Western News
Home Blog Page 52

မောင်တောတိုက်ပွဲ ဘင်္ဂလားဒေ့ရှ်ဘက် ကျည်ကျရောက် ဘင်္ဂလားဒေ့ရှ်က ပြန်ပစ်မည်ဟု သတိပေး

0

ရခိုင်ပြည် မောင်တောမြို့သိမ်းတိုက်ပွဲ သေနတ်ကျည်ဆံများနှင့် မော်တာပေါက်ကွဲမှုများ ဘင်္ဂလားဒေ့ရှ်ပိုင် နယ်စပ်သို့ ကျရောက်ပေါက်ကွဲခြင်းကြောင့် ထပ်မံပစ်ခတ်ပါက ပြန်ပစ်ခတ်ရလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက သတိပေးပြောကြားလိုက်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် AA တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လျှက်ရှိပြီး မောင်တောမြို့သည် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်နှင့် အလွန်နီးစပ်ပြီးသည့် မြို့ဖြစ်သည်။

စစ်ကောင်စီတပ်နှင့် AA ပစ်ခတ်သော ကျည်များ၊ လက်နက်ကြီးများမှာ ဘင်္ဂလားဒေ့ရှ်ပိုင်နယ်မြေသို့ ကျရောက်နေ၍ နောက်ထပ်မဖြစ်ပွားစေရန် နှစ်ဖက်စလုံးကို သတိပေးထားသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

” မြန်မာစစ်တပ်နဲ့ AA အနေနဲ့ ဘင်္ဂလားဒေ့ရှ်ထဲကို မပစ်ခတ်ဖို့ သတိပေးထားပါတယ်။ ရံဖန်ရံခါမှာ သူတို့က ကျနော်တို့ရဲ့ နယ်ခြားစောင့်တပ် ဘင်္ဂလားဒေ့ရှ် (BGB) ကို တစ်ခါစ်တရံ မှားယွင်းပစ်ခတ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ သူတို့ကို အသိပေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ သင်္ဘောတွေပေါ်မှာ ဘင်္ဂလားဒေ့ရှ် အလံကို ရှင်းရှင်းလင်းလင်းပြရင် ဘယ်သူကမှ ပစ်ခတ်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

နတ်မြစ်၏ အချို့နေရာများတွင် ရေကြောင်းသွားလာမှု ညံ့ဖျင်းခြင်းကြောင့် Teknaf မှ Saint Martin’s ကျွန်းသို့ ရောက်ရှိခြင်းသည် လှေများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောသည်။

ထို့ကြောင့် မြန်မာရေပိုင်နက်အတွင်းမှ ဖြတ်သန်းသွားသော ဘင်္ဂလားဒေ့ရှ်လှေများကို မြန်မာစစ်တပ် သို့မဟုတ် ရက္ခိုင့်တပ်မတော်မှ ပစ်ခတ်သည့် ဖြစ်စဉ်များဖြစ်ပွားစေခဲ့ပြီး ယခုအခါ အခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောသည်။

လောလောဆယ် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်တွင် လှေတွေကို ပစ်ခတ်ခြင်းမရှိကြောင်းနှင့် နတ်မြစ်အတွင်းရှိနေသော မြန်မာသင်္ဘောနှစ်စင်းလည်း ဆုတ်ခွာသွားပြီဟု သိရသည်။

“နောက်ထပ် သေနတ်ပစ်ခတ်မှုတွေ ထပ်မဖြစ်တော့ဘူးလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေရာကို ဖြတ်သွားတဲ့ သူတွေကတော့ လိုအပ်သလို ကြိုတင်ကာကွယ်မှုတွေ လုပ်နေပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ဆက်လက် ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၀ ရက် Teknaf နယ်စပ်တွင် သေနတ်သံများ၊ မော်တာပေါက်ကွဲမှုများ ဆက် လက် ထွက်ပေါ်လာပြီး Cox’s Bazar ခရိုင်ရှိ Teknaf upazila တစ်လျှောက်တွင် သေနတ်သံများနှင့် မော်တာပေါက်ကွဲသံများကြားနေရသည်။

တောင်ကုတ်မှာ စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန်နေ

0

ရခိုင်ပြည် တောင်ကုတ်မြို့နယ် နေပူတောင်အနီးတစ်ဝိုက်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကစ၍ ယနေ့ နံနက်ပိုင်းအထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ပြည်ဘက်က ဆင်းလာသော အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု တောင်ကုတ်စစ်ရေးသိသူတစ်ဦးက ပြောသည်။

” နေပူတောင်အနီးမှာ နေပူတောင်စခန်းငယ်တစ်ခုရှိတယ်။ ပြည်ဘက်ကနေ ရိုးမတောင်ဖြတ်ပြီး နေပူတောင်စခန်းလာတဲ့ အင်အား ၁၅၀ ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သိရတယ်။ ဒီနေ့ မနက်အထိ တိုက်ပွဲက ရှိနေတုန်းပဲလို့ဆိုတယ်။ AA ကတော့ တောင်ကုတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ တပ်ရင်းတွေကို ဝိုင်းရံပိတ်ဆို့ထားတာလေ။ ” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများသို့ စစ်ကူလာနိုင်သော လမ်းကြောင်းများအားလုံးကို AA က ပိတ်ဆို့ထားပြီး အင်အားဖြည့် စစ်ကြောင်းများကိုလည်း ကြားဖြတ်တိုက်ခိုက်မှုများကို AA က ဆောင်ရွက်နေသည်။

အဆိုပါ နေပူတောင်အနီးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိအချို့နှင့် တပ်ဖွဲ့ဝင်အများအပြား အကျအဆုံးရှိနေကြောင်း စစ်ရေးသိသူက ဆက်လက်ပြောသည်။

” ပြည်ကလာတဲ့ စစ်ကြောင်းကို AA က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အရာရှိတွေ၊ တပ်ဖွဲ့ဝင်အများအပြား သေဆုံးတယ်လို့ ပြောတယ်။ စစ်ကောင်စီဘက်က တော်တော်လေး အထိနာနေတယ်လို့ ပြောတယ်။ တိုက်ပွဲကတော့ အခုထက်ထိ ရှိနေတုန်းပါပဲ။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးလာကြဲသလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်မှုရှိနေတယ်လို့ သတင်းရထားပါတယ်။ ” ဟု ပြောသည်။

တောင်ကုတ်မြို့အနီးက စစ်ကောင်စီတပ်ရင်းများမှာ တောင်ကုတ်တက္ကသိုလ်ထဲက ပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအားလုံးကို လက်နက်ကြီးပစ်ခတ် ခြိမ်းခြောက်နှင်ထုတ်ပြီး အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲအထိုင်ချထားကြောင်း တောင်ကုတ်ဒေသခံများထံမှ သိရသည်။

တောင်ကုတ်တက္ကသိုလ်အပါအဝင် အခြားသော ဘာသာရေးအဆောက်အဦးများ၊ ဌာနဆိုင်ရာအဆာက်အဦးများနှင့် အရပ်သားပိုင်နေအိမ်များတွင် တပ်စွဲနေရာယူထားကြောင်းလည်း သိရသည်။

တောင်ကုတ်မြို့အတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာမည်ကို စိုးရိမ်၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြို့ကိုစွန့်ခွာကာ ဘေးကင်းရာနေရာများသို့ တိမ်းရှောင်နေကြပြီး ပိတ်မိနေသူများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။

တောင်ကုတ်မြို့ထဲ ပိတ်မိနေသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဂိတ်များက မြို့ကထွက်ခွာခွင့်မပေးဘဲ ပိတ်လှောင်ထားကြောင်း ဆိုသည်။

