Western News

ဒေသခံ ၁၇၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းထားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ

ရခိုင်ပြည် ဘူးသီးတောင်မြို့တွင် ဧပြီလ ၁၂ ရက်နေ့ကစ၍ မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA မှ အပြစ်မဲ့ အရပ်သားများဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရင်းမြစ်များနှင့် အိန္ဒိယသတင်းဌာနများထံမှ သိရသည်။ 

ဘူးသီးတောင်မြို့တွင် အကြမ်းဖက်နေသော အဖွဲ့မှာ ARSA တစ်ခုတည်းမဟုတ်ဘဲ အကြမ်းဖက်မွတ်ဆလင်များဖြင့် ဖွဲ့ထားသော ARA (Arakan Rohingya Army) အဖွဲ့အစည်းလည်းပါဝင်ပြီး မြို့ပေါ်က အပြစ်မဲ့ အရပ်သားပြည်သူ ၁၇၂၀ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကာ နေအိမ် ၂၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ဧပြီလ ၁၅ ရက်နေ့က ဘူးသီးတောင်မြို့ရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ရုံးနှင့် ရခိုင်တိုင်းရင်းသား နေအိမ်အချို့  မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း MSF မှ ယမန်နေ့ ဧပြီ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့တွင် ARSA နှင့် ARA တို့ အကြမ်းဖက်မှုမှာ ဆက်လက်ရှိနေသေးကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” မွတ်ဆလင် အကြမ်းဖက်အုပ်စုတွေရဲ့ အကြမ်းဖက်မှုက ဒီနေ့အထိ ဆက်ရှိနေတုန်းပဲ။ ဒီနေ့လည်း နေအိမ်တွေကို မီးရှို့ဖို့ ပြင်ဆင်နေကြတယ်လို့ သိရတယ်။ အရင်ရက်တွေက မီးရှို့လိုက်တာ လူနေအိမ် ၂၀၀ ကျော်လောက် ပါသွားပြီ။ သူတို့လုပ်ရပ်က အတူယှဉ်တွဲနေထိုင်ရေးကို အရမ်းကို ထိခိုက်စေတယ်” ဟု ပြောသည်။

MSF က ၎င်းတို့ ရုံးနှင့် ဆေးပေးခန်း အကြမ်းဖက်မီးရှို့ဖျက်ဆီးခံရခြင်းကို ထိတ်လန့်တုန်လှုပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပျက်ပြားသည်ဟု ဆိုသည်။

MSF ၏ ရုံးနှင့် ဆေးပေးခန်း မီးလောင်ပျက်စီးမှုကြောင့် ဆေးပစ္စည်းနှင့် ရုံးသုံးပစ္စည်းများ အားလုံးဆုံးရှုံးသွားပြီး အထူးသဖြင့် ပဋိဇီဝဆေးများကဲ့သို့သော အသက်ကယ်ဆေးများနှင့် ဆုတ်ရောင်ရောဂါကုဆေးများ ပျက်စီးသွားကြောင်း ထုတ်ပြန်ပြောသည်။

ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးခြင်းသည် ပြည်သူများရရှိနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ရရှိရန် ငြင်းပယ်ခြင်းဖြစ်ပြီး နောက်ဆုံးထိုးနှက်ချက်ဖြစ်ကြောင်းနှင့် အသက် ၅ နှစ်အောက်ကလေးများကို အဓိကထိခိုက်စေကြောင်း MSF က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် အာရက္ခတပ်တော် AA အား တိုက်ခိုက်ရန် ARSA နှင့် ARA ကို စစ်သင်တန်းပေးနေပြီး ဒေသတွင်းမတည်ငြိမ်ရေးကို ဖော်ဆောင်နေသည်ဟု The New Indian Express က ဧပြီလ ၁၅ ရက်နေ့က ဖော်ပြသည်။ 

