်လုံးကို ဖြန့်ဝေပြီး မောင်တောမြို့ကတော့ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ တခြားနိုင်ငံတွေကိုပါ ပို့ပါတယ်။ ဒူဘိုင်းမြို့အထိ ရောင်းဝယ်ဖောက်ကားကြတယ်လို့ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးအဖွဲ့က ဆိုပါတယ်။

မူးယစ်ဆေးဝါး အသိပညာပေးအဖွဲ့ရဲ့ တာဝန်ရှိသူက “ စစ်တမ်းကောက်ရင်း မူးယစ်ဆေးဝါး မှောင်ခိုကူးသူ တစ်ဦးနဲ့ ဆုံဖြစ်ခဲ့တယ်။ သူပြောတာက မူးယစ်ဆေးဝါးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ဖို့ပဲ။ ရခိုင်မှာက နည်းနည်းလောက်ပဲ ဖြန့်တာလို့ ပြောတယ်။ သူပြောတဲ့အချိန်မှာ တော်တော်လေးကို ခံပြင်းဖို့ ကောင်းတာ။ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ဟာ လူသားတွေ၊ လူငယ်တွေရဲ့အနာဂတ်ကို ဘယ်လောက်ဆိုးကျိုးပေး တယ်ဆိုတာကို သိလျှက်နဲ့ လူငယ်တွေရဲ့ အနာဂတ်၊ လူသားမျိုးနွယ်ကို မျိုးတုန်းစေတဲ့ အလုပ်ကို လုပ်တယ်ပေါ့နော်။ ကိုယ် ပိုက်ဆံရရင်ပြီးရောဆိုပြီး ရခိုင်လူငယ်တွေရဲ့ အနာဂတ်တွေကို ဖျက်ဆီးနေတာပါ့နော် ” လို့ ပြောပါတယ်။

အဲဒီမူးယစ်ဆေးဝါးကုန်သည်ဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းဆိုတာကို ထုတ်ဖော်မပြောခဲ့ပေမယ့် စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် ၄ နဲ့ ဘောက်သီးစုရပ်ကွက်မှာ အထပ်မြင့်နေအိမ်တွေ ပိုင်ဆိုင်ထားတယ်လို့ မူးယစ်ဆေးဝါးအသိပညာပေးအဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

စစ်တွေမြို့မှာ မူးယစ်ရာဇာ လက်ကြီးသမားတွေ အဓိက နေထိုင်ပြီး ဒေသအာဏာပိုင်အကြီးအကဲတွေနဲ့ပေါင်းကာ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်နေကြတာ ဆယ်စုနှစ်ချီ ရှိနေပါပြီ။ ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာကို ကွန်ရက်သဖွယ်လုပ်ကိုင်ကြပြီး အာဏာပိုင်တွေက လာဘ်ငွေတွေ ရယူကာ မူးယစ်ရာဇာတွေကို အကာအကွယ်ပေးကြပါတယ်။ အရင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ပူးပေါင်းပါဝင်ကြပေမယ့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာတော့ ရက္ခိုင့်တပ်တော် AA ရဲ့ အောက်ခြေတပ်သားတွေကပါ ပါဝင်ပတ်သက်လာတာကို စုံစမ်းရင်း သိခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မူးယစ်ရဲတပ်ဖွဲ့က အကျင့်ပျက်ခြစားမှုကို ပုံမှန် လုပ်လေ့ရှိတယ်ဆိုပေမယ့် ရခိုင်ပြည်သူတွေ တခဲနက်ထောက်ခံထားတဲ့ AA ရဲ့ အောက်ခြေတပ်သားတွေက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်ပတ်နေတာ ထူးခြားတာကြောင့် စုံစမ်းကြည့်ခဲ့ပါတယ်။

စစ်တွေကတစ်ဆင့် ယူလာတဲ့ မူးယစ်ဆေးဝါးမျိုးစုံကို တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပို့တဲ့အခါ လမ်းကြောင်းရဲ့ အခြေအနေနဲ့ ဘယ်သူတွေပါဝင်ပတ်သက်ခဲ့သလဲဆိုတာကို ရေချမ်းပြင်-အငူမော်-ရသေ့တောင်-မောင်တော လမ်းကြောင်းမှာ သယ်ယူပေးရတဲ့ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက အခုလိုပြောပါတယ်။

“စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်းကနေ မြစ်ကိုစက်လှေ ဒါမှမဟုတ် ဘုတ်ကြီးတွေနဲ့ဖြတ်ပြီး ရသေ့တောင် အငူမော်ဆိပ်ကမ်းကို သယ်လာတာ။ အဲဒီဆိပ်ကမ်းတွေမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေကို မဖမ်းဆီးဖို့ လာဘ်ငွေပေးထားတယ်။ အငူမော်ဆိပ်ကမ်းကနေ မောင်တောနယ်စပ် ခြံစည်းရိုးအထိသွားဖို့ AA တပ်ဖွဲ့ဝင်တွေကို အကူအညီတောင်းရတာ။ ရသေ့တောင်မြို့နယ်မှာ တာဝန်ကျနေတဲ့ ဗိုလ်အဆင့်ရှိသူ AA တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ချိတ်ဆက်ပြီး မောင်တောမြို့နယ် တောင်ပြိုမြို့အနီး ခြံစည်းရိုးမှာ စောင့်နေတဲ့ မွတ်ဆလင်တွေ လက်ထဲသို့ အဲဒီမူးယစ်ဆေးဝါးတွေကို ပို့ပေးရတာ။ ဆေးရဲ့တန်ဖိုးက ကျပ်သိန်း ၁၅၀၀ ဖိုးလောက်ရှိမယ်။ AA တပ်ဖွဲ့ဝင်က ၂၀ ရာခိုင်နှုန်း ရမယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် မွတ်ဆလင်က ဆေးတွေယူပြီး ငွေမရှင်းပေးလို့ ဘတ်သွားလို့ ပြဿနာတော်တော်လေး တက်ခဲ့ကြတယ်။ ကော့ဘဇားမြို့အထိ သွားပြီး အဲဒီမွတ်ဆလင်ကို လိုက်ရှာကြတယ်လို့ သိရတယ်။ နောက်တော့ ဘယ်လိုဖြစ်သွားကြသလဲ ကျနော်လည်း အသေးစိတ်မသိဘူး” လို့ ပြောပါတယ်။

ဒီအဖြစ်အပျက်က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပျက်ခဲ့တာဖြစ်ပြီး AA ရဲ့ အောက်ခြေတပ်သား ဗိုလ်အဆင့်ရှိသူက ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မသိခဲ့ရပေမယ့် ဆိုင်ကယ် ကယ်ရီသမားကို ခိုင်းတဲ့သူတွေက စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်က အမျိုးသားတစ်ဦးနဲ့ ဘူးသီးတောင်မြို့က ထွေအုပ်ဝန်ထမ်းတစ်ဦးလို့ သိရပါတယ်။ ရက္ခိုင့်တပ်တော် AA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ အောက်ခြေတပ်သားတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို သေချာစုံစမ်းသင့်ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒီလိုပဲ မူးယစ်မှောင်ခိုလုပ်ငန်းလုပ်နေတဲ့သူတွေ၊ အဖွဲ့တွေ စစ်တွေမြို့မှာ အများကြီးရှိပြီး စခန်းမှူး၊ မြို့နယ်မှူး၊ ခရိုင်မှူး၊ ပြည်နယ်ရဲမင်းကြီးနဲ့ အဆင့်ဆင့် အကျိုးအမြတ်တွေခွဲဝေကာ လုပ်နေကြတာဖြစ်ပါတယ်။ မြောက်ဦး၊ တောင်ကုတ်၊ သံတွဲမြို့တွေက မူးယစ်မှောင်ခိုလုပ်သူတွေလည်း စစ်တွေ၊ မောင်တောမြို့မှာရှိတဲ့ မူးယစ်ရာဇာတွေနဲ့ ဆက်သွယ်လုပ်ကိုင်ကြတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကောင်စီ ပြည်နယ်အရံရဲတပ်ဖွဲ့ရုံးရှေ့ ဗလီပျက်ခြံဝန်းနဲ့ ရှုခင်းသာလမ်းတွေမှာ နေ့စဉ်နဲ့အမျှ လူငယ်တွေ ဆေးသုံးနေကြတာကို ရခိုင်သတင်းမီဒီယာတွေက ဖော်ထုတ်ခဲ့ကြပေမယ့် စစ်ကောင်စီရဲတပ်ဖွဲ့ကတော့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာ ယနေ့အချိန်အထိ မတွေ့ရသေးဘူးလို့ စစ်တွေဒေသခံတစ်ဦးက ဆိုပါတယ်။ 

“စစ်တွေမြို့ထဲက အင်ဘာလာခေါ် အောင်မင်္ဂလာရပ်ကွက်၊ မောလိပ်၊ မင်းဂံနဲ့ ဘုမေရပ်ကွက်တွေမှာ မူးယစ်ဆေးဝါး လက်လီလက်ကား ဖြန့်ဝေရောင်းချနေတာ၊ လူငယ်တွေ ပေါ်ပေါ်ထင်ထင် ဆေးသုံးနေတာကို ရဲတပ်ဖွဲ့က သိပေမယ့် လျစ်လျူရှုနေကြတယ်။ မမြင်ချင်ယောင်ဆောင်နေကြတယ်။ ဖမ်းမိတဲ့သူတွေရှိရင်လည်း ငွေကြေး အမြောက်အများတောင်းပြီး ပြန်လွှတ်ပေးတာတွေ လုပ်တယ်။ မကောင်းမှု ကျူးလွန်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးသင့်တာ။ ဒါမှ မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲတာက လျှော့နည်းလာမှာပေါ့။ စစ်ကောင်စီနဲ့ AA နှစ်ဖက်စလုံးက စစ်ရေးမှာပဲ အာရုံစိုက်နေကြတော့ မူးယစ်သားကောင်တွေက ပိုလွတ်လပ်သွားတာပေါ့။ စစ်ရေးလည်း အရေးကြီးသလို မူးယစ်ဆေးဝါး ပပျောက်ရေးလေး အရေးကြီးပါတယ်” လို့ ဆိုပါတယ်။

ပိုက်ဆံရှိတဲ့ လူငယ်တွေကျတော့ စစ်တွေမြို့ထဲက စားသောက်ဆိုင်အမည်ခံထားတဲ့ ကေတီဗွီ (KTV)၊ ဘားတွေမှာ သီချင်းဆိုသလိုလိုနဲ့ ဝိုင်းဖွဲ့ ဆေးသုံးကြတာရှိပါတယ်။ ဒါ့အပြင် ဟိုတယ်တွေ၊ မိုတယ်တွေမှာလည်း KTV ခန်းတွေ လုပ်လာကြပြီး ဆေးသုံးတာတွေကို ခွင့်ပြုလာကြတယ်လို့ စုံစမ်းသိရပါတယ်။

ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်နေထိုင်တဲ့ ဝန်ကြီးအိမ်ရာဝန်းနောက်မှာရှိတဲ့ အိမ်ဖြူတော် KTV ဆိုင်မှာ စစ်တွေမြို့ထဲက လူငယ်အများအပြား လာရောက်ဆေးသုံးတာတွေရှိတယ်လို့ ၂၀၂၂ ခုနှစ်က အလုပ်ထွက်လာတဲ့ အမျိုးသားဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

“ အသက် ၂၈ နှစ်အောက် လူငယ်တွေ များပါတယ်။ စိတ်ကြွဆေးဖြစ်တဲ့ အိုင်းစ် (ice) တွေ၊ အီး (e) တွေ၊ ကေ (k) တွေ သုံးကြပါတယ်။ ဆေးတွေကတော့ လူငယ်တွေမှာ ပါလာကြတာများပါတယ်။ ဆိုင်ကလည်း လူအပေါ်မူတည်ပြီး တစ်ဗန်းကို ပစ္စည်းအစုံနဲ့ ခုနှစ်သောင်းကျပ်နဲ့ ရောင်းချတာလည်းရှိပါတယ်။ ၂၀၂၂ အောက်တိုဘာလကုန်လောက်မှာ ဧည့်သည် ကောင်လေးတွေနဲ့အတူ K သုံးခဲ့တဲ့ ဝန်ထမ်းအမျိုးသမီး တစ်ယောက်ဆိုရင် အသက်ရှုပ်ကျပ်ပြီး ဆေးရုံတင် ကုသခဲ့ရတာရှိပါတယ်” လို့ အဆိုပါ KTV ဝန်ထမ်းဟောင်းက ပြောပါတယ်။