လက်ရှိ ရခိုင်ပြည်တွင် တောင်ကုတ်၊ သံတွဲ၊ အမ်း၊ ကျောက်ဖြူ၊ မောင်တော ဒေသတို့တွင် စစ်ကောင်စီတပ်ရင်းများနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း စုံစမ်းသိရသည်။

Facebookနှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ဝင်းကျော်နှင့် ခင်ကေခိုင်က အဓိကပါဝင်

0

မြန်မာနိုင်ငံတွင် Facebook နှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ကုမ္ပဏီ အုပ်စုမှ ဝင်းကျော်၊ ခင်ကေခိုင်တို့က အဓိက ပါဝင်ပတ်သက်နေကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ပြောဆိုသည်။

Mascots Group သည် စစ်အုပ်စုက လုပ်ကိုင်နေသည့် အင်တာနက်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်မှုစနစ်တွင် ထဲထဲဝင်ဝင်ပါဝင်ပြီး Mascots Group ၏ ဆက်စပ်ကုမ္ပဏီများနှင့် မြန်မာစစ်တပ်တို့အကြားတွင်လည်း စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေကြောင်း ဆိုသည်။

အင်တာနက်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်မှု လုပ်ငန်းကြောင့် Mascots Group ကုမ္ပဏီအနေဖြင့် စစ်အုပ်စု ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်သွားခဲ့ပြီး ယင်းသည် ဖက်ဒရယ် ဒီမိုကရေစီအတွက် မြန်မာလူထုတို့၏ ရုန်းကန် လှုပ်ရှားမှုကို ထိခိုက်ပျက်စီးစေကြောင်း သိရှိရသည်။

Mascots Group ကုမ္ပဏီပိုင်ရှင် ဒေါက်တာဝင်းကျော်နှင့် မိန်းမ ခင်ကေခိုင်၊ လုပ်ဖော်ကိုင်ဖက် မောင်မောင်ဦးနှင့် ဒေါက်တာထင်လင်းတို့သည် မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် အနည်းဆုံး ကုမ္ပဏီပေါင်း ၃၀ ခန့်ဖြင့် ဖြန့်ကျက်ထားသော စီးပွားရေးကွန်ရက် တစ်ခုကို ပိုင်ဆိုင်ထားသည်။

မြန်မာစစ်အုပ်စုအတွက် လက်နက်နှင့်ကိရိယာများကို ကြားခံဝယ်ယူ ပေးသည့် King Royal Technologies ကွန်ရက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဖော်ထုတ်သတ်မှတ်ထားသည့် ကုမ္ပဏီ ၁၈ ခုတွင် Mascots Group စီးပွားရေးကွန်ရက်တွင် ထပ်မံပါဝင်နေသည်။

Mascots ကုမ္ပဏီအုပ်စုသည် ဝင်းကျော် က ဦးစီးဦးဆောင်ပြုနေသော ကုမ္ပဏီ ၅ ခုနှင့် စုဖွဲ့ထားသည့် ကွန်ရက်တစ်ခုဖြစ်သည်။

ဝင်းကျော်နှင့် မိန်းမ ခင်ကေခိုင်တို့ ပိုင်ဆိုင်သည့် Mascots Technologies Company Limited သည် မြန်မာစစ်တပ်၏ ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံးတွင် ပစ္စည်းပေးသွင်းရောင်းချ သူအဖြစ် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ပြီး၊ စစ်တပ်၏ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ကုမ္ပဏီမှတ်ပုံတင်ကို သက်တမ်းတိုးထားသည်။

၂၀၂၁ ခုနှစ်မှစတင်သော Mascots Technologies ကုမ္ပဏီဝဘ်ဆိုဒ် အာခိုက်မှတ်တမ်းများတွင် အီလက်ထရောနစ်နှင့်ဆက်သွယ်ရေး ဆိုင်ရာပစ္စည်းများနှင့်ဝန်ဆောင်မှုများ ပေးအပ်ကြောင်း၊ ယင်းတို့တွင် “မြေပြင်စစ်သည်များအတွက် ရှေ့တန်းနေရာရှိ မော်တော်ယာဉ်တစ်ချင်းစီကို ခြေရာခံဆက်သွယ်နိုင်သည့် ဂြိုလ်တုခြေရာခံစနစ်များ ပါရှိသည့် စစ်ဘက်ဆက်သွယ်ရေး ပစ္စည်းများ၊ ရေဒါနည်းပညာ၊ ကြားဖြတ်ဖမ်းယူရေးနှင့် စောင့်ကြည့်ရေးစနစ်များနှင့် ဂြိုလ်တုဆက်သွယ်ရေးများ ပါဝင်ကြောင်း ဖော်ပြထားသည်။

Mascots Technologies သည် Mascots အုပ်စုဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်အစိုးရပိုင် China National Electronics Import and Export Corporation (CEIEC)ထံမှ တည်နေရာခြေရာခံနည်းပညာ ဝယ်ယူရာတွင်လည်း ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

Mascots Technologies နှင့် ဆက်စပ်ကုမ္ပဏီများသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များအကြား စစ်တပ်ထိန်းချုပ်ခံ ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနတို့ထံမှ တင်ဒါများစွာ ကိုလည်း ရရှိခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်တွင် Mascots Group သည် ထိုင်းနိုင်ငံတွင် Mascots Technologies Company Limited အမည်ဖြင့် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး၊ ဝင်းကျော်သည် ယင်းကုမ္ပဏီ၏ တစ်ဦးတည်းသော ဒါရိုက်တာဖြစ်ကြောင်း၊ ထိုင်းကုမ္ပဏီတစ်ခု တည်ထောင်ထားခြင်းဖြင့် Mascots ကုမ္ပဏီအနေနှင့် စစ်အုပ်စုအတွက် နိုင်ငံတကာငွေကြေးစနစ်ကို သုံးစွဲနိုင်ရန်နှင့် ပစ္စည်းကိရိယာများ နှင့် နည်းပညာများ ဝယ်ယူနိုင်ရန် တို့အတွက် ထိုင်းနိုင်ငံကို အသုံးပြုနိုင်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေကြောင်း သိရှိရသည်။

စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံမှ သိပ္ပံနှင့် ဆက်သွယ်ရေးဆိုင်ရာပစ္စည်း များ ဝယ်ယူရာတွင်လည်း Mascots Technologies နှင့် Mascots Didactic & Analytical Company Limited တို့ကိုအသုံးပြုခဲ့ကြောင်း ပို့ကုန်မှတ်တမ်းများအရ သိရပြီး၊ ယင်းပစ္စည်းများကို နောက်ဆုံးလက်ဝယ်အသုံးပြုသူမှာ စစ်အုပ်စုသာ ဖြစ်မည်ဟု JFM က ဆိုသည်။

Mascots Technologies & Telecommunication Company Limited သည် အင်တာနက်စောင့် ကြည့်ထောက်လှမ်းမှုနှင့် ဆင်ဆာဖြတ်တောက်မှုအတွက် ဆောင်ရွက်ပေးရန် တာဝန်ရှိသူ ဟုဆိုနိုင်သည့် Mascots Group ၏ နောက်ထပ်မြန်မာကုမ္ပဏီတစ်ခု ဖြစ်ကြောင်း၊ ကုမ္ပဏီသည် ကွန်ရက်ထောက်ပံ့ပစ္စည်းများ ဝန်ဆောင်မှုဆိုင်ရာ ဆက်သွယ်ရေးလိုင်စင်တစ်ခုကို လက်ရှိကိုင်ဆောင်ထားကြောင်း သိရှိရသည်။

