Western News


Western News| ဇွန် ၁၃
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ရှိနေပြီး ယင်းအနက် တစ်သန်းခန့်မှာ ကလေးငယ်များဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် စာရင်းများအရသိရသည်။
လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လာသည့်နှင့်အမျှ မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဦးရေသည်လည်း စံချိန်တင်မြင့်တက်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ထံမှ သိရသည်။


အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများအနက် သုံးပုံတစ်ပုံမှာ ကလေးငယ်များဖြစ်ကြပြီး တိုက်ပွဲများကြောင့် ၎င်းတို့၏ အနာဂတ်များ ပျောက်ဆုံးသွားကြရကြောင်း UNOCHA က ဇွန်လ ၁၀ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံ၌ နက်နဲရှုပ်ထွေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း ယနေ့ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်သည်။


ထို့အပြင် မြန်မာနိုင်ငံအတွင်း လက်ရှိတွင် လူဦးရေသုံးသန်းကျော် နေရပ်စွန့်ခွာနေကြရပြီး နောက်ထပ် ၁ဒသမ ၃သန်းခန့်မှာလည်း နယ်စပ်ဖြတ်ကျော်ကာ နေရပ်စွန့်ခွာနေကြရကြောင်း ဖော်ပြသည်။


လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကို အလေးထားမှီခိုပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်လည်း မွတ်ဆလင် တစ်သန်းနီးပါး နေထိုင်နေရကြောင်းလည်း UNHCR က ဆိုသည်။
မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေသူ ၁၈ ဒသမ ၆သန်း ရှိကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version