သူပြောတဲ့ ကေ(K) ဟာ လူငယ်တွေကြား အမှုန့်အဖြစ်ရှုရတဲ့ မူးယစ်ဆေးလို့ သိကြတဲ့ ကတ်တမင်းဖြစ်ပြီး အီး(E) ကတော့ အတ်စ်တစီ လို့ခေါ်တဲ့ မူးယစ်ဆေးပြားနဲ့ အမှုန့်ကို ပြောတာဖြစ်ပါတယ်။ ကေဟာ မေ့ဆေးအနေနဲ့ သုံးကြတဲ့ ကတ်တမင်း ဆေးရည်ကို အငွေ့ပျံပြီး အမှုန့်ပြန်ဖြစ်အောင်လုပ်ထားတဲ့ အမှုန့်ဖြစ်ပြီး စိတ်ကိုပေါ့ပါးလွတ်လပ်စေတဲ့အာနိသင်ရှိလို့ ဘား၊ ကလပ်၊ ကေတီဗွီသွားကြတဲ့ လူငယ်တွေကြားမှာ သုံးစွဲလာကြတာဖြစ်ပါတယ်။ အီးဟာ အရက်ဘီယာတွေထဲထည့်သောက်ရင် အာနိသင်ပိုတယ်လို့ ယူဆကြတဲ့ မူးယစ်ဆေးဖြစ်ပါတယ်။ အိုင်းစ်လို့ သိကြတဲ့ မက်သာဖက်တမင်းကတော့ WY လို စာသားနှိပ်ထားတဲ့ အဖြူရောင်ပုံ စိတ်ကြွဆေးပြားဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းက အိမ်ဖြူတော် KTV ကို ပြည်နယ်စစ်ကောင်စီ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးတာရှိခဲ့ပေမယ့် ဆိုင်ကိုဆက်လက်ဖွင့်ခွင့်ပေးထားတာကို တွေ့ရပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် ဖြေရှင်းခဲ့တာ မတွေ့ခဲ့ရပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်အချို့ဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုမှာ ဘယ်လောက်ထိ ပါဝင်ပတ်သက်နေသလဲဆိုတာကို တွေ့နိုင်ပါတယ်။

၂၀၁၉ ခုနှစ်ကတော့ မြောက်ဦးနဲ့ စစ်တွေမြို့မှာ ရက္ခိုင့်တပ်တော် AA က မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ်တွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးပြီး အသိပညာပေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာရှိပါတယ်။ ဆေးသုံးတဲ့ လူငယ်တွေကို ရာနှင့်ချီဖမ်းဆီးခဲ့သလို ရောင်းဝယ်ဖောက်ကားသူတွေကိုလည်း ဒါဇင်နှင့်ချီ ဖမ်းဆီးခဲ့တာရှိပါတယ်။

ဒါပေမယ့် ရေရှည်မလုပ်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်အတွင်း ဆေးသုံးသူတွေ၊ ရောင်းဝယ်ဖောက်ကားသူတွေ ထပ်တိုးမြင့်တက်လာခဲ့ပါတယ်။ AA ပြောခွင့်ရ ဦးခိုင်သုခကတော့ စစ်ရေးကို ဦးစားပေးနေရလို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးဖက်ကို သေချာမလုပ်နိုင်သေးဘူးလို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုဖူးပါတယ်။

လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှု မရှိရလေအောင် မူးယစ်ဆေးဝါးအန္တရာယ်တွေကို အသိပညာများများ ပေးဖို့လိုအပ်သလို ရောင်းဝယ်ဖောက်ကားတဲ့သူတွေကိုလည်း အာဏာပိုင်အဖွဲ့အစည်းတွေက ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ ဆရာမညိုက တိုက်တွန်းတောင်းဆိုပါတယ်။

“မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လူငယ်တွေကို အသိပညာများများ ပေးဖို့လိုအပ်ပါတယ်။ ရောင်းဝယ်ဖောက်ကားတဲ့သူတွေ၊ ပါဝင်ပတ်သက်နေတဲ့သူတွေကို အမြစ်ဖြတ်နိုင်ဖို့ လိုပါတယ်။ မူးယစ်ဆေးဝါးတွေကို လွယ်လွယ်ကူကူ ဝယ်လို့ရနေတာကလည်း အဓိက ပြဿနာပါ။ စာသင်ကျောင်းတွေမှာလည်း မူးယစ်ဆေးဝါးအန္တရာယ်တွေကို အချိန်ပေးပြီး အသိပညာပေး ဟောပြောပွဲတွေ များများ လုပ်ပေးဖို့ လိုပါတယ်။ ကျမကတော့ မူးယစ်သားကောင်ဖြစ်ခဲ့ဖူးတဲ့အတွက် နောက်မျိုးဆက်သစ်တွေကို ကိုယ့်လိုမဖြစ်ရအောင် တတ်နိုင်သလောက် အသိပညာပေး ပြောနေတာတွေရှိပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စာသင်ကျောင်းတွေ၊ အာဏာပိုင်တွေကသာ အတူတကွ ပူးပေါင်းလုပ်ကြမယ်ဆိုရင် တချိန်မှာ ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါး ကင်းစင်လာမှာဖြစ်ပါတယ်” လို့ ဆရာမညိုက အကြံပြုပါတယ်။  

ရခိုင်ပြည်မှာ မူးယစ်ဆေးဝါးပင် စိုက်ပျိုးထုတ်လုပ်တာမရှိဘဲ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဒေသတွေကနေ ရန်ကုန်မှတဆင့် ရခိုင်ပြည်ကို ရောက်ရှိလာကြတာဖြစ်ပြီး စစ်တွေမြို့မှာဆိုရင် မူးယစ်ဆေးဝါးရောင်းချသူတွေဟာ ပေါ်ပေါ်ထင်ထင် ရောင်းချနေကြတာ ဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက ၂ဝ၁၇ ခုနှစ်အတွင်း လွှတ်တော်မှာ တင်ပြခဲ့ဖူးပါတယ်။

နိုင်ငံအရှေ့ပိုင်းကထုတ်လုပ်တဲ့ မူးယစ်ဆေးတွေကို နိုင်ငံ အနောက်ပိုင်းမှာ အမြောက်အမြား ဖမ်းမိနေတာကြောင့် အဆင့်ဆင့်ဖြတ်သန်းလာတဲ့ လမ်းကြောင်းပေါ်က တရားဥပဒေစိုးမိုးမှုကို ဒီထက် စနစ်တကျ တင်းကြပ်ပေးဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်ထဲမှာ စိတ်ကြွမူးယစ်ဆေး သုံးစွဲသူတွေကို နေရာတိုင်းလိုလိုမှာ တော်တော်လေး ပိုတွေ့လာရပြီး မူးယစ်ဆေးအလွယ်တကူဝယ်နိုင်တာ၊ မူးယစ်ဆေးတင်သွင်းသူတွေကို အာဏာပိုင်တွေဘက်က ထိထိရောက်ရောက် အရေးမယူတာနဲ့ တရားဥပဒေစိုးမိုးရေးပျက်ပြားနေတာတွေကြောင့် မူးယစ်ဆေးသုံးစွဲမှုတွေ ပိုများလာတာဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါး အများဆုံးဖမ်းမိတဲ့ မြို့တွေက မောင်တော၊ စစ်တွေနဲ့ တောင်ကုတ်၊ ဂွမြို့တွေမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၈ ရက်အထိ သုံးလအတွင်း ရခိုင်မှာ ကျပ်သန်းပေါင်း ၁၇၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားနဲ့ မေလကနေ အောက်တိုဘာလအထိ ကျပ်သန်းပေါင်း ၅၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို ဖမ်းမိခဲ့တယ်လို့ ပြည်နယ်စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေကို Western News က စုစည်းမှတ်တမ်းတင်ထားပါတယ်။

စစ်ကောင်စီက မူးယစ်ဆေးဝါးဖမ်းမိတာကို နှစ်အလိုက် ထုတ်ပြန်ပေးတာမရှိပေမယ့် ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း မောင်တောမြို့နယ် ကျီးကန်းပြင်စစ်ဆေးရေးဂိတ်မှာ ကျပ် ၁၀ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေနဲ့ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးစခန်းမှာ ကျပ် ၂၀ ဘီဘီယံတန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာလည်း ငွေကျပ် ၅၆ ဘီလီယံကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ၁၈ သန်းကျော်ကို ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က ဘူးသီးတောင်မြို့ မြို့မရပ်ကွက်နေ မွတ်ဆလင်မိသားစုဆီက ငွေကျပ် သန်းပေါင်း ၅၇၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၂ သန်း ၉ သိန်းလောက်ကို ဖမ်းမိခဲ့တာရှိခဲ့ပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေနဲ့ သုံးစွဲသူတွေဟာ နိုင်ငံရေးမတည်မငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှုအားနည်းနေတဲ့အချိန်မှာ ပိုလှုပ်ရှားတတ်ပါတယ်။ အခုလိုမျိုး ရခိုင်ပြည်အတွင်း စစ်ရေးပြင်းထန်နေတဲ့အချိန်မှာ မူးယစ်ဆေးဝါးအန္တရာယ်ပိုဆိုးရွားလာမှာကို အထူးသတိထားရမှာဖြစ်တယ်လို့ ရခိုင်ပြည်သူတွေကဆိုပါတယ်။

ဂိတ်တွေအများကြီး ဖြတ်လာပြီးမှ ရခိုင်ကို ရောက်လာတယ်ဆိုကတည်းက ဂိတ်တွေမှာ စစ်ဆေးတာတွေ အားနည်းနေပြီး သယ်လာတဲ့အခါ လမ်းခုလတ်မှာ ဘာမှပြဿနာမရှိဘဲ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောသို့ရောက်မှ ဖမ်းမိတယ်ဆိုကလည်း စဉ်းစားစရာတစ်ခု ဖြစ်နေတယ်လို့ ရခိုင်ဒေသခံတွေက ထောက်ပြပါတယ်။

ရခိုင်ပြည်ဟာ မူးယစ်ဆေးစိုက်ပျိုး ထုတ်လုပ်တဲ့ ပြည်နယ်တခုမဟုတ်ပေမယ့် မြန်မာနိုင်ငံအတွင်းက မူးယစ်ဆေးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ဖို့အတွက် အဓိကကျတဲ့ ပြည်နယ်တစ်ခုဖြစ်လာပါတယ်။ အာဏာပိုင်တွေအနေနဲ့ ရခိုင်ပြည်က မောင်တော၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ် စတဲ့မြို့နယ်တွေမှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိတာတွေရှိပေမယ့် ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို မီးရှို့ ဖျက်စီးတာမျိုးတွေလည်း မတွေ့ရတဲ့အပြင် မူးဆေးယစ်တွေ ဖမ်းမိတဲ့ အခါတိုင်းမှာလည်း အများစုက ပိုင်ရှင်မဲ့တွေ ဖြစ်လေ့ရှိကြောင်း နိုင်ငံပိုင်သတင်းဌာနနဲ့ လွတ်လပ်တဲ့မီဒီယာတွေရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

“ မူးယစ်ဆေးဝါးကို စီးပွားရေးလုပ်ငန်းကြီးတစ်ခုလို လုပ်နေကြတဲ့သူတွေကို အာဏာပိုင်အဖွဲ့အစည်းတွေက ထိထိရောက်ရောက် မကိုင်တွယ်နိုင်တဲ့အချိန်မှာ လူငယ်တွေအနေနဲ့ မူးယစ်ဆေးဝါးဆိုတာကို စမ်းသုံးကြည့်ဖို့ မပြောနဲ့ လုံးဝ လှည့်တောင်မကြည့်ကြဖို့ တိုက်တွန်းပါတယ် ” ဆရာမညိုက ဆိုပါတယ်။