Mascots Technologies၊ Mascots Technologies and Telecommunication နှင့် Mascots Didactic & Analytical တို့ကို လက်နက်ပွဲစားကွန်ရက်၏ အစိတ်အပိုင်းများအဖြစ် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အစီရင်ခံစာတွင် အမည်ထုတ်ဖော် စာရင်းသွင်းခဲ့ကြောင်း သိရှိရသည်။

Mascots Group သည် Facebook ကဲ့သို့သော ဆိုရှယ်မီဒီယာများကို ပိတ်ပင်ရေး စစ်အုပ်စု၏ ကြိုး ပမ်းအားထုတ်မှုများတွင် အင်တိုက်အားတိုက်ကူညီပေးနေသလို၊ တစ်ဖက်တွင်လည်း စစ်အုပ်စု၏ အပြည်အဝ ကြီးကြပ်ထိန်းချူပ်မှုအောက်ရှိ ဆိုရှယ်မီဒီယာကွန်ရက်တစ်ခုဖြစ်သော MySpace Myanmar ကို ရေးသားဖြန့်ချိခြင်းဖြင့် အကျိုးအမြတ်များစွာရရှိအောင် ကြိုးပမ်းနေပြန်သည်။

Mascots Group သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် My Space CNS Company Limited ကို မြန်မာနိုင်ငံ၌ တည်ထောင်ခဲ့ပြီး၊ သိပ်မကြာခင်တွင်ပင် ဝဘ်ဆိုဒ်နှင့် မိုဘိုင်းအက်ပလီးကေးရှင်းများနှင်အတူ ၎င်း၏ ဆိုရှယ်မီဒီယာအဖြစ် ထုတ်လုပ်ဖြန့်ချိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

MySpace သည် သုံးစွဲသူ ၂၀,၀၀၀ ကျော်ရှိကြောင်း ပြောဆိုထားသော်လည်း စစ်အုပ်စု၏ အင်တာနက်ထိန်းချုပ်ရန် ကြိုးပမ်းမှု၏ အစိတ်အပိုင်းဖြစ်နေသည့်အတွက် အွန်လိုင်း တိုက်ခိုက်ခြင်းများကို အကြီးအကျယ်ခံရနေကာ မြန်မာအင်တာနက်သုံးစွဲသူများက Google Play Store ပေါ်ရှိ MySpace အက်ပလီကေးရှင်းကို တိုင်ကြားရန် ကမ်ပိန်းတစ်ခု လုပ်ဆောင်ခဲ့အပြီး မကြာမီ အဆိုပါအက်ပလီကေးရှင်း ဖယ်ရှားခံခဲ့ရကြောင်း သိရှိရသည်။

Mascots Group ပိုင်ရှင် ဝင်းကျော်သည် National Energy Group of Companies (NEGC) ၏ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနှင့် စင်ကာပူနိုင်ငံများရှိ ကုမ္ပဏီများနှင့်အတူ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသည်။

NEGC ကုမ္ပဏီကို ယခင်စစ်အုပ်စုလက်ထက် ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယင်းကုမ္ပဏီအုပ်စုသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ကို ကုမ္ပဏီ၏ အဓိက ရေနံနှင့်သဘာဝဓာတ်ငွေ့ ဖောက်သည်ဖြစ်ကြောင်း သိရှိရသည်။

NEGC သည် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရေးလုပ်ငန်းကိုလည်း ရရှိခဲ့ပြီး NEGC ကို ဝင်းကျော်က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး မောင်မောင်ဦးသည် NEGC ကုမ္ပဏီများ၏ ဒါရိုက်တာတစ်ဦးအဖြစ် ထမ်းဆောင်နေသည်ဟု သိရှိရသည်။

NEGC ၏ စင်ကာပူကုမ္ပဏီ NEGC Pte. Ltd. နှင့် ဆက်စပ်ကုမ္ပဏီ PKE Singapore Pte. Ltd. တို့သည် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ထံ အမေရိကန်ဒေါ်လာ ၅ သန်းကျော်ဖိုးရှိ စက်ပစ္စည်းကိရိယာများ တင်ပို့ခဲ့ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အစီရင်ခံစာတွင် ဖော်ထုတ်ခံခဲ့ရသည်။

၂၀၂၃ ခုနှစ်တွင် NEGC Pte. Ltd. နှင့် PKE Singapore Pte. Ltd. ကုမ္ပဏီနှစ်ခုလုံး၏ စင်ကာပူနိုင်ငံ မှတ်ပုံတင်ကို ဖျက်သိမ်းခဲ့သည်။

ဝင်းကျော်၊ မောင်မောင်ဦးနှင့် ထင်လင်းတို့သည် MOI Offshore Pte. Ltd. ဟုဆိုသည့် စင်ကာပူနိုင်ငံ၌ လက်ရှိမှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ဝင်းကျော်၏ မိန်းမ ခင်ကေခိုင်သည်လည်း စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ထင်လင်းနှင့်အတူ စီမံခန့်ခွဲမှုအကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် Super Knight Pte. Ltd. ကို စင်ကာပူနိုင်ငံ၌ တည်ထောင်ခဲ့သည်။

သူတို့အားလုံးသည် စစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နိုင်ရန်အတွက် စင်ကာပူမြို့ပြနိုင်ငံကို ဆက်လက်အသုံးချနေနိုင်ဆဲဖြစ်သည်။

မောင်မောင်ဦးသည် မြန်မာစစ်အုပ်စု စစ်လက်နက်ပွဲစား ကုမ္ပဏီတစ်ခုဖြစ်သည့် Interstellar Limited ၏ ပိုင်ရှင်ဖြစ်သည်။ ယင်းကုမ္ပဏီသည် ယူကရိန်းကုမ္ပဏီ Ukroboronprom ၏ အရောင်းကိုယ်စား လှယ်ကုမ္ပဏီဖြစ်ပြီး၊ မြန်မာ့လေတပ်ထံ Mi-2, Mi-17 နှင့် MiG-29 လေယာဉ်စက်ပစ္စည်းအစိတ်အပိုင်းများကို ရောင်းချပေးပို့ခဲ့သည်။

Interstellar ကုမ္ပဏီ၏ လက်နက်ပွဲစားလုပ်ဆောင်ခဲ့မှုများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် Justice For Myanmar က ပထမဆုံးအကြိမ် ဖော်ထုတ်ခဲ့သည်။

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများတွင် ဝင်းကျော်၊ ၎င်း၏ ကုမ္ပဏီများနှင့် မိတ်ဖက်များ၏ ကြံရာပါပတ်သက်မှုများ ထင်ရှားစွာရှိနေသော်လည်း ဆက်စပ်ကုမ္ပဏီ King Royal Technologies ကုမ္ပဏီမှလွဲ၍ ၎င်းတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခြင်း မရှိသေးပေ။

King Royal Technologies ကုမ္ပဏီကို အမေရိကန်ပြည်ထောင်စု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စက်မှုနှင့် သိပ္ပံဗျူရိုက ၂၀၂၁ ခုနှစ် ဒဏ်ခတ်ပိတ်ဆို့မှုအဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခဲ့ပြီး King Royal Technologies နှင့် မြန်မာစစ်အုပ်စုတို့၏ ပူးပေါင်း လုပ်ဆောင်ခဲ့သော စီးပွားရေးလုပ်ငန်းကို Justice For Myanmar က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံး ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။

