Western News

၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ မတ်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည် စစ်ပွဲအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၁၇၉ ဦး သေဆုံးခဲ့ရကြောင်း ULA/AA ၏ HDCO က ယနေ့ ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

HDCO သည် ULA/AA ၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းရေးရုံး ဖြစ်ပြီး ရခိုင်စစ်ပွဲ ၄ လကျော်ကာလအတွင်း အာဏာသိမ်း စစ်ကောင်စီမှ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အရပ်သားပြည်သူများစာရင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။ 

သေဆုံးသူ ၁၇၉ ဦးထဲတွင် အမျိုးသမီး ၆၄ ဦးနှင့် အမျိုးသား ၁၁၅ ဦးပါဝင်ကြောင်း ထုတ်ပြန်စာရင်းတွင် ဖော်ပြထားသည်။ 

မတ်လ ၂၁ ရက်နေ့နောက်ပိုင်း ယနေ့ ဧပြီလ ၄ ရက်နေ့အချိန်အထိ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ ပါဝင်ခြင်းမရှိသေးပေ။ 

Western News ၏ စာရင်းအရ မတ်လ ၂၁ ရက်နေ့နောက်ပိုင်း ယနေ့ ဧပြီလ ၄ ရက်နေ့အချိန်အထိ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်များအပါအဝင် ထိခိုက်သေဆုံးသူ သုံးဒါဇင်ကျော်မက ရှိနေပြီဖြစ်သည်။ 

HDCO ၏ ၄ လကျော်ကာလအတွင်း စာရင်းထဲတွင် ထိခိုက်ဒဏ်ရာရရှိသူ ၄၆၈ ဦးရှိပြီး အမျိုးသမီး ၁၉၈ ဦးနှင့် အမျိုးသား ၂၇၀ ဦးပါဝင်ကြောင်း ထုတ်ပြန်ထားသည်။ 

သေဆုံးခဲ့ရသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၉ ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၂၄ ဦးပါဝင်ကြောင်းလည်း သိရသည်။ 

အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်အရေအတွက်မှာ ယခင်တိုက်ပွဲများအတွင်း ၆၂၃၀၀ ကျော်ရှိခဲ့ပြီး ယခု တကျော့ပြန်တိုက်ပွဲများအတွင်း ၂၉၅၈၆၀ ကျော်ရှိကြောင်းနှင့် စုစုပေါင်း စစ်ဘေးရှောင်အရေအတွက်မှာ ၃၅၈၂၀၀ ဦးရှိသွားပြီဟု HDCO က ဆိုသည်။ 

အဆိုပါ စစ်ဘေးရှောင်များမှာ ဘေးကင်းလုံခြုံရာနေရာများနှင့် စားဝတ်နေရေး အခက်အခဲဖြစ်နေသည်ဟု စစ်ဘေးရှောင်များက ပြောဆိုကြသည်။ 

လတ်တလောထွက်ပြေးတိမ်းရှောင်နေရသည့် အမ်းဒေသခံ စစ်ဘေးရှောင်တစ်ဦးက ” အမ်းမှာ အခုရက်ပိုင်း တစ်ရက်ထက်တစ်ရက် တိုက်ပွဲက ပိုပြင်းထန်လာတယ်။ မြို့ပေါ်ကရော မြို့အနီးရွာတွေကပါ ဘေးကင်းမယ်ထင်တဲ့ နေရာတွေကို စစ်ဘေးရှောင်နေရပါတယ်။ စစ်ဘေးရှောင်စခန်းဆိုပြီး သီးသန့်ဖွင့်လို့မရလို့ အဆင်ပြေတဲ့ ကျေးရွာတွေ၊ ဆွေမျိုးတွေအိမ်မှာ မိသားစုကို ခွဲပြီး စစ်ရှောင်နေရပါတယ်။ စားသောက်ရေးကတော့ အရမ်းခက်ခဲကြတာပါ။ နဂိုကတည်းကမှ ဆင်းရဲနေကြတယ်။ အခုလို စစ်ရှောင်တွေ အစုလိုက်အပြုံလိုက် ရောက်ချလာတော့ လက်ခံပေးတဲ့ အိမ်တွေက ဘယ်လိုလုပ် တာရှည်ကျွေးထားနိုင်မှာလဲ။ လုပ်ကိုင်စားသောက်ဖို့ကလည်း ဒီကာလမှာ မလွယ်ကူဘူး။ ” ဟု ပြောသည်။ 

ရခိုင်ပြည်အတွင်း လက်ရှိစစ်ဘေးရှောင်များမှာ စစ်ကောင်စီမှ လေကြောင်းက အရပ်သားပြည်သူများရှိရာ နေရာများကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေ၍ စစ်ရှောင်စခန်း ဖွင့်လှစ်၍ မရကြောင်း စုံစမ်းသိရသည်။ 

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်တွင် စစ်ရှုံးနေ၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ၊ မြို့ပေါ်များကို နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

ယနေ့ ဧပြီလ ၄ ရက်နေ့ ညနေ ၃ နာရီခန့်ကလည်း ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၂၀ ကျော် အမျိုးသားတစ်ဦးအပါအဝင် ၄ ဦးအထိ သေဆုံးမှုရှိကာ ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၀ ဦးခန့်ရှိကြောင်း စုံစမ်းသိရသည်။ 

ထိုသို့ အာဏာသိမ်းစစ်ကောင်စီမှ စစ်ရာဇဝတ်မှုများကို လက်ရဲဇရဲဖြင့် ကျူးလွန်နေခြင်းကို အိမ်နီးနားချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ တားဆီးပေးကြရန် ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပြောဆိုထားသည်။ 

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version