Western News

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဇနီးသည်ကို ရိုက်နှက်သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲပြောဆိုထားသူကို ထိုင်းအာဏာပိုင်ဆီ အမြန်ဆုံး ပြန်လွှဲပေးရန် အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသော Sisters 2 Sisters အဖွဲ့က တောင်းဆိုလိုက်သည်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က စင်ကာပူမှာနေထိုင်သူ အသက် ၂၆ နှစ်အရွယ် မထက်ထက်ဇော်ဟာ သူ့၏ ခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းထွဋ် (ခေါ်) ဝဠာ ရှိရာ မဲဆောက်မြို့ကို အလည်ရောက်လာချိန်မှာ ၎င်း၏ ခင်ပွန်းက ကိုယ်ထိလက်ရောက်ရိုက်နှက်မှုကြောင့် ဒဏ်ရာအများအပြားရရှိခဲ့ပြီး ဦးခေါင်းဒဏ်ရာကြောင့် သေဆုံးခဲ့ရကြောင်း မဲဆောက်ဆေးရုံကြီး၏ သေမှုမှတ်တမ်းအရ သိရသည်ဟု Sisters 2 Sisters ထုတ်ပြန်ချက်မှာ ရေးသားထားသည်။

ကိုဇော်ဝင်းထွဋ် (ခေါ်) ဝဠာကို မြန်မာဘက်ခြမ်းက ကော်သူးလေနယ်မြေမှာရှိသည့် Lion Ballalion တော်လှန်ရေးတပ်ဖွဲ့က ဇွန် ၁၅ ရက်နေ့ကတည်းက ဖမ်းဆီးထားသည်ဟု Sisters 2 Sisters အဖွဲ့က သိရှိထားပြီး ၎င်းပြစ်မှုကျူးလွန်ထားကြောင်း ဝန်ခံထားသည်ဟု ဆိုသည်။

ယင်းကြောင့် အမှုကို ဆက်လက်ဆောင်ရွက်နိုင်ရေး ကျူးလွန်သူကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း အဆိုပါ အမှုကို ထုတ်ဖော်ပြောဆိုခဲ့သူ Sisters 2 Sisters အဖွဲ့က မထိပ်ထားက ပြောဆိုသည်။

“ထိုင်းမှာဖြစ်တဲ့ အမှု ဖြစ်တဲ့အတွက် ထိုင်းတရားစီရေးနဲ့ပဲ သွားရမယ်၊ တရားခံက ထိုင်းမှာ ပန်းရောင်ကဒ်ထုတ်ထားတယ်။ ထိုင်းရဲ့ အလုပ်သမားဖြစ်တာပေါ့နော်၊ ထိုင်းပိုင်နက်မှာ ဖြစ်သွားတဲ့ ကိစ္စမို့ သူ့တရားစီရင်ရေးနဲ့ သူ့ဥပဒေအတိုင်း သွားဖို့၊ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေး ရရှိဖို့အတွက် အစ်မတို့ တောင်းဆိုနေတာ ဖြစ်တယ်ပေါ့နော် ” ဟုဆိုသည်။

ကျူးလွန်သူဟု စွပ်စွဲခံထားရသော မထက်ထက်ဇော်၏ ခင်ပွန်းဖြစ်သူ ဝဠာသည် တော်လှန်ရေးမှာ ပါဝင်နေသူဖြစ်ပြီး တော်လှန်ရေးအစုအဖွဲ့များနှင့် ဆက်စပ်နေသူဖြစ်ကာ အမှုဖြစ်စဉ်နောက်ပိုင်းတွင် မြန်မာပြည်ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင် သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များကမူ မှတ်တမ်းမှတ်ရာများ ရယူထားပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ရေးအတွက် ပြင်ဆင်နေကြောင်း သိရသည်။

လက်ရှိ အချိန် ၂ လကျော်ကြာသည့် အထိ သေဆုံးခဲ့ရသော မထက်ထက်ဇော်၏ ရုပ်အလောင်းသည် သင်္ဂြိုဟ်နိုင်ခြင်းမရှိသေးသလို ၎င်းကို သင်္ဂြိုဟ်ရန် မိသားစုဝင်များ၏ ခွင့်ပြုချက် (သို့) ကျူးလွန်သူ ပြောဆိုနေကြသော ၎င်း၏ ခင်ပွန်းဖြစ်သူကို ပေါ်လာမှသာ လုပ်ဆောင်ရမည်ဟုဆိုသည်။

အဆိုပါ အမျိုးသမီး၏ ရုပ်အလောင်းသည် မဲဆောက်ဆေးရုံကြီးတွင် ရှိနေဆဲ အခြေအနေ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရရှိသော အချက်အလက်အရ ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Cammando စစ်ကြောင်းက “လတ်တလော အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်မှာ တရားခံဖြစ်သူကို ကျနော်တို့က ဖမ်းဆီးထိန်းသိမ်းထားပြီး သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေထံ အပ်နှံနိုင်ရန် ကြိုးစားဆောင်ရွက်နေတယ် “ဟုပြောဆိုထားသည်။

နစ်နာသူ အမျိုးသမီး ရုပ်အလောင်းမြေမကျခြင်းအတွက် Lion Battalion စစ်ကြောင်းက များစွာ စိတ်မကောင်းဖြစ်ရပြီး တရားမျှတမှုအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု Lion Battalion Cammando စစ်ကြောင်းက Sisters 2 Sisters ဆီကို ပြန်လည်အကြောင်းကြားထားကြောင်း သိရသည်။


တနင်္သာရီတိုင်းမ်သည် Western News ၏ မဟာမိတ် ဖြစ်သည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version