စစ်တပ်၏ မိတ်ဖက် Mascots အုပ်စုနှင့် ကုမ္ပဏီများကို ထိုင်းနိုင်ငံနှင့် စင်ကာပူတို့တွင် လုပ်ကိုင်ခွင့်ပြုထားခြင်းဖြင့် ဒေသတွင်း အစိုးရများသည် မြန်မာစစ်အုပ်စု၏ ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက် လှမ်းရေးနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်ရေး ကြိုးပမ်းအားထုတ်မှု များကို အားပေးမြှင့်တင်ပေးနေပြီး၊ ဒေသတွင်း လုံခြုံရေးယိုယွင်းလာမှုများကိုလည်း ပါဝင် ထောက်ပံ့ပေးနေကြောင်း၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့၏နယ်မြေတွင် ဆက်လက် လည်ပတ်နေသော Mascots အဖွဲ့၊ ၎င်း၏အဖွဲ့ဝင်များနှင့် အပေါင်းအပါများအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်သင့်ကြောင်း JFM က ထောက်ပြသည်။

စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုသည် သုံးနှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တရုတ်ကုမ္ပဏီများနှင့် မြန်မာခရိုနီများ၏ ပံ့ပိုးမှုဖြင့် စစ်အုပ်စုသည် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို တည်ဆောက်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများတွင် နိုင်ငံတကာ ကြံရာပါပတ်သက်မှုနှင့် ၎င်းအပေါ် အရေးယူရန်ပျက်ကွက်မှုများသည် မြန်မာလူထု၏ ပုဂ္ဂလိကအခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်တို့အပေါ် ပြင်းထန်သည့် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်ဟု JFM က ဆိုသည်။

နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ဆက်ဆံနေသည့် လမ်းကြောင်းကို ပြောင်း လဲကျင့်သုံးရန်၊ တရားမဝင်စစ်အုပ်စုအား လက်နက်၊ စက်ကိရိယာများ၊ နည်းပညာများ၊ နည်းပညာပံ့ပိုးမှုများနှင့် လေယာဉ်လောင်စာများ ထောက်ပံ့နေသော ၎င်းတို့ပိုင်နက်အတွင်းမှ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား တားမြစ်အရေးယူခြင်းများနှင့်အတူ မြန်မာပြည်သူများ၏ ရဲရင့်သော ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုများကို အထောက်အပံ့ဖြစ်စေသည့် တိကျပြတ်သားသော အရေး ယူဆောင်ရွက်မှုများကို လုပ်ဆောင်ကြရန် Justice For Myanmar က တောင်းဆိုသည်။

ပဲခူး အထင်ကရ ဆရာတော် မန္တလေးမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပျံလွန်တော်မူ

0

(မြန်မာ သံဃာတော်များ နိုးကြွရန် အချိန်တန်ပြီဟု ပြော)

ပဲခူးတိုင်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်-မြို့သာလမ်းပိုင်း ကားဖြင့်သွားနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်၍ ဇွန်လ ၁၉ ရက်နေ့က ပျံလွန်တော်မူသွားကြောင်း သိရသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါသော ကားကို ဖော့ကားစီးလာသော စစ်ကောင်စီ စစ်ဗိုလ်များက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဆရာတော်ကြီးနှင့်အတူ လိုက်ပါလာသော မျက်မြင်သက်သေ ရန်ကုန်မြို့ ကန်သုံးဆင့်ဆရာတော်က မိန့်ကြားခဲ့သည်။

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသမှာ ကန်သုံးဆင့် ဆရာတော်နှင့်အတူ အစည်းအဝေးတစ်ခုကို တက်ရောက်ရန် မန္တလေးကို ရန်ကုန်မြို့က လေယာဉ်ဖြင့် သွားရောက်ခဲ့သည်။

အစည်းအဝေး မသွားမီ ကန်သုံးဆင့် ဆရာတော် ဇာတိဖြစ်သော မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားဖြင့်သွားရောက်ပြီး အပြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပဲခူး အထင်ကရဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခြင်းနှင့်ပတ်သက်၍ မြန်မာ့သံဃာတော်များနှင့် ပြည်ပရောက် သံဃာတော် အသိုင်းအဝိုင်းများတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်ပေါ်နေပြီး စစ်ကောင်စီအား မေးခွန်းထုတ်နေကြသည်။

ပျံလွန်တော်မူသွားသော ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသမှာ သက်တော် ၈၀ နီးပါးရှိပြီး ကန်သုံးဆင့်ဆရာတော်က ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ကြွရောက်မိန့်ကြားခဲ့၍ ယနေ့ ဇွန်လ ၂၀ ရက်နေ့မှ ဆရာတော်ကြီး ပျံလွန်တော်မူသည့်အကြောင်းကို သိခဲ့ရသည်။

ကန်သုံးဆင့်ဆရာတော်ကြီးကို စစ်ကောင်စီ စစ်ဗိုလ်များက နာရီနှင့်အချီ စစ်ဆေးမေးမြန်းကာ နှုတ်ပိတ်ထား၍ ယနေ့ နံနက် ၄ နာရီမှ အရှင်မုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ်အား ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ပင့်ဆောင်နိုင်ခဲ့ကြောင်း မိန့်ကြားသည်။

ပဲခူးအထင်ကရဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ရေးသားပြုစုခဲ့သော ကျန်းဂန်စာပေများသည် မြန်မာနိုင်ငံရှိ သိန်းနှင့်ချီသော စာသင်သားသံဃာတော်များ မှီငြမ်းရသည်အထိ ထင်ရှားသည်။

ပိဋကတ်သုံးပုံအနက် နှစ်ပုံအာဂုံဆောင်ပြီးသည့် ဆရာတော် ဦးပညိဿရာလင်္ကာရက မြန်မာသံဃာထုများအနေဖြင့် နိုးကြွကြရန်အချိန်တန်ပြီဟု မိန့်ကြားသည်။

” ဆရာတော် ပျံတော်မူခြင်းသည် သံဃာထုတစ်ရပ်လုံးအတွက် ဆုံးရှုံးမှုဖြစ်သည်ဟု ဆိုနိုင်သလို တစ်ခု ပြောသင့်တာကတော့ သံဃာကြီးတွေရော၊ သံဃာငယ်တွေရော ဒါဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာရှင်အုပ်စု မတရားသဖြင့် ရူးရူးမိုက်မိုက် အာဏာသိမ်းတဲ့ အကျိုးဆက်က အကျိုးဆက်တစ်ခုပဲလို့ လေးလေးနက်နက် သဘောပေါက်သင့်တယ်။ သင်ခန်းစာယူသင့်တယ်လို့ ပြောချင်တယ်။ ” ဟု မိန့်သည်။

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခြင်းအတွက် ဝမ်းနည်းကြေကွဲရပြီး စစ်ကောင်စီက အကြမ်းဖက်စစ်ရာဇဝတ်မှုတစ်ခုကို ဗြောင်ကျကျ ကျူးလွန်ခဲ့ရုံမက အမှန်ကို ဝန်မခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် နိုင်ငံနှင့် ပြည်သူကို လိမ်ညာလှည့်ဖျား၍ သတင်းထုတ်ပြန်ခြင်း၊ မသက်ဆိုင်သူကို အပြစ်လွှဲချခြင်းသည် စစ်ကောင်စီ၏ အရှက်သိက္ခာကင်းမဲ့သော အပြုအမူများဖြစ်သည်ဟု NUG ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချကြောင်း ပြောဆိုထားသည်။

အမ်း ကဇုကိုင်းကို လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၃ဦးသေဆုံး

0
ပုံစာ- အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ သဲကမ်းထောင်းရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓါတ်ပုံ- APM

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ သဲကမ်းထောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်ူ ဒေသခံများက Western News ကိုပြောသည်။

ယနေ့ ဇွန် ၂၀ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်က စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးနှင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်မှုကြောင့် အသက် ၄နှစ်ကလေးတစ်ဦးနှင့် အသက် ၁၇နှစ်တစ်ဦး အသက် ၂၅ နှစ်တစ်ဦး
စုစုပေါင်း ၃ဦးသေဆုံးခဲ့သည်။

