Western News

ထိုင်းပြည်သူ အများစု ထောက်ခံမဲပေးထားသည့် Move Forward ပါတီကို ဖျက်သိမ်းရန် ရွေးကောက်ပွဲကော်မရှင်၏ ဦးတိုက်လျောက်ထားမှုကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက လက်ခံလိုက်ပြီး မကြာခင် ကြားနာပွဲပြုလုပ်သွားမည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနက ရေးသားဖော်ပြသည်။ 

Move Forward ပါတီအနေဖြင့် ၁၅ ရက်အတွင်း အယူခံဝင်ရန် အခြေခံဥပဒေခုံရုံးက ညွှန်ကြားထားကြောင်း ခုံရုံးတာဝန်ရှိသူများက ပြောသည်။ 

ရွေးကောက်ပွဲကော်မရှင် မှတ်ပုံတင်ရေးဌာနက တာဝန်ရှိသူတစ်ဦးမှာ ထိုင်းပြည်သူ အများဆုံးထောက်ခံ မဲပေးထားသည့် Move Forward ပါတီ (MFP) ကို ဖျက်သိမ်းပေးရန် ရွေးကောက်ပွဲကော်မရှင်ထံ မတ်လ ၁၂ ရက်နေ့က ဦးတိုက်လျောက်ထားခဲ့ခြင်းဖြစ်သည်။ 

 ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများမှာ MFP ပါတီကို ဖျက်သိမ်းရန်နှင့် ပါတီခေါင်းဆောင် ဖိတာ လင်ဂျာရွန်ရတ်၊ ဗဟိုအလုပ်အမှုဆောင်များကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ရန်၊ နောက်ထပ်ပါတီသစ် ထပ်ထောင်ခွင့်မပေးရန်အပြင် နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်ရန်လည်း အခြေခံဥပဒေ ခုံရုံးကို ဦးတိုက်လျောက်ထားခဲ့ခြင်းဖြစ်သည်။ 

ထိုင်းဘုရင်နှင့် တော်ဝင်မိသားစုများကို အကာအကွယ်ပေးထားသည့် ဥပဒေများကို ပြင်ဆင်ရန် ကြိုးပမ်းသည့် Move Forward ပါတီ၏ မူဝါဒနှင့် မဲဆွယ်ကတိများသည် ဥပဒေကို ချိုးဖောက်ကြောင်း ထင်ရှားသည့်အတွက် ယင်းကဲ့သို့ ဦးတိုက်လျေက်ထားရသည်ဟု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ပြောသည်။ 

Move Forward ပါတီ၏ တော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်မယ်ဆိုသည့် ရွေးကောက်ပွဲ မဲဆွယ်ကတိနှင့် ဘုရင်စနစ်ကို ထိုင်းနိုင်ငံမှ ဖယ်ထုတ်မည့် ရည်ရွယ်ချက်အား ပြသရာရောက်၍ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ဆက်ပြောသည်။ 

MFP ပါတီ၏ လုပ်ဆောင်ချက်များမှာ ထိုင်းဘုရင်စနစ်နှင့် ဒီမိုကရေစီ ပျက်ပြားစေမည့် ခြေလှမ်းများတွေ့နေရ၍ ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။ 

MFP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ Parit Wacharasindhu က ” ဘုရင်စနစ်နဲ့ ဒီမိုကရေစီကိုပျက်စီးစေမယ့် ရည်ရွယ်ချက်လုံးဝမရှိဘူး ” ဟု တုန့်ပြန်ထားသည်။ 

Move Forward Party (MFP) ခေါင်းဆောင်များမှာ ထိုင်းရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၉၂ ကိုလည်း ချိုးဖောက်ခဲ့ကြောင်း ကော်မရှင်က စွပ်စွဲထားသည်။ 

ကော်မရှင်က စွပ်စွဲထားသည့် ထိုင်းရွေးကောက်ပွဲ ဥပဒေပုဒ်မ ၉၂ ၏ ပြဌာန်းချက်ထဲတွင် ဘုရင်စနစ်ကို ခြိမ်းခြောက်နေသည့် မည်သည့်ပါတီကိုမဆို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဖျက်သိမ်းရန် အမိန့်ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။ 

ထိုင်းသတင်းဌာနများ၏ သုံးသပ်ချက်များအရ ရွေးကောက်ပွဲကော်မရှင်သည် Move Forward ပါတီ ဥက္ကဌ ဟောင်း ဖိတာနှင့် လွှတ်တော်အမတ် ၄၄ ဦးကို တစ်သက်နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။ 

(ဘန်ကောက်ပို့စ်သတင်းကို Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သော Connect Burma နှင့် The Tanintharyi Times  သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ထားသည်။)

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version