မူးယစ်သားကောင်မှ မူးယစ်ပညာပေးဖြစ်လာသူ ဆရာမညိ ယခုဆောင်းပါးကို Western News မှ ရေးသားခြင်း ဖြစ်ပါသည်။

မိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများ မပြုပြင်နိုင်သေးသည့် ရခိုင်တွင် တိုက်ပွဲကြား အပျက်စီးများထပ်ဖြစ်လာ

0

Western News| ဇန်နဝါရီ ၁၃

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းမှုကြောင့် ဖြစ်ပွားခဲ့သည့် အပျက်စီးများကို အပြည့်အဝမပြုပြင်နိုင်သေးသည့် ရခိုင်တွင် တိုက်ပွဲကြောင့် အပျက်စီးများထပ်မံ ဖြစ်ပေါ်လျှက်ရှိနေသည်။

၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် တိုက်ခတ်သည့် မိုခါမုန်တိုင်းကြောင့် လူ၊ တိရိစ္ဆာန်နှင့် ဘာသာရေးအဆောက်အဦးနှင့် နေအိမ်အဆောက်အအုံ အများအပြား ပျက်စီးပြီး သေဆုံးမှုများ ရှိခဲ့သည်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများမှာ စစ်ကောင်စီဘက်မှ ထုတ်ပြန်သည့်စာရင်းမှာ ရခိုင်တစ်ပြည်နယ်လုံး အတိုင်းတာ အနေဖြင့် သေဆုံးသူ ၁၄၈ ဦး၊ ဒဏ်ရာရသူ ၁၃၂ ဦး၊ နေအိမ်အပျက်စီး ၂၆၃၃၂၃ လုံး၊ စာသင်ကျောင်း ၁၈၄၁ လုံး၊ ဘာသာရေးအဆောက်အဦး ၃၀၃၅ လုံး၊ ဆေးရုံဆေးခန်း ၃၄၅ လုံးနှင့် ဓာတ်တိုင် တာဝါတိုင်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်။

သို့သော်လည်းစစ်ကောင်စီဘက်က ထုတ်ပြန်သည့် ရခိုင်တပြည်နယ်လုံးအတိုင်းတာ သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုများသည့် ရခိုင်က လူမှုကယ်ဆယ်ရေးလုပ်နေသည့် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်နှင့် ကွဲလွှဲနေသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ တိုက်ခိုက်ခဲ့သော မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်ဘေးရှောင်းစခန်းများတွင် နေထိုင်ခဲ့ရသည့် စစ်ဘေးရှောင် ၅ သောင်းကျော်သည်လည်း နေရပ်မပြန်ရဘဲ မုန်တိုင်းဒဏ် ခံခဲ့ကြရသည်။

ရခိုင်က လူမှုကယ်ဆယ်ရေးများ၏ ထုတ်ပြန်ချက်မှာ မုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက လူဦးရေ ၃၀၀ကျော် သေဆုံးခဲ့ရပြီး ကျွဲနွားတိရစ္ဆာန် ၄ သိန်းနီး ပါးသေဆုံးခဲ့ရသလို နေအိမ်ပေါင်း ၃ သိန်းနီးပါးအထိ ပျက်စီးခဲ့ရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ များ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

ယင်းအထဲမှာ စစ်တွေ၊ ရသေ့တောင်တို့တွင် သေဆုံး ပျက်စီးမှု များပြားခဲ့သလို ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားတို့တွင်လးည်း အများပြားပျက်စီးဆုံးရှုံးခဲ့ရပြီး ဘာသာရေးအဆောက်အဦး၊ လျှပ်စစ်မီးတိုင်များ သစ်ပင်များပြိုလဲကျမှု လမ်းများ ပျက်စီးမှု အများအပြား ရှိခဲ့သည်။

အဆိုပါ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်မပြုပြင်နိုင်သည့်အထဲတွင် အဓိကအနေဖြင့် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများနှင့်အစိုးရအဆာက်အဦးများ ပါဝင်သည်ဟု ဒေသခံများကပြောသည်။

မိုခါကြောင့်ပျက်စီးသွားသည့် စာသင်ကျောင်းများ ပြန်လည်ပြုပြင်နိုင်မှုအခြေနေနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်ကို Western News မှ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းကဆက်သွယ်မေးမြန်းခဲ့ရာ အားလုံးနီးပါး ပြုပြင်ပြီးစီးတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း မြေပြင် အခြေနေအရမူ မြို့နယ်အချို့မှ အမက စာသင်ကျောင်းအချို့မှာ မည်သည့် ပြုပြင်တည်ဆောက်မှုမျှ မရှိလာသေးကြောင်း စုံစမ်းသိရှိရသည်။

ကျောက်တော်မြို့နယ် ဒေသခံတစ်ဦးက ကျေးရွာမှ စာသင်ကျောင်းအခြေနေနှင့် ပတ်သက်၍ “ပြုပြင်တာတွေ မရှိသေးပါဘူး။ မုန်းတိုင်းတိုက်ပြီးနောက်ပိုင်းဒီအတိုင်းပါပဲ။ ရပ်ရွာကလည်းမတတ်နိုင်တော့ ဖြစ်သလိုပဲမိုးတွင်းမှာ စာသင်ခဲ့ကြရတယ်” ဟုပြောသည်။

ယင်းအပြင် မုန်းတိုင်းဒဏ်ခံခဲ့ရသည့် မြို့ရွာများကို အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ငွေနှင့် ရိက္ခာများပေး အပ်မှုတို့ရှိခဲ့သော်လည်း အပြည့်အဝမရရှိသည့် ဒေသများရှိနေခဲ့ကာ နေအိမ်အဆောက် အအုံများအားလည်း ပြန်လည်ပြုပြင်နိုင်မှု မရှိသည်များလည်း ရှိနေသည်။

ထိုသို့ ပျက်စီးဆုံးရှုံးမှုအများအပြားနှင့် ပြန်လည်တည်ဆောက်နိုင်မှုမရှိသေးသည့် ရခိုင်တွင် မုန်တိုင်းအပြီး ၆ လအကြာ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာ ၁၃ ရက်နေ့ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲမှား စတင်ဖြစ်ပွားခဲ့ကာ တိုက်ပွဲကြား အပျက်စီးများနှင့် အရပ်သား သေဆုံးမှုများ ထပ်မံ ရှိလာခဲ့သည်။

လတ်တလောတိုက်ပွဲဖြစ်ပွားမှု ၂ လတာအတွင်းတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူအရပ်သား ရာချီရှိလာခဲ့ပြီး ကျေးရွာ ၅ ရွာခန့်မီးရှို့ခံရမှုအပြင် ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များမှ စျေးအပါအဝင် နေအိမ်အဆောက်အအုံများပျက်စီးမှုရှိခဲ့သည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့၏ လက်ရှိ မိုခါအလွန် တကျော့ပြန်တိုက်ပွဲမှာ မြို့နယ် ၁၄ ခုအထိကျယ်ပြန့်လျှက်ရှိနေပြီး ထိုအထဲမှ မြောက်ပိုင်းမြို့နယ်အများစုတွင် တိုက်ပွဲများပြင်းထန်လျှက်ရှိနေသည်။

Western News-WN

ပုံစာ- ရခိုင်ပြည် ရသေ့တောင်မြို့အတွင်းက မိုခါ ဆိုင်ကလိုင်း မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့်နေအိမ်များ။

စစ်ကောင်စီ လမ်းပိတ်ထား၍ ရခိုင်ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့် မရကြ

2

Western News| ဇန်နဝါရီ ၁၃

ရခိုင်ပြည်အတွင်း တိုက်ပွဲများ ပြင်းထန်ခြင်းနှင့်အတူ အာဏာသိမ်းစစ်ကောင်စီက ရေလမ်း၊ ကုန်းလမ်း ဆက်သွယ်ရေးများကို ပိတ်ပင်ထားသောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေး ဆုံးရှုံးနေကြသည်။

ကျေးလက်ဒေသရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများအားလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူခွင့် မရရှိကြဘဲ ကိုယ်ဝန်ဆောင်အမျိုး သမီးများအား ပေးသော ဆေးများမှာလည်း ကျေးလက် ကျန်းမာရေးဌာနများတွင် ပြတ်လပ်သွားကြပြီဟု စုံစမ်းသိရှိရသည်။

အထူးသဖြင့် ရခိုင်ပြည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း ဒေသမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေး ဆုံးရှုံးနေကြခြင်းဖြစ်သည်။

မြောက်ဦးဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက “မြို့ပေါ်မှာလည်း တိုက်ပွဲတွေဖြစ်လို့ ဆေးရုံဆေးခန်းတွေက မဖွင့်ကြဘူး။ ကျေးလက်တွေမှာလည်း ကျန်းမာရေးဌာနခွဲတွေက ရွာတိုင်းမှာရှိတာ မဟုတ်ဘူး။ ရှိရင်လည်း ဆေးတွေက ပြတ်လပ်တာနဲ့ ဓာတ်မှန်ရိုက်လို့မရတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မခံယူရကြဘူး” ဟု ပြောသည်။

စစ်တွေမြို့နယ် ကံချောင်းကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကလည်း စစ်ကောင်စီမှ လမ်းပိတ်ထားခြင်းကြောင့် စစ်တွေမြို့သို့ ဆေးခန်းပြရန် သွား၍ မရဖြစ်နေကြောင်း ပြောသည်။

“ကျမ အခုကိုယ်ဝန် ၈ လထဲကို ဝင်နေပြီ။ ဓာတ်မှန်လေးရိုက်ပြီး ကလေးရဲ့ အခြေအနေလေး သိချင်တယ်။ ကျန်းမာရဲ့လားသိချင်တာ။ ကိုယ်ဝန်စရှိတဲ့ အချိန်ကတည်းက ဆေးခန်းတစ်ခါမှ မပြရသေးဘူး။ မိခင်နဲ့ ကလေးရဲ့ အခြေအနေလေး အဆင်ပြေပြေနဲ့ မွေးဖွားနိုင်မလား သိချင်တာ။ လမ်းတွေပိတ်ထားတော့ မသွားရဘူးဖြစ်နေတယ်” ဟု ပြောသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကိုယ်ဝန်စရှိသည့်အချိန်မှစ၍ ဆရာဝန် သို့မဟုတ် ကျေးလက်ဒေသဆိုလျှင် ကျေးလက်ဒေသတွင်ရှိသည့် သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲများရှိ သူနာပြုများထံ ပြသရပြီး ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆောင်ရန်၊ ရှောင်ရန်နှင့် မိခင်နှင့်ကလေး ကျန်းမာရေးအတွက် မဖြစ်မနေ သောက်သုံးရမည့်ဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသည်။

သို့သော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ အဆိုပါ အခွင့်အရေးများမှာ တိုက်ပွဲများ ပြင်းထန်နေခြင်းနှင့်အတူ စစ်ကောင်စီမှ ဆက်သွယ်ရေးလမ်းများအားလုံးကို ပိတ်ပင်ထားခြင်းကြောင့် ဆုံးရှုံးနေကြခြင်းဖြစ်သည်။

ထို့အပြင် ရခိုင်ပြည် တောင်ပိုင်မြို့နယ်မြို့တစ်ခုဖြစ်သည့် လေးတောင်မြို့တွင် တိုက်ပွဲကြောင့် ဆေးရုံတွင် တာဝန်ကျ ဆရာဝန်/သူနာပြုများမှာလည်း အားလုံးနီးပါးတိမ်းရှောင်သွားကြပြီးဖြစ်ကြောင်း သိရသည်။

အလားတူ လူနာများမှာလည်း လေးတောက်မြို့နှင့် နီးစပ်ရာ ဇင်းချောင်တိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး ဆေးကုသမှု ခံယူနေကြရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“အခုက လေးတောင်ကနေ ဇင်ချောင်းတိုက်နယ်ဆေးရုံးကို အရေးပေါ်ကားနဲ့သွားတာ ၈ သောင်းပေးရတယ်။ ဒါက မွေးလူနာ အတွက်သွားတာပါ။ တစ်ခြားကားဆို မပြောတက်ဘူး။ ကျောက်ဖြူသွားမယ်ဆိုရင် ၃ သိန်း နီးပါးလောက်တော့ ပေးရမယ်။ အရမ်းကို ခက်ခဲတယ်။ ဆရာဝန်တွေ မရှိဘူး။ သူနာပြုတွေ မရှိဘူး။ ပထမ တိုက်ပွဲ ဖြစ်ကတည်းက ထွက်ပြေးကြတယ်။ ဒီအတိုင်းဆို ရေရှည်က မလွယ်ပါဘူး”ဟုပြောသည်။