သဲကမ်းထောင်းရွာသားတစ်ဦးက “ဒီနေ့ ၁၁ နာရီလောက် လေကြောင်းကနေ့ လာပစ်တာပါ။ တိုက်ပွဲ ဖြစ်တာမရှိပါဘူ။ ဒီအတိုင်း လာပြီးတော့ ဗုံးကြဲသွားတယ်။ ကျနော်တို့အိမ်နားက မိသားစုသုံးယောက်ပါ နေရာမှာပဲ သေဆုံးပါတယ်။ နောက်ထပ် နှစ်ယောက်ကတော့ ဒဏ်ရာ ရပါတယ်”ဟုပြောသည်။

သေဆုံးသူများမှာ သဲကမ်းထောင်းကျေးရွာမှ မိသားစုဝင်များဖြစ်ပြီး ၎င်းတို့မှာ အသက် ၄နှစ်အရွယ်ရှိ မောင်နေမိုးထက်၊ အသက် ၁၇ နှစ်ရွယ်ရှိ မမေဇင်အေးနှင့် အသက် ၂၅ နှစ်အရွယ်ရှိ ကိုသန်းဝင်းနိုင်တို့ ဖြစ်ကြကြောင်း ကျေးရွာသားများက ပြောသည်။

အဆိုပါကျေးရွာမှ အသက် ၄၆ နှစ်ရွယ်ရှိ ဦးမောင်ပုနှင့် အသက် ၆၉ နှစ်အရွယ်တို့မှာ ဗုံးစ စင်လာ၍ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာများ ရရှိခဲ့ပြီး ယင်း သဲကမ်းထောင်းရွာ က နေအိမ် ၄လုံးထက်မနည်းမှာလည်း ပျက်စီးသွားကြောင်း ကျေးရွာသားများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်ကလည်း မြေပုံမြို့နယ် တုတ်ချောင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန် ၁၈ ရက် နံနက်ပိုင်းကလည်း တောင်ကုတ်မြို့နယ်၊ ပတင်းတိုက်နယ်၊ ကံဆိပ်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့သည်။

ရခိုင်ပြည် သူ့ကျွန်ဘဝ သက်ဆိုးရှည်အောင် ALP လုပ်နေဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြော

0

ရခိုင်ပြည်နှင့် ရခိုင်ပြည်သူလူထု စစ်အာဏာရှင်အောက်တွင် သက်ဆိုးရှည်စေရန်နှင့် သူတပါးလက်အောက်မှ မလွတ်မြောက်စေရန် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က လုပ်ဆောင်နေကြောင်း ရခိုင့်နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသော မောင်တောမြို့ကို အာရက္ခတပ်တော် AA က သိမ်းမည်ဖြစ်၍ မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ဟု AA ကြေညာချက်ကို ဒေါ်စောမြရာဇာလင်း ALP က ကန့်ကွက်နေသည်။

ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်သော ဒေါ်စောမြရာဇာလင်း ALP ထုတ်ပြန်ချက်တစ်ခုတွင် မောင်တောမြို့တွင်း၌ တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေကြသည်များကို များစွာစိတ်မချမ်းမသာ ဖြစ်ရသည်ဟု ပြောဆိုထားသည်။

မြို့သိမ်းတိုက်ပွဲများဒဏ်ကြောင့် ရခိုင်ပြည်သူများမှာ ယခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ မိုးရာသီကာလအတွင်း နေထိုင်စရာမရှိ၊ စားသောက်စရာမရှိသော အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ALP က ဆိုသည်။

ထိုကြောင့် မောင်တောဒေသတွင် မွတ်ဆလင်၊ ရခိုင်နှင့် ဟိန္ဒူ အပါအဝင် ဒိုင်းနက် စသော လူမျိုးစုများနေထိုက်လျှက်ရှိပြီး ၎င်းတို့အားလုံး ဘေးကင်းရန် အရေးကြီးကြောင်းနှင့် ပြည်သူတို့ဘဝကို စာနာထောက်ထားကာ မြို့တွင်းတိုက်ပွဲ ဖော်ဆောင်မှု မပြုလုပ်ကြရန် AA နှင့် စစ်ကောင်စီကို ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP က တားဆီးနေသည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP ၏ တားဆီးပိတ်ပင်ခြင်းမှာ ရခိုင်ပြည်နှင့် ရခိုင်ပြည်သူလူထုများကို သူ့ကျွန်ဘဝတွင် သက်ဆိုးရှည်နေထိုင်စေရန် ပြုလုပ်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဝါရင့် ရခိုင့်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

” ဒေါ်စောမြရာဇာလင်း ပြောဆိုချက်က လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်း၊ အခြေအနေနဲ့ လုံးလုံးကြီးကွဲလွဲနေတယ်။ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းထားတယ်။ ဒါကို မြန်မာပြည်သူလူထုတစ်ရပ်လုံးက တော်လှန်တိုက်ပွဲဝင်နေကြတယ်။ ရခိုင်မှာလည်း အဲလိုပဲ အာရက္ခတပ်တော် AA က ရခိုင်ပြည်သူများကို နှစ်ရှည်လများ ဒုက္ခသည်ပေးနေသော စစ်အုပ်စုကို တိုက်ခိုက်နေတာဖြစ်တယ်။ စစ်ကောင်စီကင်းစင်မှလည်း ရခိုင်ပြည်က လွတ်မြောက်မှာ။ ရခိုင်ပြည်သူရဲ့ ရေရှည်အကျိုးကို မျှော်မှန်းပြီး တော်လှန်ရေး လုပ်နေကြတာဖြစ်တယ်။ သူ့ကျွန်ဘဝက လွတ်မြောက်ချင်လို့။ အဲဒါကို ဒေါ်စောမြရာဇာလင်း ALP က ရခိုင်ပြည်သူတွေကို သူ့ကျွန်ဘဝက မလွတ်မြောက်လိုတဲ့ ဆန္ဒသဘောနဲ့ ဒီလို ကလေး လေးတစ်ယောက်လို ပြောဆိုနေတာက အင်မတန်ညံ့ဖျင်းတဲ့ အတွေးအခေါ်လို့ ပြောရမယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီဟု အမည်ခံထားပြီး လွတ်မြောက်လိုခြင်းမရှိသော ဒေါ်စောမြရာဇာလင်း၏ ထုတ်ပြန်ချက်မှာ စစ်ကောင်စီထံမှ အကျိုးတစ်စုံတစ်ရာ မျှော်ကိုးနေပုံရသည်ဟု ပြည်ပရောက် ရခိုင်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။

” ဒေါ်စောမြရာဇာလင်းက အခု စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးယူထားတယ်။ ဒါ့ကြောင့် ရခိုင်ပြည်သူတွေ အသက်အန္တရာယ်ကင်းဖို့ ငြိမ်းချမ်းစေဖို့ စစ်မတိုက်နဲ့လို့ စစ်ကောင်စီကို မတိုက်နဲ့လို့ သွယ်ဝိုက်ပြောလိုက်တာဖြစ်တယ်။ ဒါပေမယ့် ရခိုင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်အောက်မှာ ဘယ်လောက်ထိ သတ်ဖြတ်ခံနေရအုံးမှာလဲ။ ဘယ်လောက်ထိ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး ဆင်းရဲမွဲတေမှုနဲ့ နေနေရမှာလဲ။ စစ်ကောင်စီကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးဟာ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲ၊ နှိပ်စက်သတ်ဖြတ်မှုပေါင်းမျိုးစုံနဲ့ ခံနေကြရတယ်။ ဒါကိုတော်လှန်ပုန်ကန်မှ လွတ်လပ်မှုနဲ့ ဖွံ့ဖြိုးမှုရှိသော လူ့ဘောင်တစ်ရပ်ကို ဖော်ဆောင်နိုင်မှာလေ။ ဒါပေမယ့် ALP ရဲ့ ပြောဆိုချက်ဟာ သံသယဖြစ်စရာရှိတယ်။ စစ်ကောင်စီဆီက ဘာတွေရနေလို့ ဒီလို အတွေးအခေါ်တွေကို ချပြရတာလဲဆိုတာ ဘာကိုမျှော်ကိုးနေလို့ ဒီလိုလုပ်ရတာလဲဆိုတာ စဉ်းစားစရာရှိတယ်။ ” ဟု ပြောသည်။

