Western News

ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်ကန့်များနှင့် ကျေးရွာများတွင် ဆေးဝါးပြတ်လပ်မှုကြောင့် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွါးနေ၍ နှစ်ပတ်အတွင်း မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံးသွားကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် နှစ်ပတ်လောက် စတင်ပြီး  ဝမ်းပျက် ဝမ်းလျှောမှု ဖြစ်ပွားခြင်း ဖြစ်ပြီး  သေဆုံးမှုမှာ အသက် ၁၂ နှစ်အောက်ကလေးများ အများဆုံးဖြစ်ကာ သက်ကြီးပိုင်းတစ်ချို့လည်း ပါဝင်ကြောင်း သေဆုံးစာရင်းကောက်ယူထား သူများက ပြောသည်။

မွတ်ဆလင် အရပ်ဖက် အဖွဲ့အစည်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများတွင် လုပ်ကိုင်နေသူတစ်ဦးက "ကျနော်တို့ သွားပြီးတော့ စာရင်းကောက်ထားတာ သေဆုံးသူ စုစုပေါင်း  ၇၆ ဦးပါ။ အဲ့ဒါက ကျနော်တို့ နှစ်ပတ်အတွင်းမှာ စာရင်းကောက်ထားတာဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ လိုက်လို့ မကောက်နိုင်တဲ့ ကျေးရွာတွေ၊ ပြီးတော့ ဒုက္ခသည်စခန်းတွေ ကျန်သေးတယ်။ သေဆုံးမှုက ဒီထက်များနိုင်ပါတယ် " ဟုပြောသည်။

မွတ်ဆလင်ဒုက္ခသည် စခန်းများဖြစ်သည့် အုန်းတောကြီး၊ (တောင်)ကန့်တွင် သေဆုံးသူ ၂၇ဦး၊  ဆေးသမားကြီး ကန့်တွင် ၂၇ ဦး၊ အုန်းတောကြီးချေတွင် ၃ဦး၊ အုန်းတောကြီး (မြောက်) တွင် ၈ ဦး၊ ဒါးပိုင်တွင် ၅ဦး၊  သက္ကေပြင်တွင်  ၁ဦး၊  ဘာဆာရာ စခန်းတွင် ၁ဦး၊ ဘာဆာရာ ကျေးရွာတွင် ၂ဦး၊ ဘုမေတွင် ၂ဦး စုစုပေါင်း ၇၆ တို့ဖြစ်ကြသည်။

ယင်းကဲ့သို့ သေဆုံးမှု မြင့်တက်လာခြင်းသည် စစ်တွေမြို့နယ်အတွင်း မွတ်ဆလင်များကို စစ်ကောင်စီက သွားလာခွင့်များနှင့် ဆေးဝါးများသယ်ယူခွင့်  ဆေးကုသခွင့်ကို ပိတ်ထားမှုကြောင့် သေဆုံး ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အပြင် မွတ်ဆလင်ကျေးရွာများနှင့် ဒုက္ခသည့်ကန့်များတွင် လက်ရှိမှာ စားဆေး၊ ထိုးဆေးများ အားလုံးပြတ်တောက်မှုနှင့် ကြုံနေရပြီး  ဆေးပေးခန်းများကိုလည်း စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့်များကို တားမြစ်ထားသည်။

သေဆုံးသူ ၂၇ဦးနှင့် ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားသူ အများအပြား ရှိနေပြီး ဆေးဝါးများလည်း ပြတ်တောက်နေကြောင့် အုန်းတောကြီး၊ (တောင်)ကန့်တွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက  Western News ကို ပြောသည်။

"ဝမ်းပျက် ဝမ်းလျှော ဖြစ်တာကတော့ နည်းနည်း ကြာပါပြီ။ သေဆုံးမှုကတော့ နှစ်ပတ်လောက် ရှိပြီ။ ကျနော်တို့ စခန်းမှာဆိုရင် နှစ်ပတ်အတွင်းမှာ သေဆုံးတာ ၂၇ ယောက်တောင် ရှိနေပြီ။ တစ်ချို့ဆိုရင် ပိုက်ဆံမတက်နိုင်လို့ ဆေးမကုနိုင်ဘဲ အိမ်မှာ သေဆုံးတာတွေရှိပါတယ်။ ကလေးတစ်ယောက်ကို ဆေးခန်းတစ်ခါ ပြရင် အနည်းဆုံး နှစ်သိန်း ပတ်ဝန်းကျင်လောက်ကုန်တယ်။ ဒါက စစ်တပ်က သတ်မှတ်ထာတဲ့နေရာကို သွားပြီးတော့ ကုသရတာပါ " ဟုပြောသည်။

ဆေးဝါးဖြတ်တောက်မှုများမှာ ယခုဆိုပါက  ၆ လ နီးပါး ရှိလာပြီး ဆေးဝါးတင်သွင်းခွင့် ပိတ်ပင်ထားမှုကြောင့် သေဆုံးမှု ပို့မြင့် တက်နေသည်ဟု ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲ တည်ထောင်သူ ဦးနေဆန်းလွင် ကပြောသည်။

"နိုဝင်ဘာ ၁၃ ရက်နေ့ ကတည်းက စစ်ကောင်စီက ရခိုပြည်ကို ဖြတ်လေးဖြတ်နဲ့ အဖက်ဖက်က ပိတ်ဆို့ထားပါတယ်။ စားသောက်ကုန်တစ်ချို့ သွင်းခွင့်ပေးရင်တောင် ဆေးဝါးကို လုံးဝတင်ခွင့်မပေးပါဘူး။ လေယာဉ်ပေါ်ကို တင်ခွင့်မပြုပါဘူး။ ပြည်သူတွေက ဆေးဝါးနဲ့ ပတ်သက်လို့ တော်တော်လေးကို အခက်တွေ့နေရတယ်။ မြို့ပေါ် NGO ဆေးခန်းတွေ၊ တစ်ခြားဆေးကုသတွေနေရာတွေကတော်တော် ရှားပါလာပြီ။ စစ်ရေးမြင့်တက်မှုကြောင့် ထွက်ခွာသွားတာလည်း ရှိတယ်။ မြို့ပေါ်မှာလည်း ဆေးတွေက မရှိတော့ဘူး။ သွားလာရေးလည်း အင်မတန် ခက်ခဲလာတယ်။ အထူးသဖြင့် IDPs ကန့်မှာ နေတဲ့ ဒုက္ခသည်တွေက  ကန့်ကနေ အပြင်ကို သွားဖို့ဆိုတာလည်း လွယ်တဲ့ ကိစ္စ မဟုတ်ဘူး " ဟုပြောသည်။

စစ်ကောင်စီက ရခိုင်ပြည်အတွင်း စစ်ရာဇတ်မှု တစ်နေ့ထက်တစ်နေ့ ကျူးလွန်လာမှုကြောင့် အရပ်သားပြည်သူများမှာ သေဆုံးမှု ယခင် ကထက် မြင့်တက်လာနေပြီး ယခု ကလေးသူငယ်များ သေဆုံးမှုသည်လည်း စစ်ကောင်စီက ဆေးဝါးများ ဖြတ်တောက်မှုကြောင့်ဟု  ဦးနေဆန်းလွင် က ပြောသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version