ကျောက်တော်မြို့နယ် ပီချောင်းဒေသခံ အမျိုးသမီးတစ်ဦးကလည်း စစ်ကောင်စီ၏ နေဗီများကို ကြောက်၍ မြို့ပေါ်ဆေးခန်းများသို့ ကိုယ်ဝန် သွားမပြရဲကြောင်း ပြောသည်။

“ကျမတို့က ကျောက်တော်မြို့ပေါ်ကို စက်လှေနဲ့ သွားရမှာ။ ကုလားတန်မြစ်မှာက စစ်ကောင်စီ နေဗီတွေ အသွားအလာလုပ်နေတယ်။ စက်လှေတွေ၊ ဘုတ်တွေတွေ့ရင် လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ လက်နက်ကြီးနဲ့ အပစ်ခံရမှာကို ကြောက်လို့ မသွားရဲဘူး။ ကိုယ်ဝန်က ၇ လရှိနေပြီ။ ဆေးခန်းတစ်ခါလောက် ပြချင်တယ်။ ဒါပေမယ့် မသွားရဲဘူး။ ” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ ညကလည်း စစ်တွေမြို့နယ် ကြွီတဲပိုက်ဆိပ်ကြီးကျေးရွာမှ နှလုံးရောဂါအခံရှိသော ကိုယ်ဝန် ၈ လလွယ်ထားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး အသက် ၂၉ နှစ်အရွယ် မခင်ခင်လင်းမှာ နှလုံးထဖောက်၍ စစ်တွေပြည်သူ့ဆေးရုံသို့ ဆေးကုသရန် လာရောက်စဉ် စစ်တွေမြို့အဝင် ကျောက်တန်းစစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ အချိန်ကြာမြင့်စွာ စစ်ဆေးမေးမြန်းမှုကြောင့် လမ်းတွင်ပင် ကလေးနှင့်မိခင်ပါ သေဆုံးခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။

ရခိုင်ပြည်မြောက်ပိုင်းဒေသမှ မြို့များတွင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်းနှင့် စစ်ကောင်စီမှ မြို့ထဲသို့ လက်နက်ကြီးများ လှမ်းပစ်ခတ်ကြောင့် မြို့ပေါ်ရှိ ပြည်သူများမှာ အိုးအိမ်စွန့်ခွာနေကြရသလို ဆေးရုံ၊ ဆေးခန်းများ အပါအဝင် စီးပွားရေးလုပ်ငန်းများ အားလုံးရပ်တန့်ထားကြရသည်။

ဆေးရုံ၊ ဆေးခန်းများ ဆရာဝန်၊ သူနာပြု ပြည့်ပြည့်စုံစုံဖြင့် ကောင်းကောင်းမွန်မွန်လည်ပတ်နေသည်မှာ စစ်တွေမြို့တစ်ခုတည်းသာရှိနေ၍ အခြားသောမြို့နယ်များမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆေးခန်းပြသရန် လာရောက်လိုသော်လည်း စစ်ကောင်စီမှ ရေလမ်း၊ ကုန်းလမ်းများ ပိတ်ထားခြင်းနှင့် လက်နက်ကြီးအန္တရာယ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု မခံယူနိုင်ကြပေ။

Western News-WN

မှတ်ချက်- ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဌမှ ၎င်းတို့၏ ဓါတ်ပုံများကို သတင်းဌာနများကို သုံးခွင့်မပြု၊ ဖြုတ်ချရန် ဖုန်းဆက်တောင်းဆိုလာ၍ အခြားပုံများနှင့် လဲလိုက်ပါသည်။

ပုံစာ- ရခိုင်ပြည် ပေါက်တောမြို့နယ် (မွေးလူနာ) အား တွေ့ရစဉ်

ဓါတ်ပုံ-မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း

မှောင်ခိုသမားများကျက်စားသည့် ရခိုင်သစ်တော 

1

Western News – မှ စုံစမ်းဖော်ထုတ် ရေးသားသည်။

Western News| ဇန်နဝါရီ ၁၄

ရိုးမတောင်ရိပ်ကို ခိုပြီး တောင်ယာလယ်လုပ် ဓားမခုတ်ဖြင့် အသက်မွေးသည့် ကျေးရွာသားများအတွက် ရခိုင်ရိုးမ တောကြီးက ရွှေသီး၊ ရွှေပင်ဟု အရင်က ဆိုကြသည်။ သို့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယင်းစကား မှာ ဆန့်ကျင်ဘက် ဖြစ်လာသည်။

ဂွမြို့နယ် ကျိန္တလီချောင်းကြောင်းဒေသရှိကျေးရွာသားများမှာ လက်ရှိကာလတွင် ရိုးမတောကို မှီခိုပြီး အလုပ်မရှိတော့ သလို အနာဂတ်အတွက် ရင်လေးစရာများက နေ့စဉ်ရှိလာနေတော့သည်။

“တောထဲမှာ သစ်ပင်ကြီးတွေ ရှားသွားပြီ။ ငါတို့က တပိုင်တနိုင် သစ်ခုတ်စားက ဒီလောက် မဆိုးဘူး။ အခုတော့ အဲလို မဟုတ်တော့ဘူးလေ” ဟု တောတောင်ကိုမှီခိုပြီး အသက်မွေးသူ ကျိန္တလီဒေသခံ (အမည်လွှဲ) ဦးမောင်မောင် က ပြောသည်။

ဦးမောင်မောင်သည် ကျိန္တလီချောင်းဖျားဒေသတွင် သစ်ဝါး၊ ထင်းခုတ်၊ သစ်ဥသစ်မြစ် ရှာသည့် လုပ်ငန်းဖြင့် အ သက်မွေးသူဖြစ်သော်လည်း လက်ရှိတွင် လယ်လုပ်ငန်းသာ လုပ်ကိုင်တော့သည်။ လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး ဦးမောင်မောင် ဆက်ပြောသည်မှာ “လွှစက် (ချိန်းစက်) သံတွေ တဝီဝီကြားနေရတဲ့ နေရာ တွေကတော့ သစ်ပင်ကြီးတွေ ရှိတဲ့နေရာဆိုတာ သွားကြည့်စရာမလိုဘူး”

ဒေသအခေါ် ချိန်းဆွဲစက် သို့မဟုတ် သစ်ဖြတ်စက်များနှင့် ရိုးမတောင်ထဲရှိ ဧရာမ သစ်ပင်ကြီးများကို မိနစ်ပိုင်း အ တွင်း လှီးဖြတ်နေကြခြင်း ဖြစ်ပြီး ခုတ်လှဲလိုက်သည့် သစ်ပင်များမှာ ကညင်၊ ကညင်း၊ စံကား၊ ပျဉ်းကတိုး၊ ကျွန်း စသည့် သစ်မာ အပင်များဖြစ်ကြောင်း ဒေသခံများပြောစကားအရ သိရသည်။ အဆိုပါ လုပ်ငန်းများမှာ ရခိုင်ရိုးမ တောင်တန်းကြီး တလျှောက်ရှိ အမ်း၊ တောင်ကုတ်၊ သံတွဲ မြို့နယ် များတွင် ထိုနည်း တူစွာရှိကြောင်း သိရသည်။

ယင်းအထဲက ဂွမြို့နယ် ကျိန္တလီချောင်း ရေအားလျှပ်စစ်စီမံကိန်း အတွက် ဖောက်လုပ်ထားသည့်လမ်းမှာ ဒေသဖွံ့ ဖြိုးရေးထက် မှောင်ခို ရာဇာများအတွက် အလုပ်ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ လမ်းသည် ကျိန္တလီ – ဂွ လမ်းကနေ ရိုးမတောင်ကြောကို ရောက်ရှိသွားပြီး လမ်းတွင် လုံခြုံရေးစသည့် ဂိတ်များ တစ်ခုမှ မရှိကြောင်း ဒေသခံများက ပြောသည်။ အနီးနားကျေးရွာများနှင့် အနည်းဆုံး ၆ ဖာလုံ၊ ၁ မိုင်ခန့် ဝေးကြောင်းလည်း သိရသည်။

“အခုချိန်မှာ အဲဒီလမ်းကနေ သစ်တန်ချိန် ၁၂ ဘီးကား တစ်နေ့ကို ၅ စီးနဲ့ အထက် ၈ စီးအထိ သွားနေတယ်။ ဒါ ကြောင့် လမ်းဖောက်တာက ရေအားလျှပ်စစ်စီမံကိန်းကို အကြောင်းပြပြီး လမ်းကျေးဇူးကြောင့် အလုပ်ဖြစ်တယ် လေ ” ဟု ကျိန္တလီဒေသ အခြေအနေကို သိသူ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ လုံခြုံရေးအတွက် သူ၏ အမည် ကို မသုံးရန်လည်း Western News ကိုပြောသည်။

ယင်းလမ်းသည် ချောင်းကမ်းဘေးနားကို ကပ်မဖောက်ဘဲ စီမံကိန်းဆိုသည်ထက် သစ်ကောင်း ဝါးကောင်း ရှိသည့် နေရာများဆီ ဖောက်လုပ်ထားခြင်းမှာ ရည်ရွယ်ချက်တစ်ခု ရှိနိုင်မလား? ဟု ဒေသခံများ မေးခွန်းထုတ်ကြသည်။

 ရခိုင်ပြည်နယ်က သစ်မှောင်ခိုလောက

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်ဒေသဖြစ်ပြီး ပင်လယ်ရေကြောင်း အချက်အချာကျသည့် ရပ်ဝန်း လမ်းဆုံတွင် ပထဝီဝင် အနေထားရ အားသာချက်ဖြစ်ပေသည်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နှင့် နီးစပ်သဖြင့် နယ်စပ်ကုန်သွယ်ရေးတွင် မှောင်ခိုလမ်းကြောင်း စီးပွားရေး ဒေသတွင်း စစ်တပ်နှင့် အာဏာပိုင်အပါအဝင် သူတို့နှင့် နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်များ အခွင့်အရေး ရကြသည်။

ထိုအထဲတွင် ရခိုင်ပြည်နယ်၏ သစ်ခိုးထုတ်လုပ်မှုနှင့် မှောင်ခို လမ်းကြောင်းသည်လည်း ထားမရသေးပေ။ သစ် မှောင်ခိုလုပ်ငန်းကို ပင်လယ်ရေလမ်း ကြောင်းများမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ နယ်စပ် စီးပွားရေးလမ်းကြောင်းနှင့် ဒဏ်တွဲနေကြောင်း ရခိုင် စီးပွားရေး အသိုင်းအဝိုင်းက ဆိုသည်။

ရခိုင်ရိုးမနှင့် ပဲခူးရိုးမက ကျွန်းသစ်များကို  မလေးရှားနိုင်ငံ ဘင်္ဂလားဒေ့ရှ့် နိုင်ငံကို မှောင်ခိုပို့သည့် အခါ အဓိက လမ်းကြောင်းမှာ တောင်ကုတ်မြို့နယ်မှ တဆင့် ရေလမ်းကြောင်းကို အားထား သယ်ယူပို့ဆောင်ကြောင်း Western News က  စုံစမ်းသိရှိရသည်။

Western News ၏ စုံစမ်းချက်အရ ရခိုင်ရိုးမက သစ်များကို ပြည်ပကို မှောင်ခိုပို့ရန်အတွက် တောင်ကုတ် ကလိန် တောင် မြစ်ကမ်းနံဘေးက ဆားကွင်းနေရာနှင့် ဒီရေတော မြစ်ချောင်းများထဲတွင် စုဆောင်းထားလေ့ရှိပြီး လိုအပ် သည့် သစ်တန်ချိန် ပမာဏရရှိသည့် အခါ နိုင်ငံခြားသို့ တင်ပို့ကြောင်း ဒေသခံများက ဆိုသည်။