ရခိုင်ပြည် လွတ်မြောက်လိုခြင်းမရှိသော အမည်ခံ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းအနေဖြင့် စစ်ကောင်စီအား ထောက်ခံအားပေးခြင်းနှင့် ရခိုင်ပြည်သူများအပေါ် အလိုတူအလိုပါ ပြစ်မှုကျူးလွန်နေပါက ရခိုင်ပြည်သူလူထုနှင့် ပိုမိုဝေးကွာနိုင်ကြောင်း သုံးသပ်သူများက ပြောဆိုကြသည်။

မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အတွင်း စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား ၇၈ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး အလောင်းဖျောက်ထားခြင်းနှင့် နောက်ထပ် ရွာသား ၆၀ ခန့်ကို ဖမ်းဆီးနှိပ်စက်နေခြင်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP က ကျူးလွန်ခဲ့သည်ဟု AA က ပြောဆိုထားသည်။

တော်လှန်ရေးအစဉ်အလာရှိသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အမည်ကို အသုံးပြု၍ ဖက်ဆစ်တပ်များနှင့် ပူးပေါင်းကာ လူထုဆန့်ကျင်ရေးလုပ်ငန်းများ၌ ပါဝင်နေမည်ဆိုပါက ရခိုင်အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းမှ သွေဖီသွားမည်ကို အထူးပင်သတိထားရမည်ဟု ဒေါ်စောမြရာဇာလင်း ALP ကို ရခိုင်ကျောင်းသားအဖွဲ့ AASYC ကလည်း သတိပေးထားသည်။

ကရင် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးဂိတ် ယာယီပိတ်

0

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထိုင်း-မြန်မာ နပ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သော ဘုရားသုံးဆူဂိတ်ကို ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့က နှစ်ဖက်စလုံးက ယာယီပိတ်လိုက်ခြင်းကြောင့် ကုန်ပစ္စည်းတင်ပို့/ တင်သွင်းမှုများ ရပ်တန့်သွားကြောင်း ဒေသခံများနှင့် ကုန်သွယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

အဆိုပါ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို အခုလ ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြန်မာဘက်ခြမ်းမှ ယာယီပိတ်လိုက်ပြီးနောက် အလာတူ ထိုင်းဘက်ကပါ ထပ်မံပိတ်လိုက်ခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှုများ ရပ်တန့်သွားကြောင်း ဘုရားသုံးဆူမြို့ခံများနှင့် ကုန်သည်များထံမှ သိရသည်။

” ဟုတ်တယ် မြန်မာဘက်က ပိတ်လိုက်တာပါ။ ဘာကြောင့် ပိတ်တာကိုတော့ ထုတ်ပြန်ကြေညာတာ မရှိပါဘူး။ နောက်ပြီး သိပ်မကြာဘူး။ ထိုင်းဘက်ကပါ ထပ်ပိတ်လိုက်တာ ဖြစ်တယ်” ဟု ဒေသခံကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာဘက်မှ ဘုရားသုံးဆူ ဂိတ်ပိတ်ထားခြင်းကြောင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရ‌တော့သဖြင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်သွားကာ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ဈေးနှုန်းမြင့်တက်လာသဖြင့် ဒေသခံပြည်သူများ အခက်အခဲများနှင့် ကြုံတွေ့နေကြောင်း သိရသည်။

မြ၀တီမြို့နယ်ဘက်တွင် မိုးရွာသွန်းမှုများနေ၍ ကုန်တင်ကားများ သွားလာရခက်ခဲမှုများကြောင့် ဘုရားသုံးဆူဂိတ်ကို ဝင်ထွက်သွားလာမှု ပိုများနေကြောင်း ဒေသခံများက ပြောသည်။

” အခုဆိုရင် မြ၀တီဘက်ကလည်း သွားလာလို့ မရသလို ဒီဘက်မှာလည်း ပိတ်လိုက်တော့ အိမ်သုံးကုန်နဲ့ စားသောက်ကုန်တွေ စျေးတက်သွားတာ ရှိနေတယ်”ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

လက်ရှိတွင် ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးဖြစ်သည့် မြဝတီနယ်စပ်ဂိတ်အပါအဝင် တာချီလိတ်၊ မယ်ဆိုင်၊ မြဝတီ- မဲဆောက်၊ ထီးခီး-နမ့်ဖုရော်၊ မြိတ်-မောတောင်နှင့် ကော့သောင်း-ရနောင်းစသည့် နယ်စပ်ဂိတ်တို့တွင် တိုက်ပွဲ အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးလျက်ရှိကြောင်း ဒေသခအခြေစိုက် ပြည်သူများထံမှ သိရသည်။


အာဆီယံ ဘုံ ၅ ချက် အလုပ်မဖြစ်၍ လမ်းပြမြေပုံသစ် ဖော်ဆောင်ရန် ကုလ မဟာမင်းကြီး တိုက်တွန်း

0

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အာဏာသိမ်း စစ်ကောင်စီက ဖြေရှင်းရာတွင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်မှာ အလုပ်မဖြစ်တော့ဘဲ ယင်း သဘောတူညီချက်များကို ကျော်လွန်၍ လမ်းပြမြေပုံသစ်ဖော်ဆောင်ရန် လိုအပ်နေပြီဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောဆိုလိုက်သည်။

ဇွန်လ ၁၈ ရက်နေ့ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ၏ ၅၆ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် Volker Turk က ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို တားဆီးရန် (သို့မဟုတ်) ဒီမိုကရေစီ ပြန်လည်ထူထောင်ရန် အာဆီယံက ပျက်ကွက်ခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ့အရေး ဖြေရှင်းရေးအတွက် ချမှတ်ထားသည့် အာဆီယံဘုံသဘောတူညီချက် ၅ ချက် မူဘောင်ကနေ ကျော်လွန်ဖို့ အချိန်တန်နေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို မြန်မာပြည်သူတွေထံ ပြန်လည် ပေးအပ်နိုင်မယ့် လမ်းပြမြေပုံသစ် ဖော်ဆောင်ဖို့အတွက် ဩဇာကြီးမားတဲ့ နိုင်ငံတွေရဲ့ ပေါင်းစုအားတစ်ရပ်ကို ကျောထောက်နောက်ခံပြုပြီး အားသစ်လောင်းရမှာပါ။ မြန်မာပြည်သူတွေ စားပှဲ၀ိုငျးမှာ နေရာရှိရပါမယ်။ ဆိုလိုတာက ဒီမိုကရေစီလှုပ်ရှားမှုတွေနဲ့ လူငယ်တွေဆီ အရောက် လှမ်းဖို့၊ အခုအကျပ်အတည်းကို ဖြေရှင်းရာမှာ သူတို့တွေ အဓိပ္ပာယ်ပြည့်၀စွာ ပါဝင်ပတ်သက်ကြဖို့ပါ” ဟု Volker Turk က ပြောသည်။

