Western News

ပြီးခဲ့သည့် နှစ်လခန့်ကစ၍ အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မောင်တောမြို့သိမ်းတိုက်ပွဲ ဇွန်လ နှစ်ပတ်အတွင်း မောရဝတီဗျူဟာကုန်းအပါအဝင် စစ်ကောင်စီအရေးပါသော တပ်စခန်း ၁၀ ခုကို AA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဇွန်လ ဒုတိယအပတ်တွင်း မောရဝတီဗျူဟာ၊ နခခ ၄ တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ နခေါင်းတိုစခန်းတို့ကို ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထား၍ AA က သိမ်းပိုက်နိုင်ခဲ့သည်။


ဇွန်လ ပထမအတွင်းမှာ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်း နှင့် နခခ (၉) စခန်းတို့ကို AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တစ်ပြိုင်နက်တည်းတွင် မောင်တော၊ အမ်း၊ သံတွဲ မြို့များ၌ ရှိသော စစ်ကောင်စီ၏ အခြားသော စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AA က ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီသည် မောင်တောမြို့ကို ဝင်ရောက်နိုင်သော ပြည်သူအသုံးပြုသည့် လမ်းတံတား အနည်းဆုံး ၁၀ စင်းထက်မနည်းကို မိုင်းခွဲဖျက်ဆီးထားသည်။
ယင်းအပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် တောင်ကုတ်မြို့နှင့် (၈) မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ “ရွှေကွမ်းစမ်း တံတား” အား စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်း များကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း AA က ပြောသည်။
လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေကာ ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version