Western News

စစ်မှုထမ်းမိသားစုဝင်များ၏ သားသမီးများပါဝင်သော လူငယ် ၂၁ ဦးနှင့် ဂုဏ်ထူးပါသော စစ်သည် လူငယ် ၃ ဦး စုစုပေါင်း ၂၄ ဦးကို တရုတ်နိုင်ငံသို့ စစ်ကောင်စီက စေလွှတ်လိုက်ကြောင်း ဝါဒဖြန့်နိုင်ငံပိုင်သတင်းစာက ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် ဖော်ပြသည်။

အဆိုပါ လူငယ်များကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီးသူရိန်ထွန်းဦးဆောင်ပြီး စစ်ကောင်စီက တရုတ်ပြည်သို့ လေ့လာရေးခရီးအဖြစ် စေလွှတ်လိုက်ကြောင်း ဆိုသည်။

လူငယ် ၂၄ ဦးထဲတွင် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းမိသားစုဝင် သား၊ သမီးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး နိုင်ငံတော်အဆင့် ဘက်စုံပညာထူးချွန်လူငယ် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ အမှတ်အများဆုံးရရှိသော ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်သောစစ်သည် ၁ ဦးနှင့် ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်သော စစ်သည် ၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။

နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့်အသိပညာများ အတုယူလေ့လာနိုင်စေရန် ရည်ရွယ်စေလွှတ်ခြင်းဖြစ်ပြီး ဩဂုတ်လ ၂၆ ရက်နေ့က စတင်ထွက်ခွာက တရုတ်ပြည်မှာ ၃၁ ရက်နေ့အထိ ခရီးသွားရောက်မည်ဟု သိရသည်။

ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန်လူငယ်များအား ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့သော်လည်း ကမ္ဘာတစ်ဝန်းဖြစ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်များ၌ ရပ်နားခဲ့ရပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှသာ လေ့လာ‌ရေးခရီး ပြန်လည်စေလွှတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ပြောသည်။

အဆိုပါ လေ့လာရေးအဖွဲ့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် အရာရှိကြီးများ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version