Western News


Western News| ဧပြီ ၁


အာဏာသိမ်း စစ်ကောင်စီက ရခိုင်ပြည် သံတွဲမြို့နယ်နှင့် မာန်အောင်မြို့နယ်အတွင်းက လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓ္ဓမခေါ်ယူနေ၍ ယင်းဒေသရှိ လူငယ်အများအပြားမှာ ဘေးကင်းရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။


စစ်ကောင်စီသည် နိုင်ငံအနှံ့ စစ်ရှုံးနေချိန် အထူးသဖြင့် ရခိုင်ပြည်အတွင်းမှာ တပ်စခန်းတစ်ခုပြီးတစ်ခုနှင့် တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးနေရချိန် ရခိုင်မြောက်ပိုင်းက လူငယ်များကို စစ်မှုထမ်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖိအားပေးကာ စစ်သားသစ် စုဆောင်းနေသည်။


မာန်အောင်မြို့နယ်တွင် ကျေးရွာတစ်ရွာကို လူ ၇ ဦးကျစီ ပေးရန် တောင်းဆိုနေသလို သံတွဲမြို့နယ်တွင် ကျေးရွာတစ်ရွာကို လူ ၅၀ ဦးအထိ ပေးရန် စစ်ကောင်စီက တောင်းဆိုနေခြင်းဖြစ်သည်။


မာန်အောင်ဒေသခံတစ်ဦးက ” မာန်အောင်ကျွန်းဆိုတာ လက်နက်ကိုင်တွေရှိတဲ့ နေရာမှာ မဟုတ်ဘူး။ သေနတ်တစ်ချက်လည်း ပစ်ဖောက်ဖူးတာ မဟုတ်ဘူး။ ဒီက လူငယ်တွေဟာ လက်နက်ကိုင်ဆိုတာ ဘာမှန်းတောင် မသိဘူး။ အဲဒါကို စစ်ကောင်စီက စစ်သားစုဆောင်းနေတယ်။ စစ်မှုထမ်းရမယ်ဆိုတော့ လူငယ်တွေ အားလုံးက ထွက်ပြေးသွားကြတာပေါ့။ စစ်မှုထမ်းရမယ့် ကိစ္စကို ပြန်စဉ်းစားပေးစေချင်ပါတယ်။ အခု ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အတင်းဖိအားပေး ခေါ်ယူနေတယ်။ လူငယ်တွေကတော့ ထွက်ပြေးကုန်ကြပြီ။ ” ဟု ပြောသည်။


သံတွဲမြို့နယ်က လူငယ်များမှာလည်း ရက္ခိုင့်တပ်တော် AA ရှိရာနေရာများနှင့် ဘေးကင်းလုံခြုံရေးရာနေရာများသို့ ထွက်ပြေးနေကြပြီး အတင်းအဓ္ဓမ စစ်သားစုဆောင်းနေသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို သတ်ဖြတ်သည်အထိ ဖြစ်ပွားနေကြောင်း ဒေသခံသတင်းရင်းမြစ် တစ်ဦးက ပြောသည်။


” စစ်မှုထမ်းရမယ်ဆိုလို့ လူငယ် အများစုက ထွက်ပြေးကုန်ကြပြီ။ စစ်ကောင်စီဆီမှာ ဘာဖြစ်လို့ စစ်မှုထမ်းရမှာလဲပေါ့။ ထမ်းချင်းအတူတူ AA ဆီမှာပဲ ထမ်းမယ်ပေါ့။ စစ်ကောင်စီ တောင်းတာကလည်း ကျေးရွာတစ်ရွာကို လူငယ် ၅၀ ဦးဆိုတော့ နည်းတာမှမဟုတ်တာ။ ရွာလုံးကျွတ် စစ်မှုထမ်းရမလို ဖြစ်နေပြီ။ စစ်မှုထမ်းဖို့ အတင်းခေါ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း လူတစ်စုက လိုက်လံသတ်ဖြတ်တာတွေလည်းရှိနေတယ်။ အဲလို ပညာပေးတာလဲ ကောင်းပါတယ်။ မဟုတ်ရင် လူငယ်တွေကို အတင်းခေါ်သွားကြမှာ။ ” ဟု ပြောသည်။


ရခိုင်ပြည် တောင်ပိုင်းမြို့များ အထူးသဖြင့် သံတွဲ၊ မာန်အောင်၊ တောင်ကုတ်မြို့နှင့် ကျိန္တလီမြို့များတွင် လူငယ်အများအပြား ဖမ်းဆီးခံနေရပြီး စစ်ကောင်စီက စစ်တပ်ထဲကို အတင်းဆွဲသွင်းနေကြောင်း သိရသည်။
စစ်မှုထမ်းဥပဒေ ပြဌာန်ပြီးနောက်ပိုင်း ယနေ့အချိန်အထိ ရခိုင်တောင်ပိုင်းဒေသတွင် လူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်းနှင့် အချို့လူငယ်များမှာ မိသားစုဝင်များဖြင့် အဆက်အသွယ် မရရှိကြကြောင်း သတင်းရင်းမြစ်က ဆိုသည်။


ယင်းအပြင် စစ်ကောင်စီသည် ရခိုင်ပြည်အနှံ့က မွတ်ဆလင်များကို အတင်းအဓ္ဓမခေါ်ယူကာ စစ်သင်တန်းပေးပြီး ရက္ခိုင့်တပ်တော် AA အား တိုက်ခိုက်နေသည်။
Western News-WN

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version