မြန်မာပြည်သူများ၏ ပိုမိုကောင်းမွန်သော မနက်ဖြန်အတွက် ယခုလက်ရှိ အခြေအနေမှ ပိုမိုအာရုံစိုက်မှု၊ ပိုမိုရင်းနှီးမြုပ်နှံမှု၊ ပိုမိုထက်သန်သော နိုင်ငံရေးစိတ်ဆန္ဒ၊ ပိုမိုလုပ်ဆောင်မှုများ ပေါင်းစပ်၍ ပြောင်းလဲမှုများ ဆောင်ကျဥ်းရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က တိုက်တွန်းပြောဆိုနေသည်။

CNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

0
ပုံစာ - မတူပီမြို့က စစ်ကောင်စီတပ်ရင်း ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်တပ်တို့က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်နက်ခဲယမ်းများကို သိမ်းယူထားသော ချင်းညီနောင်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။

(AA ကို ဘာကြောင့်ခေါ်လာတာလဲဟု ချင်းညီနောင်တပ်ဖွဲ့ကို CNA မေးခွန်းထုတ်)

Western News| ဇွန် ၂၀

စစ်ကောင်စီ ထိန်းချုပ်ထားသော ချင်းပြည်နယ် မတူပီမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေသော ချင်းညီနောင်တပ်ဖွဲ့များနှင့် မဟာမိတ်တပ်ဖွဲ့များကို ချင်းအမျိုးသားတပ်မတော် CNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ကြား အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

မတူပီမြို့က စစ်ကောင်စီတပ်ရင်းများကို ချင်းညီနောင်တပ်နှင့် မဟာမိတ်တပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်နေချိန် CNA တပ်နှင့် ၎င်းလက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့သည် ချင်းညီနောင်တပ်ဖွဲ့ကို ဇွန်လ ၁၈ ရက်နေ့က အလစ်အငိုက် ဝင်တိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မတူပီမြို့က စစ်ကောင်စီတပ်ရင်း ခလရ ၁၄၀ တပ်ရင်းကို ချင်းညီနောင်တပ်နှင့် မဟာမိတ်တပ်တို့က တိုက်ခိုက်နေချိန် ဇွန်လ ၁၇ ရက် ညနေတွင် CNA တပ်ဖွဲ့ဝင်တစ်ဦးက ၁၄၀ တပ်ရင်းသို့ ဦးတည် ကားမောင်းလာ၍ လုံခြုံရေးအရ ကားသမားအား ယာယီထိန်းသိမ်းခဲ့ကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

CNA တပ်ဖွဲ့ဝင် ကားသမားကို ပြန်လွှတ်ပေးရန် ချင်းညီနောင်တပ်ဖွဲ့က ဆုံးဖြတ်ခဲ့သော်လည်း ဇွန်လ ၁၈ ရက် နံနက် ၆ နာရီခန့်အချိန်တွင် CNA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်တပ်များကို အလစ်အငိုက်ဝင်တိုက်ခဲ့၍ ချင်းညီနောင်တပ်ဖွဲ့ ၂ ဦး ကျဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရသည်။

လက်ရှိတွင် ချင်းညီနောင်တပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော် CNA တို့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိနေကြောင်းနှင့် ချင်းညီနောင်တပ်ဖွဲ့၊ မဟာမိတ်တပ်ဖွဲ့တို့ကို CNA တပ်များနှင့် စစ်ကောင်စီတပ်ရင်းတို့က နှစ်ဖက်ညှပ် တိုက်ခိုက်နေ၍ ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့က ပြန်လည် ခုခံတိုက်ခိုက်နေရကြောင်း ပြောဆိုထားသည်။

မတူပီမြို့က စစ်ကောင်စီတပ်ရင်းများကို ချင်းအမျိုးသားတပ်မတော် CNA ကလည်း ထိုးစစ်ဆင်တိုက်ခိုက်မည့်အချိန် ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့က တားဆီးပိတ်ပင် ဟန့်တားခြင်းနှင့် CNA တပ်ဖွဲ့ဝင်အား ဖမ်းဆီးထား၍ ချင်းညီနောင်တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက တုန့်ပြန်ထားသည်။

မတူပီမြို့တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ရင်း ခမရ ၃၀၄ ၊ ခလရ ၁၄၀ နှင့် ဗျူဟာကုန်းတို့ကို ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ရန် CDF – မတူပီ တပ်မဟာ ၂ နှင့် CNA တို့ ဧပြီလ ၂၆ ရက်က ကြိုတင်ညှိနှိုင်းထားခဲ့သော်လည်း ချင်းညီနောင်တပ်ဖွဲ့နှင့်ပူးပေါင်းတိုက်နေသော AA မဟာမိတ်တပ်က CNA တပ်ကို ဟန့်တားခဲ့သည်ဟု ဆလိုင်းထက်နီက ဆိုသည်။

“ကျွန်တော်တို့ လူကို ဖမ်းတယ်။ အဲဒါနဲ့ ဘာဖြစ်လို့ ကျွန်တော်တို့တိုက်မယ့်ဟာကို လမ်းပိတ်တာလဲ၊ ဖယ်ပေးပါဆိုတာ ကို သူတို့ မဖယ်ပေးချင်ဘူး။ မဖယ်ပေးချင်လို့ နှစ်ဘက် ပစ်ခတ်မှုဖြစ်တယ်။ အမှန်ဆိုရင်တော့ သူတို့ကို လုံးဝ ကျွန်တော်တို့ မပစ်ချင်ဘူး။ ကျွန်တော်တို့က ၁၄၀ တပ်ရင်းကို ဦးတည်ပြီးတိုက်ဖို့လုပ်တဲ့ဟာ သူတို့က မနာခံဘူးပေါ့။ အဲဒီလို၊ သူတို့က ညှိထားတဲ့ဟာကို ချိုးဖောက်တာ။” ဟု ပြောသည်။

မတူပီမြို့က စစ်ကောင်စီတပ်ရင်း ၃၀၄ ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် ဗျူဟာကုန်းနှင့်ပေါင်းထားသော ခလရ ၁၄၀ တပ်ရင်းကို တိုက်ခိုက်မည့်အချိန်တွင် CNA နှင့် ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့တို့ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မတူပီမြို့ထဲ ပိတ်မိနေသည့် ချင်းပြည်သူလူထုများကို CNA တပ်ဖွဲ့ဝင်က သွားခေါ်ချိန် AA တပ်က တားဆီးပိတ်ပင်ခဲ့ကြောင်းနှင့် CNA သည် မြို့သိမ်းတိုက်ပွဲတွင် ပြည်သူလူထု အထိအခိုက်အနည်းဆုံး နည်းလမ်းကို ရွေး၍ တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

“အဓိကတော့ AA ကို သွားခေါ်ကြတယ်။ အဲဒါ ပထမဆုံးအမှား၊ ကျနော်တို့ CNA အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအားလုံး ချင်းပြည်ကို ကိုယ့်ဟာကို မသိမ်းနိုင်စရာအကြောင်းမရှိဘူး။ ကောင်းကောင်းကို ကျွန်တော်တို့ သိမ်းနိုင်တယ်။ AA အနေနဲ့ အဲဒီလိုမျိုး စစ်ကောင်စီစခန်းကို သိမ်းချင်သပ ဆိုရင် ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီစခန်းတွေ မသိမ်းနိုင်သေးတာ အများကြီးရှိပါတယ်ဆိုတော့ တပ်ကို ပြန်ရုတ်သိမ်းပြီးတော့မှ ရခိုင်ပြည်နယ်ကို စစ်ခွေးတွေ ကင်းစင်အောင် သွားလုပ်ပါ။ အဲဒါကတော့ ရှင်းရှင်းလင်းလင်းနဲ့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။” ဟု ပြောသည်။

