Western News

ရခိုင်က HIV လူနာအများစုမှာ ART ဆေးပြတ်လပ်မှုဖြင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း HIV လူနာများကပြောသည်။

ဆေးပြတ်လပ်နေသည့် လူနာများမှာ အများအားဖြင့် ရက္ခိုင့်တပ်တော် AA မှ သိမ်းပိုက်ရရှိထားပြီဖြစ်သည့် မြို့နယ်များမှ လူနာများဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသည့် မြို့နယ်များတွင်လည်း ဆေးပြတ်လပ်မှုဖြင့် ကြုံတွေ့နေကြရကြောင်း သိရသည်။

HIV လူနာများအတွက် ART ဆေးကို ယခင်မြို့နယ်အလိုက် ကျန်းမာရေးဌာနများမှတစ်ဆင့် အခမဲ့ထုတ်ပေးခဲ့ပြီး လက်ရှိတွင် ထိုကဲ့သို့ တာဝန်ယူထုတ်ပေးသူများမရှိတော့၍ များစွာအခက်တွေ့နေရသည်ဟု မြောက်ဦးဒေသခံ HIV လူနာတစ်ဦးက ပြောသည်။

” အရင်တုန်းကဆို လစဥ်ကျန်းမာရေးဌာနကနေ ထုတ်ပေးနေတော့ အဆင်ပြေပါတယ်။ အခုဆေးကုန်လို့ ဆေးထုတ်ဖို့ မေးမြန်းကြည့်တော့ ဆေးမရှိတော့ဘူးလို့ ပြောတယ်။ ကျနော်တို့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး ” ဟု ပြောသည်။

လူနာအများစုမှာ ၃ လကြာအထိ ဆေးပြတ်လပ်နေ

HIV လူနာများအတွက် ART ဆေးကို ကျန်းမာရေးဌာနများမှ ၃ လတစ်ကြိမ် ထုတ်ပေးပြီး လက်ရှိတွင် ဆေးပြတ်လပ်မှုအပြင်  စစ်ကောင်စီ၏ ကျန်းမာရေးဌာနဆိုင်ရာများပါ လည်ပတ်မှုမရှိတော့သည့်အတွက် လူနာများဆေးရရှိမှုမရှိတော့ဘဲ ခက်ခဲနေကြခြင်းဖြစ်သည်။

ART ဆေးအား လစဥ်တာဝန်ယူထုတ်ပေးနေကျဖြစ်သည့် ကျောက်တော်မြို့နယ်က ကျန်းမာရေးဝန်ထမ်းတစ်ဦးအား HIV လူနာများဆေးရရှိရေးအခြေနေနှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ ယခုလိုပြောသည်။ 

” ဆေးကတော့ စစ်တွေမှာ ရှိနေပါသေးတယ်။ လမ်းခရီးတွေကလည်း အဆင်မပြေတော့ သွားယူဖို့ကျတော့လည်း မဖြစ်နိုင်ဘူး။ ဒီဖက်က လုပ်ငန်းစဥ်တွေက လည်ပတ်မှုမရှိတော့ဘူး။ AA ဖက်ကလည်း ဒီလုပ်ငန်းစဥ်တွေနဲ့ပတ်သက်လို့ ဘာမှမသတ်မှတ်နိုင်သေးဘူး။ ကြားခံလုပ်ပေးမယ့် အဖွဲ့စည်းရယ်လို့လည်း မရှိဘူး။ ဆေးပြတ်တဲ့သူတွေကို သနားပေးမယ့် ကျမတို့လည်း ဘာမှမတတ်နိုင်ပြန်ဘူး ” ဟု ပြောသည်။

ART ဆေးမှာ HIV လူနာများအတွက် သွေးနှင့် ကိုယ်တွင်းအရည်များထဲတွင်ရှိနေသည့် HIV ပိုးများကို မပြန့်ပွားလာအောင်ထိန်းပေးသည့် ဆေးဝါးဖြစ်ပြီး အဆိုပါဆေးမသောက်သုံးရပါက HIV လူနာများမှာ AIDS ရောဂါဖြစ်ပွားလာကာ သေဆုံးကြရမည်ဖြစ်သည်။

ရခိုင်တွင် မြို့နယ်အလိုက် ကျန်းမာရေးဌာနများမှ ART ဆေးထုတ်ယူနေသည့် HIV လူနာများမှာ ၁၀၀ မှ ၂၀၀ ကြားရှိတတ်ပြီး အဆိုပါထဲမှ အများစုမှာ ၃ လကြာ ဆေးပြတ်လပ်မှုဖြင့် ကြုံနေကြရပြီဖြစ်သည်။ 

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version