ကလိန်တောင်မြစ်ဝနှင့် တောင်ကုတ်မြို့သည် ခန့်မှန်းခြေ ၇ မိုင်ခန့်ဝေးကွာကြောင်းနှင့် ၂ နာရီနှင့် အထက် သွား ရကြောင်းဒေသခံများက ဆိုသည်။ ရိုးမတောင်ကနေ ခိုးထုတ်လာသည့် သစ်များကို ကလိန်တောင်မြစ် ကမ်း ဘေးတွင် တစ်ပတ်ကနေ တစ်လ အချိန်ကြာသည်အထိ စုပုံထားလေ့ ရှိကြောင်း ပြောကြသည်။ တစ်ခါတစ်ရံ သစ်ရရှိမှု အပေါ်မူတည်ပြီး အချိန်တိုတိုအတွင်း နိုင်ငံခြားသို့ တင်ပို့ကြောင်း တောင်ကုတ်မြို့ခံများ ပြောပြချက်အရ သိရသည်။

“ခင်ဗျားတို့လည်း သတိထားမိမှာပါ။ တရားမဝင်သစ် စက်လှေကြီးတွေကို ကလိန်တောင်မြစ်နားမှာ မိတာတို့ မကြာမကြာ မိတာလေ။ စုပုံထားတာ အများကြီးပဲ။ မိတဲ့ဟာက ၁၀ ခေါက်လောက်မှာ တစ်ခေါက်လောက်ပဲ သတင်းတက်တာ။ လွတ်သွားတာတွေက ရေမတွက်နိုင်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် တောင် ကုတ်မြို့ခံ တစ်ဦးက ဆိုသည်။

ရခိုင်ရိုးမ အရှေ့ဘက်ခြမ်းက ကျွန်းသစ်များကိုလည်း ဧရာဝတီ ကြံခင်း၊ ငါးသိုင်းချောင်း၊ ပဲခူး ပန်းတောင်း၊ မင်း တုန်း၊ ကံမ မြို့နယ်တို့က တောင်ကုတ်ကို တဆင့်ယူပြီး မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ကြသည်။

တောင်ကုတ်မှာဆိုရင် ပါဝင်ပတ်သက်နေသူတွေကတော့ စစ်တပ်နဲ့ နီးစပ်တဲ့ ဒေသတွင်း စီးပွားရေးသမား ခရိုနီ တွေပဲ။ အားလုံး  သိကြမှာပါဟု အဆိုပါ ရင်းမြစ်က ဆိုသည်။

သစ်မှောင်ခိုလောကမှာ တောင်ကုတ်သည်နာမည်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ခရုနီများမှာ ၎င်းတို့ လက်ပါးစေများကို မွေးထားသလို ဆက်စပ်သည့် မြို့နယ်များအလျောက်ဖြစ်သော  အမ်း၊ ဂွ မအီ၊ ရမ်းမြို့နယ်များတွင်လည်း သစ်တောများပေါ်သလောက် သစ်မှောင်ခိုကူးသည့် လက်ပါးစေများကို မွေးစားထားကြောင်း Western News က စုံစမ်း သိရှိရသည်။ 

ယခု ၂၀၂၂ ခုနှစ် တရားမဝင်သစ်များ ဖမ်းဆီးရမိသည်ထဲတွင် ရခိုင်ပြည်နယ်တစ်ခုတည်းမှ ခိုးထုတ်သည့် သစ်များ မဟုတ်ဘဲ ဗမာပြည် ပဲခူးရိုးမနှင့် မင်းဘူးတို့မှ ရခိုင်ပြည်နယ်ဘက်သို့ သယ်ဆောင်လာသည့် တရားမဝင် သစ်များ လည်း ပါဝင်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူက မီဒီယာများကို ယခင်က ပြောခဲ့ဖူးသည်။

ရိုးမတောက ထွက်သည့် ပျဉ်းကတိုး၊ စကားဝါ၊ ကညင်၊ ကညောင်း စသည့် သစ်များကို မအီချောင်း၊ လမူးချောင်း၊ တန်းလွဲချောင်း ဒေသများမှ ဆင်၊ ကျွဲ၊ နွားလှည်း၊ စက်လှေငယ်တို့နှင့် ထုတ်ယူပြီး စက်လှေမော်တော်ကြီးများဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ဆောင်ခဲ့ကြသည်။

သစ်မှောင်ခိုသမားများသည် ဆယ်စုနှစ်နဲ့ချီပြီး ခိုးထုတ်နေခြင်းဖြစ်ကာ တစ်နှစ်ကို သစ်တန်ချိန်မည်မျှ ထုတ်သည် ကို သိရှိရန် ခဲယမ်းသော်လည်း ရခိုင်ပြည်နယ် သစ်တောပြုန်းတီးမှုနှင့် ပတ်သက်ပြီး ၂၀၁၀ ခုနှစ် ကနေ ၂၀၁၅ ခု နှစ်တွင် မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်မှုမှာ ၅၄၆၀၀၀ ဟတ်တာ အထိ ရှိခဲ့ကြောင်း  သဘာဝပတ်ဝန်းကျင် စုံစမ်း ဖော်ထုတ်ရေးအေဂျင်စီ (EIA) ၏ ၂၀၁၆ ခုနှစ် သြဂုတ်လလထုတ်ပြန်ချက် အစီရင်ခံတွင် ဖော်ပြသည်။

ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့ (GFW) ၏ အဆိုအရ  ကျွန်းနှင့် အခြားအဖိုးတန်သော သစ်မာများကို တရုတ် နိုင်ငံနှင့် အခြားနိုင်ငံတို့မှ ဝယ်လိုအားကြောင့် မြန်မာနိုင်ငံတွင် သစ်မှောင်ခိုလုပ်ငန်းများကြောင့် သစ်တောပြုန်း တီးမှု အကြီး အကျယ် ဖြစ်စေသည်မှာ ဆယ်စုနှစ် ၃ ခုကျော် ကြာပြီဖြစ်ကြောင်း ဆိုသည်။ ထို့အတူ သစ်ခိုးထုတ် ခြင်းကြောင့် မြန်မာနိုင်ငံသည် ၂၀၀၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဧရိယာနှင့်ညီမျှသောသစ်တော ဆုံးရှုံး သွားကြောင်း (GFW) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

 ပိုင်ရှင်မဲ့သစ်များ

“ကျနော်တို့ကိုယ်တိုင်မြင်ခဲ့တဲ့ သစ်ပုံတွေဟာ ဌာနဆိုင်ရာတွေ သွားဖမ်းတဲ့ နေ့တွေမှာ မရှိတော့ဘူးလေ။ သစ်တွေ အကုန်ထုတ်ပြီးမှ တာဝန်အရ သွားတာပဲရှိတယ်။ ဆိုလိုတာက သူတို့ကို အသိပေးပြီးမှ သွားဖမ်းတာ။ သစ် အနည်းငယ် ထားခဲ့တဲ့ သဘောပေါ့လေ”ဟု ဒေသတွင်းဖြစ်ပျက်နေပုံကို ဂွဒေသခံ တစ်ဦးက အားမလိုအားမရ ပြောသည်။

ရခိုင်ဒေသက သစ်တောဝန်ထမ်းဟောင်း တစ်ဦးက ဖမ်းပြီဆိုရင် ကိုယ်လွတ် ရုန်းပြေးတော့ သစ်ဖြတ်စက်တွေ နဲ့ သူတို့ နေထိုင်စခန်းချခဲ့တာလေးပဲ ကျန်ခဲ့တယ်။ တစ်ခါတလေ သူတို့မှာ လက်နက်တွေ ပါသေးတယ်။ ဒါကြောင့် ပိုင်ရှင်မဲ့ ဖြစ်သွားတယ် ဟု သံတွဲ မြို့နယ်တွင် သစ်ဖမ်းဆီးခဲ့သည့် ယခင်က အတွေ့ကြုံကို  ပြောပြသည်။

ထို့အတူ အစိုးရဌာနတာဝန် ရှိသူများက အာဏာကို အလွဲသုံး စားလုပ်ကာ ပိုင်ရှင်မဲ့သစ်များအဖြစ် ပုံဖော်ရန် ကြိုး စားခဲ့သည့်ဖြစ် စဉ်များနှင့် ဖမ်းမိသည့် တရားခံများကို လွှတ်ပေးခဲ့သည့် ဖြစ်စဉ်များလည်းရှိနေကြောင်း သစ်တော ဝန်ထမ်းဟောင်း အချို့က အတည်ပြုသည်။

တရားမဝင်သစ်ဖမ်းဆီးရမိသည့်ပုံစံများမှာ သက်ဆိုင်ရာမြို့နယ်သစ်တောဌာန တာဝန်ရှိသူများနှင့် ရဲ၊ စစ်တပ် တပ်ဖွဲ့ ဝင်များကွင်းဆင်းကြစဉ် ခုတ်လဲထားသောသစ်များကို ပိုင်ရှင်မဲ့တွေ့ရှိခြင်း၊ ဒေသခံတို့၏ သတင်းပေး တိုင် ကြားချက်အရ သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးရမိခြင်းနှင့် သစ်သယ်ဆောင်လာသည့်ယာဉ်များကို လုံခြုံရေး ဂိတ် များတွင် စစ်ဆေးတွေ့ရှိခြင်းမျိုးဖြစ်သည်။

၂၀၂၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် တရားမဝင် သစ်တန်ချိန် စုစုပေါင်း ၈၄၄ ဒသမ ၅၃၉၂ တန်အထိ ဖမ်းဆီးရမိခဲ့ ကြောင်း ပြည်နယ် သစ်တောဦး စီးဌာန ၏ စာရင်းအရသိရသည်။ ဖမ်းဆီးရမှုမှာ သံတွဲခရိုတွင် ၅၁၄ ဒသမ ၃၇၂၂ တန်၊ မောင်တောခရိုင်တွင် ၁၀၅ ဒသမ ၇၀၈၂ တန်၊ စစ်တွေ ခရိုင်တွင် ၁၈၄ ဒသမ ၃၆၀၂ တန်၊ ကျောက်ဖြူ ခရိုင်တွင် ၃၉ ဒသမ ၉၁၈၆ တန်တို့ဖြစ်သည်။

၂၀၂၃ (ယခုနှစ်) သစ်ဖမ်းဆီးရမှုအခြေအနေနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် သစ်တောဌာန တာဝန်ရှိသူထံသို့ Western News က စုံစမ်းမေးမြန်းရာတွင် “ဖြေဆိုရန် ငြင်းဆန်ပြီး ရုံးသို့လာမေးရန်” ဆိုသည်။ ယင်းကြောင့် လတ်တလောတွင် Western News က သွားမေးရန် အဆင်မပြေသဖြင့် အချက်အလက်များ မသိနိုင်သေးပေ။

ဆက်လက်ပြီး ယနေ့အချိန်ထိ သစ်တောဌာနကလည်း တခြားမီဒီယာများတွင် ရခိုင်ပြည်နယ် တစ်နှစ်အတွင်း သစ်ခိုးထုတ်မှု စာရင်းများကို ဖော်ပြခြင်းမရှိသေးပေ။

 ဘယ်သူတွေ သစ်ခိုးထုတ်နေလဲ

သစ်ခိုးထုတ်မှု လုပ်ငန်းစဉ်များထဲတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် တောင်ကုတ်၊ သံတွဲ၊ ဂွ စသည့်ဒေသက စီးပွားရေး လုပ်ငန်းရှင်များနှင့် အတူ အာဏာပိုင်များလည်း ပါဝင်ပတ်သက်နေကြောင်း ဒေသခံများက ပြောသည်။

“ဂွမြို့နယ်မှာ အဓိကနာမည်ကြီး ရွှေသီးဆိုတဲ့ လူရှိတယ်။ ကျနော်သူနဲ့ မျက်နှာချင်းဆိုင် စကားပြောခဲ့တယ်။ သူနဲ့ ပြောလို့ရတဲ့ အကြောင်းကတော့ ဘယ်သစ်ဝယ်ချင်တယ်။ ဘယ်လောက်လိုတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ချဉ်း ကပ်ရတာ” ဟု စစ်တွေဒေသခံ တစ်ဦးက ဂွဒေသသို့ သစ်ဝယ်ရန် သွားခဲ့သည့် သူ့အတွေ့ကြုံကို ပြောပြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရွှေသီးဆိုသူကို ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ သို့သော်လည်း ဒေသခံများပြောစကားအရ လက်ရှိ ရခိုင်စစ်ပွဲများကြောင့် သစ်မှောင်ခိုသမားများမှာ ခြေရာဖျေက်နေကြောင်း ဆိုသည်။

