Western News

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) က ယမန်နေ့ ဧပြီလ ၂ ရက်နေ့ထုတ် စစ်တမ်းတွင် ဖော်ပြထားသည်။ 

တရုတ်-မြန်မာဆက်ဆံရေးအပေါ် ISP Myanmar က မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်များကို အလွှာစုံက လူပေါင်း ၂၅၀ ဦးကို မေးခွန်း ၁၀၀ ဖြင့် မေးမြန်းကာ စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။ 

အလွှာစုံဖြစ်သည့် နိုင်ငံရေးနယ်ပယ်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့အစည်းများ၊ ထင်ရှားကျော်ကြားသူများ၊ တိုင်းရင်းသားတော်လှန်ရေး EAOs နှင့် PDFs/LDFs တို့ကို မေးမြန်း စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။ 

ထိုစစ်တမ်းတွင် ဖြေဆိုသူအများစုက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ပြောဆိုကြသည်။ 

ယခင်နှစ်ကလည်း ISP Myanmar က ပုံစံတူ ကောက်ယူခဲ့ပြီး ယခုနှစ် စစ်တမ်းနှင့်နှိုင်းယှဉ်ပါက ကြီးမားသော ပြောင်းလဲမှုမရှိဘဲ ယခင်နှစ်သဘောထားအတိုင်းပဲ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု မြန်မာအသိုင်းအဝိုင်းက ထင်မြင်ကြသည်။ 

မြန်မာနိုင်ငံကို အာဏာရှင်နိုင်ငံအဖြစ်သာ တရုတ်နိုင်ငံက မြင်လိုကြောင်းလည်း စစ်တမ်းဖြေဆိုသူ အများစုက မှတ်ချက်ပေးကြပြီး ယခင်နှစ် စစ်တမ်းထက် ရာခိုင်နှုန်း ပိုများခဲ့သည်။ 

တစ်ခါ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မည်သူပင်အုပ်ချုပ်အုပ်ချုပ် မည်သူပင် အာဏာရှိရှိ အာဏာရှိသူ မည်သူနှင့်မဆို အဆင်ပြေလိုကြောင်း မြန်မာ့လူမှုအသိုင်းအဝိုင်းက သဘောထားမှတ်ချက်ပေးထားကြသည်။ 

ယင်းအပြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ စစ်ပွဲပဋိပက္ခသော်လည်းကောင်း မြန်မာ့ပြည်တွင်းရေးကိစ္စရပ်များကို တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေကြောင်း စစ်တမ်းဖြေဆိုသူများက ပြောဆိုကြသည်။ 

ဆက်လက်ပြီး တရုတ်နိုင်ငံသည် ရှမ်းမြောက် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် EAOs များကို လွှမ်းမိုးထားသည်ဟု ISP Myanmar စစ်တမ်းက ဆိုသည်။ 

ရှမ်းမြောက်ရှိ ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဦးဆောင်ပြီး ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီအား တိုက်ခိုက်မှုကို တရုတ်နိုင်ငံက သဘောတူထောက်ခံခဲ့သော်လည်း တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံကောင်း မဟုတ်သည်မှာ ဆက်လက်ရှိနေဆဲပင်ဖြစ်သည်ဟု စစ်တမ်းဖြေသူ အများစုက ဖြေဆိုကြသည်။ 

တရုတ်နိုင်ငံ၏ ဒီမိုကရေစီစနစ် အထူးသဖြင့် တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံအတွက် အတုယူကျင်းသုံးသင့်ကြောင်း မထင်မှတ်ဟုလည်း မြန်မာလူထုအသိုင်းအဝိုင်းက ပြောဆိုကြသည်။ 

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ကဏ္ဍစုံတွင် ပိုမှီခိုလာရကြောင်း အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သံတမန်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေး၊ နည်းပညာ၊ လုံခြုံရေးနှင့် အခြေခံအဆောက်အအုံတို့တွင် အဓိက မှီခိုနေရကြောင်း ISP စစ်တမ်းအရ သိရသည်။ 

ထိုကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အကြီးမားဆုံး စီးပွားဖက်ဖြစ်နေခြင်းက စိုးရိမ်စရာကောင်းပြီး တရုတ်၏ ဒေသတွင်းပေါင်းစည်းရေး အစီအမံများကိုလည်း မသိသူ များပြားနေကြောင်း စစ်တမ်းဖြေဆိုသူများက ပြောဆိုထားကြသည်။ 

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version