ချင်းပြည်နယ်၏ စစ်ရေးအခြေအနေကို CNA, ချင်းကာကွယ်ရေးတပ် CDF များနှင့် ချင်းညီနောင် ၆ ဖွဲ့တို့က ကိုယ့်ဟာကို စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ချင်းပြည်ထဲက စစ်ကောင်စီတပ်ရင်းများကို CNA, CDF တပ်တို့က ပူးပေါင်းတိုက်ခိုက်ရန် မည်သည့်အခက်အခဲမှမရှိဘဲ ညှိနှိုင်းဆောင်ရွက်၍ ရသည်ဟု CNA က ပြောဆိုထားသည်။

မြန်မာစစ်ရှောင် ၂၃၆ ဦးကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချခြင်း ကန့်ကွက်ရှုတ်ချ

0
ပုံစာ - ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးခံရ​သော မြန်မာစစ်​ဘေး​ရှောင်များ။ (ဓါတ်ပုံ-India Today)

အာဏာသိမ်း စစ်ကောင်စီကြောင့် အိန္ဒိယနိုင်ငံထဲသို့ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည် ၇၀,၀၀၀ ကျော်ထဲက ၂၃၆ ဦးကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချထားခြင်းအား မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသည့်အဖွဲ့ ၄ ခုက ကန့်ကွတ်ရှုတ်ချပြီး ၎င်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။

မြန်မာပြည်သူများမှာ စစ်တပ်ကြောင့် အကြမ်းဖက် သတ်ဖြတ်ခံရခြင်း၊ မတရားဖမ်းဆီးခံနေရခြင်းနှင့် လူ့အခွင့်အရေးများစွာကို ချိုးဖောက်ခံနေရချိန် အိန္ဒိယအစိုးရသည် မြန်မာပြည်သူများအပေါ် မရပ်တည်ဘဲ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို များစွာစိတ်မကောင်းဖြစ်ရသည်ဟု India for Myanmar, Blood Money Campaign, Defend Myanmar Democracy, Sitt Nyein Pann Foundation အဖွဲ့တို့က ယနေ့ ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

အိန္ဒိယအစိုးရသည် အာသံပြည်နယ်က မြန်မာစစ်ရှောင် ၂၇ ဦးနှင့် မဏိပူရ်ပြည်နယ်က မြန်မာစစ်ရှောင် ၂၀၉ ဦးခန့်ကို ဖမ်းဆီးထောင်ချထားပြီး ယင်းအထဲက ၇၆ ဦးကို အိန္ဒိယအစိုးရက စစ်ကောင်စီထံသို့ လွှဲပြောင်းထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ၎င်းတို့ကျခံရမည့် ပြစ်ဒဏ်၊ ငွေဒဏ်များ ကျခံပြီးဖြစ်သော်လည်း အိန္ဒိယအစိုးရက ဆက်လက်ဖမ်းဆီးထိန်းသိမ်းထား၍ ဖမ်းဆီးခံရသူများနှင့် မိသားစုဝင်များမှာ များစွာနစ်နာနေရသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်း အဆိုပါ ၄ ဖွဲ့က ဆိုသည်။

ပြစ်ဒဏ်ကျခံပြီး လွှတ်ပေးမည်ဟု ပြောဆိုထားပြီးမှ အိန္ဒိယအစိုးရက ပြန်မလွှတ်ဘဲ ထပ်မံ ရူပီငွေ ၅ သောင်းတောင်းခံခြင်းနှင့် ဆေးကုသခွင့်မပေးခြင်းတို့ကြောင့် အသက် ၃၂ နှစ်အရွယ် Mr. Demkholum Guite သည် ထောင်ထဲတွင် သေဆုံးခဲ့ရကြောင်း သိရသည်။

“ဖမ်းဆီးခံသူများထဲမှ အမျိုးသမီး ၆ ဦး ထက်မနည်း ထောင်တွင်း မီးဖွားခြင်းနှင့် မွေးဖွားလာသော ကလေးငယ်များ ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းများ ကြုံတွေ့ နေရသည်” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထို့အပြင် ထောင်တွင်း သောက်ရေသန့် မရရှိခြင်းကြောင့် ထောင်သန့်စင်ခန်းအတွင်းရှိ ရေများကိုသာ သောက်သုံးရေအဖြစ် သုံးစေခြင်း၊ ထောင်တွင်း အစားအသောက်နှင့် သောက်ရေသန့် အခက်အခဲများကြောင့် ဖမ်းဆီးခံ မြန်မာနိုင်ငံသားတချို့ အူအတက်ခွဲစိတ်သည်အထိ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်နေရသည်။

ထောင်တွင်း တပတ်တစ်ကြိမ် (သို့) နှစ်ပတ်တစ်ကြိမ်ခန့်သာ ရေချိုးခွင့်ပေးခြင်းနှင့် ထောင်တွင်း တခြားအိန္ဒိယနိုင်ငံသား အကျဉ်းသားများ၏ နှိပ်စက်ခံရမှုများကိုလည်း မြန်မာစစ်ရှောင်များမှာ ကြုံတွေ့နေသည်ဟု ဆိုသည်။

အိန္ဒိယအကျဉ်းထောင်များထဲတွင် ဖမ်းဆီးခံထားရသော ကျန်ရှိ မြန်မာစစ်ရှောင်များနှင့် မြန်မာစစ်ရှောင် ၅,၀၀၀ ကျော်ကို အိန္ဒိယအစိုးရက စစ်ကောင်စီထံ လွှဲပြောင်းပေးရန် ပြင်ဆင်နေသည့်အတွက် အဆိုပါ ၄ ဖွဲ့က အလွန်စိုးရိမ်ပူနေသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ သမိုင်းတလျှောက် လက်ရှိ အကြပ်တည်းဆုံးကာလတွင် အိမ်နီးချင်း ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံဖြစ်သော အိန္ဒိယ ဗဟိုအစိုးရနှင့် အိမ်နီးချင်း မဏိပူရ် ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက်များသည် အာဏာရှင်စနစ်ကို အားပေးနေကာ အကြမ်းဖက် စစ်အုပ်စုအတွက် အကျိုးဖြစ်ထွန်းလျက်ရှိပြီး အနာဂတ်တွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို များစွာထိခိုက်နိုင်သည်ဟု မှတ်ယူကြောင်း ထုတ်ပြန်သည်။

လက်ရှိ မြန်မာနိုင်ငံအခြေအနေသည် အလုံးစုံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် အလားအလာ အကောင်းဆုံး ဖြစ်နေသည့်အချိန်တွင် အိမ်နီးချင်းကောင်းနိုင်ငံပီသစွာ ဒီမိုကရေစီကျင့်ဝတ်၊ စံနှုန်းများအတိုင်း ကျင့်သုံးပြီး အထူးသဖြင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ထောက်ပံ့ကူညီဖေးမမှုများသည် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးများစွာ ရှိစေမည်ဟု ဆိုသည်။

ထိုကြောင့် အိန္ဒိယအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့သောလုပ်ရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်သော လုပ်ရပ်များအား ချက်ချင်း ရပ်တန့်ကာ ဖမ်းဆီးထိန်းသိမ်း ခံထားရသော မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များ၏ အစာငတ်ခံဆန္ဒပြ တောင်းဆိုမှုများအား လူသားချင်းစာနာမှုဖြင့် ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး အိန္ဒိယနိုင်ငံအတွင်း၌သာ ပြန်လည်ခိုလှုံခွင့်ပေးရန်နှင့် ဒီမိုကရေစီ၊ တရားမျှတမှုတို့အတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးပါရန် အလေးအနက် တိုက်တွန်း တောင်းဆိုကြောင်း ထုတ်ပြန် ကြေညာထားကြသည်။