အခုကတော့ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ စတင်ကတည်းက သစ်သမားတော်တော်များများ ခြေရာ ပျောက် နေကြတယ်။ ရန်ကုန်တို့၊ ပြည်မဖက်ကို ရှောင်နေတယ်လို့ ဆိုကြတယ်။ အတိကျတော့ ပြောရခက်တယ်။ လမ်းခရီးပိတ်ဆို့ထားတော့ အလုပ်ဖြစ်ကြတော့ဘူး။ လုံခြုံရေး အခြေအနေလည်း ရှိတာပေါ့လေ ဟု ဂွမြို့ခံ တစ်ဦးက ပြောသည်။       

ထိုသို့ တရားမဝင် သစ်ခိုးထုတ်ရန်အတွက် ချိန်းလွှစက်ဂိုဏ်းတွင် ဒေသခံများမှာ အနည်းဆုံး ၂၀ ဦးကနေ ၃၀ ဦး အထိရှိကြောင်း သိရသည်။ အဆိုပါ ဒေသခံများကို သစ်မှောင်ခို သူဌေးများက ပုံမှန်နေ့စားလုပ်အားခထက် ငွေ ကြေး၊ အစားအသောက်စရိတ် ပေးခြင်း၊ ထွက်ရှိလာသော သစ်တန်အလိုက် ငွေပေးခြင်း စသည်နည်းမျိုးစုံနှင့် မက် လုံးပေးခိုင်းစေခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ လွှစက်ဂိုဏ်းများသည် ဒေသအတွင်း သစ်ပင်ကြီးများ ရှိသည့်နေရာများကို သိနေပြီး သစ်မှောင်ခိုများဆီ သတင်းပေးပြီး ဈေးညှိ ထုတ်ယူကြကြောင်း ဒေသခံများက ဆိုသည်။

“ဘယ်နေရာမှာ ဘယ်သစ်တွေ ဘယ်လောက်ထိ ရှိနေတာကို နားလည်တယ်။ ဒါကို သစ်မှောင်ခို သူဌေးဆီသွား ပြီးတော့ သတင်းပေးတယ်။ ငါတို့ကို တန်ကျ၊ ပေကျပေးရမယ်။ အဲဒီလို ဈေးညှိနှိုင်းတာပေါ့” ဟု ကျိန္တလီဒေသခံ တစ်ဦးက ဆိုသည်။

ယင်းအပြင် သစ်မှောင်ခို သမားများလက်ထဲတွင် သေနတ်ကိုင်ဆောင်ကာ သစ်ခိုးထုတ်ကြပြီး အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပိုတွင်ကျယ်လာကြောင်း အမ်းဒေသခံများက ပြောဆိုကြသည်။

“သစ်ခိုးထုတ်မှုတွေကတော့ အမ်းနဲ့ မအီကြားက ရခိုင်ရိုးမတောင်ရိုးတလျှောက်ပဲ။ ဘတ်ဟိုးတွေနဲ့ လမ်းဖောက် တယ်။ ကားနဲ့သယ်တယ်။ ချိန်းစက်တွေ ရာချီနဲ့ လူအင်အားသုံးပြီး ယူကြတာ။ တစ်နေ့ကို သစ်ပင်ရာချီ ခုတ်လှဲကြ တာ” ဟု အမ်းမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။

 သစ်ခိုးထုတ်မှုကို တားဆီးရေးတွင် လိုအပ်ချက်များစွာရှိနေဆဲ

ရခိုင်ဒေသ၏ ထက်ဝက်ကျော်ကို သဘာဝပေါက်ပင် သစ်တောများဖြင့် ဖုံးလွှမ်းထားကြောင်းဆိုသည်။ သို့သော် လည်း သစ်တောများမှာ နှစ်စဉ်ပြုန်းတီးမှုနှင့် ကြုံနေရသည်။ တစ်ပိုင်တစ်နိုင်သစ်ခုတ်သူများထက် တရားမဝင် သစ်ခိုးထုတ်မှုများက သစ်တောသယံဇာတပြုန်းတီးလာရခြင်း၏ အဓိကအကြောင်းရင်းဖြစ်လာသည်။

သစ်ခိုးထုတ်မှုများမှာ ယခင်ကတည်းက ရှိနေခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ အတားဆီးမဲ့ သစ်ထုတ်မှုအခွင့် အရေးများ ရရှိသွားခဲ့သည်။

“ဒီအတိုင်းဆိုရင် နောက်ထပ် သုံးနှစ်လောက်ဆို ရိုးတောင်က သစ်တွေ မရှိနိုင်တော့ဘူး။ ရခိုင်ရိုးမဆိုပြီး ဝါးတော ပဲ ကျန်တော့မယ်။ ကျိန္တလီဘက်ကနေ ဂွကိုသွားတဲ့ ကားလမ်း ဝဲဘယ်ညာကို ကြည့်ရင်သိနိုင်တယ်။ အကုန်လုံး တောင်ကတုံးတွေ ဖြစ်နေပြီ”ဟု ဂွမြို့ခံ တစ်ဦးက ဆိုသည်။

အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခ အရှိန်အဟုန်မြင့် လာပြီး တရားဥပဒေစိုးမိုးမှုနည်းပါးကာ သစ်ခိုးထုတ်မှု၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆုတ်ယုတ်သွားခဲ့ ကြောင်းလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများက မှတ်ချပြုသည်။

သစ်တောပြုန်းတီးခြင်း၏ နောက်ဆက်တွဲအဖြစ် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဆိုးကျိုးများကို ကြုံတွေ့ နေရ ပြီး မြန်မာနိုင်ငံ အောက်ပိုင်း ရခိုင်၊ ပဲခူး မကွေး စသည့် ဒေသများတွင် သဘာဝဘေး ဒဏ်သင့်ခဲ့ရကာ သန်းနှင့်ချီ ပြည်သူများ ဒုက္ခရောက်ခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်တမ်းများအရ အိမ်နီးချင်း နိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ များ တိုးလာနေသော်လည်း မြန်မာနိုင်ငံတွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းအထိ လျှော့ကျခဲ့ ကြောင်းလည်း သစ်တောမှတ်တမ်းများအရ သိရသည်။

ကမ္ဘာ့သစ်တော သယံဇာတ လေ့လာဆန်းစစ်ချက် (FRA ) ၏ အဆိုအရ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် သတ္တမမြောက် သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် သစ်တော ပြုန်းတီးမှု တတိယနေရာတွင် ရပ်တည်ခဲ့ဖူးသည်။

“ပြန်လည်ထိန်းသိမ်းဖို့ အတွက်ဆိုရင် သစ်တော တစ်ခုတည်ထောင်ဖို့ နှစ်ပေါင်း ဆယ်ချီ၊ ရာချီကြာမယ်။ သစ် တောဆိုတာက အပင်တစ်မျိုးတည်းကို ဆိုလိုတာမဟုတ် မျိုးစုံသစ်ပင်တွေ ပေါက်ဖို့လိုတာ။ ဇီဝမျိုးစိတ်တွေ ကျက်စားမှ သစ်တော တစ်ခုဖြစ်မှာ”ဟု အမ်းမြို့နယ်က သဘာဝပတ်ဝန်းကျင်အရေး ထိန်းသိမ်းနေသူ တစ်ဦးက ပြောသည်။

ရခိုင်ဒေသ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူအချို့ကလည်း  သစ်တောပြုန်းတီးခြင်း၊ ကာကွယ်ရန် စိုက်ခင်းများတည်ထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း တရားမဝင်သစ်ခိုးထုတ်မှုများကို ဥပဒေဖြင့် ထိရောက်စွာ လုပ်ရ ရမည်ဟု အကြံပြုသည်။

သစ်တော ပြန်းတီးမှုနောက်ဆက်တွဲအဖြစ် ကမ္ဘာမြေကြီး အပူချိန်တိုးလာမည်။ သစ်ပင်များသည် ကာဗွန်ဒိုင် အောက်ဆိုက်ကိုစုပ်ယူပြီး အောက်ဆီဂျင်ထုတ်ပေးသည်ဖြင့် သစ်ပင်များပြုန်းတီးလာလေလေ ကမ္ဘာမြေကြီး ပူ နွေးလာပြီး မိုးခေါင်ရေရှား၊ ရာသီဥတု အစွန်းရောက်မှုဒဏ်ကိုခံရမည်ဟုလည်း သဘာဝပတ်ဝင်းကျင် အရေး ကျွမ်း ကျင်သူများက အသိပေးနေကြသည်။

ဒေသနေပြည်သူတွေကတော့ မိုးမမှန်တော့ဘူး။ အချိန်ခါမဲ့ ရွာသွန်းမယ်။ အစွန်းရောက် ရာသီဉတုတွေရှိလာ မယ်။ မိုးခေါင် ရေရှားနဲ့အတူ မုန်တိုင်းဒဏ်ကိုခံရနိုင်ပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးကုန်တာ။ ရေအရင်း မြစ်တွေ မြေဆီလွှာတွေ ဆုံးရှုံးမယ် စတာတွေ ဆိုးကျိုးတွေက မဆုံးနိုင်ဘူး ဟု အမ်းမြို့ နယ်က သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက်နေသူ တစ်ဦးက ထောက်ပြသည်။

ဌာနဆိုင်ရာ ထိန်းသိမ်းမှု အပိုင်းတွင်လည်း သစ်တောဥပဒေအရ အားနည်းချက်၊ လိုအပ်ချက်များရှိသည် ဆိုသော်လည်း ရခိုင်ရိုးမတွင် သစ်တောဌာနနှင့် တည်ဆဲ အာဏာပိုင်များ၏ ခေတ်အဆက်ဆက်က သစ်ခိုးထုတ်မှု လာဘ်စားမှု စနစ် အမြစ်တွယ်နေမှု တိုက်ထုတ်ဖို့ လိုအပ်လာနေသည်။

သစ်တော ဥပဒေအရ ကြိုးဝိုင်းသစ်တောများထဲတွင် သစ်ပင်စိုက်မှသာလျင် စီးပွားရေး လုပ်လို့ရသော်လည်း ရခိုင် ဒေသတွင် သဘာဝပေါက်နေသည့်  သစ်ပင်ကိုခုတ်ပြီး စီးပွားရေးလုပ်စားနေသည်မှာ မဖြစ်သင့် တော့ပေ။  

“ဝန်ဖိုက်မှာ သစ်တော ဧရိယာနည်းပြီးတော့ ပုစွန်ကန်တွေ များသွားတယ်။ ပုစွန်မွေးမြူရေးလုပ်တဲ့အခါ သစ်ပင် တွေ အများကြီး သေသွားတယ်။ ဆိုတော့ သစ်ပင်ကို ခုတ်ပြီးမှ စီးပွားရေးလုပ်တာကတော့ သစ်တောဥပဒေနဲ့ အ ဆင်မပြေဘူး။  ဥပဒေမှာ သစ်ပင်ကို စိုက်ပြီးမှ အကျိုးတူ အချိုးကျ စီးပွားရေးလုပ်ရတာလေ။ အခုက ပြောင်းပြန် “ဟု ရမ်းဗြဲကျွန်းက ဝန်ဖိုက်ဒီရေတောကို ဥပမာပေးပြီး သဘာဝပတ်ဝန်းကျင် အရေးလုပ်ဆောင်နေသူ တစ်ဦးက ထောက် ပြသည်။

အထက်ပါအတိုင်း ရခိုင်ရိုးမက မှောင်ခိုသစ်ခုတ်သူများကြောင့် သစ်တောပြုန်းတီးမှုအကျိုးဆက်အဖြစ် ဒေသနေ ပြည်သူတို့မှာ ရာသီဥတုဖောက်ပြန်မှု ဒဏ်နှင့်အတူ အလုပ်အဆင်မပြေမှုများ လာနေသည်။

“ဒေသခံတွေကတော့ ကညင်ဆီထုတ်တဲ့ တပိုင်တနိုင်သမားတွေဆိုရင် လုပ်စားစရာ မရှိတော့ဘူး။ ကညင်ပင် တွေကို ခုတ်ယူလိုက်ကြပြီ” ဟု ကျိန္တလီ ဒေသခံ ဦးမောင်မောင်တစ်ယောက် ညည်းတွားနေရှာသည်။

Western News -WN

စုံစမ်းဖော်ထုတ်သည့် အဆိုပါဆောင်းပါးအား Western News – မှ ရေးသားပါသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်နေ

0

လားရှိုး လေကြောင်းလိုင်းများပိတ်ထား

Western News|အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ သိန္နီ၊ ချင်းရွှေဟော်၊ လားရှိုးတို့တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အပါအဝင် BPLA တို့ ယနေ့ နံနက်ပိုင်းမှ စ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။

စစ်ကောင်စီနှင့် ယင်းတို့ လက်အောက်ခံ ပြည်သူ့စစ်များကို နှိမ်နှင်းနိုင်ဖို့ ၁၀၂၇ စစ်ဆင်ရေးကို ဟန်ချက်ညီ ပူးပေါင်းဆင်နွဲလိုက်ကြောင်း AA ပါဝင်သည့် မဟာမိတ်အဖွဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ညီနောင် မဟာမိတ် (၃) က ထုတ်ပြန်ကြေညာလိုက်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဖြစ်ကြသည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ရက္ခိုင့်တပ်တော် AA တို့က တရုတ်-မြန်မာနယ်စပ်ဒေသမှာ ကြီးထွားလာသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ထိန်းချုပ်ဖို့နှင့် ပါဝင်ပတ်သက်နေသည့် စစ်ကောင်စီတပ်နှင့် ယင်းလက်အောက်ခံ ပြည်သူ့စစ်များကို နှိမ်နှင်းဖို့ စစ်ဆင်ရေး ၁၀၂၇ ကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သော ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ် MNDAA က ယနေ့ နံနက်ပိုင်း ၀င်ရောက် တိုက်ခိုက်ရာ လက်ရှိတွင် တစ်မြို့လုံးနီးပါးကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဒေသခံများ က ပြောဆိုသည်။

အဆိုပါ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် လားရှိုးလေကြောင်းလိုင်းများကို ယနေ့ နံနက်ပိုင်းတွင် ယာယီပိတ်ထားလိုက်ပြီး မည်သည့်နေ့တွင် ပြန်လည်ဖွင့်မည်ကို မသိရှိရကြောင်း လားရှိုးမြို့ခံတစ်ဦးက Western News ကိုပြောသည်။

“ဒီကနေ့ မနက်ပိုင်းက ပိတ်လိုက်တာဗျ။ ဘယ်နေ့ပြန်ဖွင့်မည်ဆိုတာတော့ မသိဘူး။ လားရှိုး – မူဆယ် လမ်းမကြီးတစ်လျှောက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်”ဟုပြောသည်။

ရက္ခိုင့်တပ်တော် AA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များက ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ မန်းယန်၊ နမ့်ခမ်း၊ စခန်းသစ်ကုန်း၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ မုံးစီး၊ သိန္နီ ရေပူ၊ လားရှိုး ၆၈၊ ၄၁၊ လောက်ကိုင်၊ ချင်းရွှေဟော် စတဲ့ စစ်ကောင်စီ တပ်စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ယနေ့ နံနက် ၄ နာရီတွင် ရှမ်းပြည် မြောက်ပိုင်း၊ ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာနစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ တပ်ဘက်မှ အများအပြားသေဆုံးခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုများနှင့် လားရှိုးဘက်မှ ချင်းရွှေဟော်ဘက်သို့ စစ်ကောင်စီဘက်မှ စစ်ကူ သံချပ်ကာကားများနှင့် စစ်ကားတန်းများ တက်လာနေကြောင်း ဒေသခံများက ပြောသည်။

ဒေသပြည်သူတစ်ဦးက “အခု မနက် ၁၁ နာရီ သိန္နီမှာ ရဟတ်ယာဉ်တွေနဲ့ပစ်တယ်။ လက်နက်ကြီး တွေကလည်း တောက်လျှောက်ပဲပစ်နေတာ။ တစ်မြို့လုံး ဘယ်သူမှ မထွက်ရဲဘူး။ သိန္နီတံတားလည်း ကျိုးသွားပြီလို့ကြားတယ်” ဟု‌ ပြောဆိုသည်။

Western News-WN

ပုံစာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAAနှင့် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ ဓါတ်ပုံ/ Arakan Army

UEC မှ ပါတီမှတ်ပုံတင်ခွင့် မချပေးသေးသည့် အကြောင်းရင်း မသိရဟု ANP ဆို

0

Western News| အောက်တိုဘာ ၂၅

စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဘက်မှ ရခိုင်အမျိုးသားပါတီ ANP အား မှတ်ပုံတင်ခွင့် မချပေးသေးခြင်းမှာ မည်သသည့် အကြောင်းရင်းကြောင့် ဖြစ်သည်ကို မသိရှိရဟု ရခိုင်အမျိုးသာပါတီမှ တာဝန်ရှိသူများက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြီးခဲ့သည့် ဇန်နဝါရီလက ချမှတ်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေသစ်အရ ပါတီများပြန်လည်မှတ်ပုံတင်ကြရရာ မှတ်ပုံခွင့်လျှောက်သည့်ပါတီ ၆၄ ပါတီရှိခဲ့ပြီး ထိုအထဲမှ လက်ရှိ ၃၆ ပါတီကို မှတ်ပုံတင်ခွင့်ပြုထားပြီဖြစ်ကြောင်း UEC မှထုတ်ပြန်ထားသည်။

မှတ်ပုံတင်ခွင့် မကျသေးသည့် ကျန် ၂၈ ပါတီထဲတွင် ရခိုင်ပြည်မှ အင်အားကြီးပါတီတစ်ခု ဖြစ်သည့် ANP လည်း ပါဝင်နေခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် မှတ်ပုံတင်ခွင့် မချပေးသည် ဆိုသည်ကို မသိရှိရဟု ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဘရှိန်က ပြောသည်။

“ဒါကတော့ UEC နဲ့ပဲ သက်ဆိုင်တာ။ သူတို့မှာပဲ လုပ်ပိုင်ခွင့်ရှိတဲ့အတွက် သူတို့ချပေးမှပဲ ကျလာမှာ။ ဒီဖက်ကတော့ နိုင်ငံရေးပါတီ ဥပဒေသစ်အတိုင်း မှတ်ပုံတင်ခဲ့တယ်။ သူတို့ပေးထားတဲ့ ပုံစံအတိုင်းပဲ ပြည့်ပြည်စုံစုံ လုပ်ဆောင်ပေးခဲ့ပြီ။ သူများတွေက ပါတီဆက်လက်ရပ်တည်ခွင့်ရပြီ ကျနော်တို့က ဘာလို့မရသေးလဲဆိုပြီး UEC ကို အခါအား လျော်စွာမေးပေမယ့်လည်း စီစစ်နေပါတယ် ဆိုတာလောက်ပဲဖြေတယ်။ ဘာလိုအပ်ချက်ရှိလဲဆိုတာမပြောဘူး “ဟုပြောသည်။

ပါတီ ဆက်လက်ရပ်တည်ခွင့် အတွက် နိုင်ငံရေးပါတီ ဥပဒေသစ်အတိုင်း ရခိုင်မှ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီနှင့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေပါတီတို့ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြရာ ထိုအထဲမှ ANP ပါတီတစ်ခုကိုသာ မှတ်ပုံတင်ခွင့် ချမပေးသေးခြင်း ဖြစ်သည်။

မှတ်ပုံတင်ခွင့်ပြုရန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အလုပ်ဖြစ်ပြီး မှတ်ပုံတင်ခွင့်အတွက် လိုအပ်ချက်ရှိသည်များကို ပြောဆိုလာပါက ဖြည့်ဆည်းပေးရမည်ပင်ဖြစ်သည်ဟု ဦးဘရှိန်ကဆက် ပြောသည်။

“မှတ်ပုံတင်ရမယ်ဆိုလို့ တင်ထားပြီ။ ခွင့်ပြုရမှာကသူတို့အလုပ်ပဲပေါ့။ ဘာတွေလိုအပ်ချက်ရှိတယ်လို့ ပြောလာရင်လည်း ဒီဖက်ကဖြည့်ဆည်းပေးမှာပါ။ ကြာလည်းကြာနေပြီ။ ANP တစ်ခုတည်းကိုပဲ မှတ်ပုံတင်ခွင့် ချမပေးသေးတာတော့ မဟုတ်ဘူး။ ၃ လပိုင်းလောက်ကနေ မှတ်ပုံတင်ခွင့်လျှောက်ထားတာဆိုတော့ ကြာတော့ ကြာနေပြီ ” ဟုပြောသည်။

UEC မှ နေ၍ ယခုကဲ့သို့ ပါတီမှတ်ပုံတင်ခွင့်မချပေးသေးခြင်းကြောင့် နိုင်ငံရေးလှုပ်ရှားမှုများနှင့် ပြည်တွင်းပြည်ပ မှဖိတ်ကြားသည့် ပွဲများကို တက်ရောက်ခြင်းတို့ ရပ်တန့်ထားရသည်ဟု ရခိုင်အမျိုးသားပါတီ ANP မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့် ချမပေးသည့် ပါတီများထဲတွင် ရခိုင့်အမျိုးသားပါတီ ANP အပြင် တစ်ခြားတိုင်းရင်းသားပါတီများဖြစ်သည့် ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီနှင့် တစ်ခြား ပြည့်သူပါတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီတို့လည်း ပါဝင်ပြီး စုစုပေါင်း ၂၈ ပါတီ ခန့်ကျန်နေသေးကြောင်း သိရသည်။

Western News-WN

မြောက်ဦးခရီးသွားလုပ်ငန်း အသက် ဆက်လက်ရှင်သက်ဖို့ ရခိုင်ပြည် တည်ငြိမ်အေးချမ်းဖို့လို

Western News| အောက်တိုဘာ ၃

ယခု ၂၀၂၃-၂၀၂၄ ခရီးသွားရာသီအတွင်း ရှေးဟောင်းမြောက်ဦးမြို့သို့ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ ဝင်ရောက်လာရေးကို ဟိုတယ်များ၊ ဧည့်လမ်းညွှန်များနှင့် ဒေသခံပြည်သူများက မျှော်မှန်းနေကြသည်။

လက်ရှိတွင် မြောက်ဦးရှေးဟောင်းယာဉ်ကျေးမှုဒေသသည် လက်နက်ကိုင်ပဋိပက္ခများမရှိဘဲ တည်ငြိမ်အေးချမ်းနေသည့်အတွက် လုံခြုံစွာလည်ပတ်သွားလာနိုင်ပြီး ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်များကို ဒေသခံပြည်သူများက ဖိတ်ခေါ်နေကြသည်။

မြောက်ဦးဒေသခံ ဧည့်လမ်းညွှန်တစ်ဦးက “အခု ခရီးသွားရောက်သီ အစပျိုးပြီဆိုတော့ မြောက်ဦးကို လာရောက်လည်ပတ်ကြဖို့ တိုက်တွန်းပါတယ်။ အရင်က ပဋိပက္ခတွေကြောင့် ခရီးသွားတွေ မရောက်တာ တော်တော်ကြာပါပြီ။ အခုတော့ လက်နက်ကိုင်ပဋိပက္ခလည်းမရှိ၊ လူမျိုးရေးပဋိပက္ခတွေလည်းမရှိတော့ ပြည်တွင်းပြည်ပက ခရီးသွားတွေ လာရောက်ဖို့ မျှော်မှန်းပါတယ်။ ဒေသလည်း တည်ငြိမ်နေတဲ့အတွက် လုံခြုံစွာသွားလာနိုင်တာကြောင့် ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေကို ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများရှိသည်ဟု သတင်းစကားနှင့် လက်နက်ကိုင်ပဋိက္ခဖြစ်ပွားရာနေရာဟု သတ်မှတ်ချက်တို့ကြောင့် ၂၀၁၂ ခုနှစ်မှ စတင်ကာ မြောက်ဦးကို ခရီးသွားများ ပုံမှန် မဝင်ရောက်ခဲ့သည်မှာ ပြီးခဲ့သည့် ခရီးသွားရာသီအထိ ဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် သတင်းစကားများသည် မဟုတ်မှန်တော့ဘဲ မြောက်ဦး၏ ရှေးဟောင်းအမွေအနှစ်များနှင့် သဘာဝရှုခင်းအလှတရားများကို လွတ်လပ်စွာခံကြရန် ဖိတ်ခေါ်နေကြခြင်းဖြစ်သည်။

မြောက်ဦးဟိုတယ် မန်နေဂျာ ကိုကျော်ဝင်းတင်က “မြောက်ဦးကို ခရီးသွားဝင်ရောက်လာဖို့ဆိုရင် ဒေသ တည်ငြိမ်အေးချမ်းဖို့ အဓိက လိုပါတယ်။ ကျနော်တို့ကတော့ ပြည်တွင်းပြည်ပက ခရီးသွားတွေကို မျှော်နေပါတယ်။ အခု မြောက်ဦးဟိုတယ်လည်း ဖွင့်ပါပြီ။ အခုတော့ ကျနော်တို့က ခရီးသွားအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ချိတ်ဆက်နေပါတယ်။ ဟိုတယ်တွေဘက်ကလည်း လျှော့ဈေးတွေတွေ လုပ်ပေးထားပါတယ်။ အခုလောလောဆယ်မှာ ဒေသ တည်ငြိမ်နေတော့ ခရီးသွားတွေ ဝင်လာဖို့ မျှော်လင့်ရတာပါပဲ” ဟု ပြောသည်။

ရှေးဟောင်းမြောက်ဦးမြို့ကို ခရီးသွားလာရောက်နိုင်သည့် လမ်းကြောင်းမှာ ကုန်လမ်းကြောင်းနှင့် စစ်တွေမှတစ်ဆင့် ရေလမ်း၊ ကုန်းလမ်းတို့မှ လာရောက်နိုင်ကြောင်း သိရသည်။

မြောက်ဦးမြို့ကို လေယာဉ်ဖြင့် သွားလာနိုင်ရန် လေယာဉ်ကွင်းပြုလုပ်ပေးပါက ရှေးဟောင်းမြောက်ဦးမြို့၏ ခရီးသွားလုပ်ငန်းမှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု မြောက်ဦးဟိုတယ်မန်နေဂျာ ကိုကျော်ဝင်းတင်က ဆိုသည်။

မြောက်ဦးမြို့ကို လေယာဉ်ပြေးဆွဲနိုင်ရန် မြို့နှင့်မဝေးလှသည့် နန်းကျကျေးရွာအနီးတွင် ရခိုင်ပြည်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းလက်ထက်က ပြုလုပ်ခဲ့သော်လည်း ဖြစ်မြောက်အောင် အကောင်အထည်မဖော်ခဲ့ခြင်းကြောင့် မြောက်ဦးလေယာဉ်ကွင်းမှာ ယနေ့အချိန်ထိ မဖြစ်ပေါ်လာသေးပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ခရီးသွားရာသီအတွင်း မြောက်ဦးမြို့သို့ ခရီးသွားဝင်ရောက်မှုမှာ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်တွင်းခရီးသွား ၄၁၀၅ ဦးနှင့် ပြည်ပခရီးသွား ၃၆၃ ဦးသာ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ရခိုင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာနက သိရသည်။

ရခိုင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာနမှ ညွှန်မှူး ဦးနေမျိုးထွန်းက ” ဒီနှစ်မှာ စစ်ရေးပဋိပက္ခ တည်ငြိမ်နေတာကြောင့် ခရီးလားဝင်ရောက်မှု ပိုတိုးမယ်လို့ ခန့်မှန်းရပါတယ်” ဟု ပြောသည်။

သို့သော်လည်း စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း ခရီးသွားသည့်သင့်နေရာများကို စက်တင်ဘာလအတွင်းက ထုတ်ပြန်ရာမှာ ရှေးဟောင်းမြောက်ဦးမြို့ကို ချန်လှပ်ထားခဲ့ပြီး ရခိုင်ပြည်အတွင်းက ငပလီကမ်းခြေ၊ မာန်အောင်ကမ်းခြေနှင့် ကျောက်ဖြူကမ်းခြေတို့သာ ဖော်ပြခဲ့သည်။

စစ်ကောင်စီမှ မြောက်ဦးမြို့ကို ချန်လှပ်ထားခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။

ဒေသခံတစ်ဦးက “အခု ဒေသ တည်ငြိမ်နေတာပဲ။ ဘာဖြစ်လို့ မြောက်ဦးမြို့ကို ခရီးမသွားသင့်ဘူးလို့ ပြောတာလဲ။ စစ်ပွဲတွေရှိနေရင်တော့ တစ်မျိုးပေါ့။ အခုက တိုက်ပွဲတွေလည်းမရှိ၊ ဘာဆိုဘာမှ ပြဿနာတစ်စုံတစ်ရာမရှိဘဲနဲ့ မြောက်ဦးကို မသွားသင့်ဘူးလို့ ပြောတာဟာ ရည်ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ။ မြောက်ဦးမြို့က လယ်ယာလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်းကိုပဲ အဓိက အားထားနေရတာ။ ခရီးသွားတွေ မရောက်လို့ မြို့ခံတွေမှာ စီးပွားရေး ဘယ်လောက် ထိခိုက်နေသလဲဆိုတာ စဉ်းစားပေးဖို့လိုပါတယ်” ဟု ပြောသည်။

ယင်းအပြင် မြောက်ဦးမြို့ကို ခရီးသွားများပိုမိုဝင်ရောက်လာနိုင်ရေးအတွက် ကုန်လမ်းမှာရှိသည့် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကို လျှော့ချပစ်ရန်လိုအပ်ပြီး တင်းတင်းကျပ်ကျပ် မစစ်ဆေးရန်လိုအပ်ကြောင်း ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဒေသခံ ဒေါ်ခင်သန်းက ပြောသည်။

“မြောက်ဦးကို ရန်ကုန်ကနေ ဟိုက်ဝေးကားလမ်းမကြီးအတိုင်း လာလို့ရတယ်။ နောက် ရန်ကုန်ကနေ စစ်တွေကို လေယာဉ်စီးပြီး စစ်တွေကတစ်ဆင့် ကားလမ်းကဖြစ်ဖြစ်၊ ရေလမ်းကဖြစ်ဖြစ် လာလို့ရတယ်။ အဲဒီ ကုန်လမ်းတွေမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို လျှော့ချပစ်ဖို့ လိုပါတယ်။ တင်းတင်းကျပ်ကျပ် မစစ်ဆေးဖို့ လိုအပ်ပါတယ်။ အခုက မြောက်ဦးမြို့ရောက်ဖို့ဆိုရင် ရန်ကုန်ကနေ ဟိုက်ဝေးလမ်းမကြီးအတိုင်း လာရင် ဂိတ်ပေါင်း ၂၀ လောက်ကို ဖြတ်ရတယ်။ စစ်တွေက လာမယ်ဆိုရင်လည်း ဂိတ်ပေါင်း ၁၀ ကျော်ကို ဖြတ်နေရတယ်။ ဒီဂိတ်တွေက မြောက်ဦးကို ခရီးသွားဝင်ရောက်ဖို့ အဟန့်အတားဖြစ်စေတယ်။ စိုးရိမ်မှုတွေ၊ မလုံခြုံမှုလို့ စဉ်းစားနေရရင် မြောက်ဦးမြို့ကို လာရောက်ကြမှာ မဟုတ်ဘူး”ဟု ပြောသည်။

မြောက်ဦးမြို့ကို ခရီးသွားများများ ဝင်ရောက်မှ ဒေသခံပြည်သူများ၏ စားသောက်ဆိုင်လုပ်ငန်း၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်ဈေးသည်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် ဧည့်လမ်းညွှန်လုပ်ကိုင်သူများ အားလုံး စီးပွားရေးအဆင်ပြေပြီး စားဝတ်နေရေးအဆင်ပြေကြမည်ဟု ဒေါ်ခင်သန်းက ဆိုသည်။

တစ်ဖက်မှာလည်း မြောက်ဦးမြို့ကို ခရီးသွားဧည့်သည်များ ဝင်ရောက်လာနိုင်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းနေရုံဖြင့် မပြီးဘဲ မြောက်ဦးမြို့ သန့်ရှင်းသာယာရေးမှာလည်း အလွန်အရေးကြီး၍ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး အလေးထားဆောင်ရွက်သင့်ကြောင်း မြို့ခံများကို ဒေါ်ခင်သန်းက တိုက်တွန်းထားသည်။

ရခိုင်ပြည်အတွင်း ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် မြောက်ဦးမြို့ခရီးသွားလုပ်ငန်းမှာ အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီး ၂၀၁၅ အထိ နလန်မထူးနိုင်ခဲ့ပေ။

၂၀၁၆ ခုနှစ်တွင် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ရောက်ရှိလာပြီးနောက်ပိုင်း မြောက်ဦးခရီးသွားလုပ်ငန်း ပြန်လည်ဦးမောလာသော်လည်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရခိုင်ပြည်အတွင်း စတင်ကြီးထွားလာသည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ လက်နက်ကိုင်ပဋိပက္ခကြောင့် ယနေ့အချိန်အထိ နလန်မထူနိုင်သေးဘဲ မြောက်ဦးကို ခရီးသွားဝင်ရောက်မှု ရပ်လုပ်နီးဆဲဖြစ်နေသည်။

သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ကစ၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ လူသားချင်းစာနာထောက်ထားမှုအရ ယာယီအပစ်အခတ်ရပ်စဲထားသည်မှာ ယနေ့အချိန်အထိ ဖြစ်ပြီး ရခိုင်ပြည်အတွင်း လက်နက်ကိုင်ပဋိပက္ခမှာ ငြိမ်သက်နေသည်။

ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခကလည်း လူသားချင်းစာနာမှုအပစ်အခတ်ရပ်စဲရေးက ဆက်လက်ရှိနေသေး၍ မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမည် မဟုတ်ကြောင်း Western News ကို ပြောဆိုထားသည်။

၂၀၁၈ ခုနှစ်က စတင်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်ပြည်အတွင်း ခရီးသွားဝင်ရောက်မှုမှာ ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ယခုနှစ် ၂၀၂၃ ခရီးသွားရာသီမှာ မြောက်ဦးဒေသအပါအဝင် ရခိုင်ပြည်အတွင်းက ခရီးသွားဒေသများ ပြန်လည်ဦးမောလာမည်ကို မျှော်လင့်နေကြခြင်းဖြစ်သည်။

ခရီးသွားဝင်ရောက်မှု အလွန်းနည်းပါးသွားခြင်းနှင့် အထူးသဖြင့် နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်မရှိ၍ မြောက်ဦးမြို့မှာ မင်းသမီးဟိုတယ်၊ Prince ဟိုတယ်နှင့် ဝေသာလီဟိုတယ်တို့မှာ လက်ရှိအချိန်အထိ ပိတ်ထားရသည်။

ဆက်လက်ပြီး တည်းခိုခန်းအချို့နှင့် စားသောက်ဆိုင်များမှာလည်း ပိတ်ထားရပြီး ဒေသခံများ၏ စီးပွားရေးကို လွန်စွာထိခိုက်နေသည့်အတွက် ယခု ခရီးသွားရာသီတွင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရေးကို မြောက်ဦးဒေသခံများက တောင်းဆိုနေကြသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ၇ လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် ၆ သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

၂၀၂၀ ပြည့်နှစ်မှစတင်ပြီး ကမ္ဘာတစ်ဝန်းပျံ့နှံ့ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုများသည် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ထိခိုက်ဆုံးရှုံးခဲ့ရသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယားများအရ ခရီးသွားကဏ္ဍမှ အလုပ်အကိုင်ဖန်တီးမှုသည် ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်လည်း ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅ ဘီလီယံနှင့် ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံထိ ကျဆင်းသွားခဲ့သည်။