ထိုမှတစ်ဆင့် ARSA နှင့် ARA တို့သည် ဘူးသီးတောင်မြို့တွင် တစ်ရက်ထက်တစ်ရက် အကြမ်းဖက်မှုများကို တိုးလုပ်လာမှုကြောင့် ဟိန္ဒူဘာသာဝင်များနှင့် ရခိုင်တိုင်းရင်းသားများမှာ ဘူးသီးတောင်မြို့ကို စွန့်ခွာနေကြရကြောင်း နောက်ထပ် သတင်းရင်းမြစ်များက ပြောသည်။

သတင်းရင်းမြစ်တစ်ဦးက ” အကြမ်းဖက် မွတ်ဆလင်အဖွဲ့တွေဟာ ဘူးသီးတောင်မြို့မှာ လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ပဋိပက္ခ မကြီးကြီးအောင် ဖန်တီးနေတယ်။ အကြမ်းဖက်မှုတွေလည်း ဆက်တိုက်လုပ်နေတယ်။ ဟိန္ဒူနဲ့ ရခိုင်တွေဟာ မြို့ကိုစွန့်ခွာ ထွက်ပြေးနေရပါတယ်။ စစ်ကောင်စီရဲ့ လှည့်စားမှုအောက်မှာ မွတ်ဆလင် အကြမ်းဖက်အဖွဲ့တွေက အခွင့်ကောင်းယူနေကြတယ်။ ဒါကို အမြန်ဆုံး တားမြစ်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ပြဿနာက ဒီထက် ပိုကြီးထွားလာနိုင်တယ်” ဟု ပြောသည်။

ဧပြီလ ၁၅ ရက်နေ့အထိ စာရင်းအရ ဘူးသီးတောင်တွင်ရှိသော ဟိန္ဒူဘာသာဝင် ၁၆၀၀ ကျော်နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးကို ARSA နှင့် ARA တို့က ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း The New Indian Express သတင်းက ဆိုသည်။

၂၀၁၇ ခုနှစ်တွင် မွတ်ဆလင်အကြမ်းဖက်အဖွဲ့များသည် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ရခိုင်ပြည်က ဟိန္ဒူဘာသာဝင် ၁၀၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်သည် မှတ်သားဖွယ်ကောင်းသည်ဟု The New Indian Express မှတ်ချက် ပြုထားသည်။

မွတ်ဆလင် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်မှုဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း MSF က သတိပေးတိုက်တွန်းထားသည်။

ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်ကစ၍လည်း ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့တို့တွင် စစ်ကောင်စီ၏ ကြိုးကိုင်မှုကြောင့် မွတ်ဆလင်ကလေးငယ်များဦးဆောင်ကာ အာရက္ခတပ်တော် AA အား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုဆန္ဒထုတ်ဖော်မှုကို ပြည်တွင်းပြည်ပရှိ မွတ်ဆလင်အသိုင်းအဝိုင်း အကြီးအကဲအချို့က ကန့်ကွက်ရှုတ်ချပြီး အာဏာသိမ်းစစ်ကောင်စီ၏ ကြိုးကိုင်ချယ်လည်ခြင်းကို မွတ်ဆလင်များ ခံနေကြရသည်ဟု ပြောဆိုခဲ့ကြသည်။

အာရက္ခတပ်တော် AA ကလည်း အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်စစ်မျက်နှာတွင် စစ်မနိုင်၍ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးပုံဖော်နေသည်ဟု ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း လူ့အခွင့်အရေးတန်ဖိုးနှင့်အညီ အရှိတရားကို သဘောထားကြီးစွာ လက်ခံနိုင်သော်လည်း မရိုးမသားရည်ရွယ်ချက်များဖြင့် သမိုင်းသစ်ကို ဖန်တီးခြင်းသည် လေးစားတန်ဖိုးထားရသော အာရက္ခအဖိုးအဖီးများ၏ သမိုင်းမှန်ကို စော်ကားရာ ရောက်သည်ဟု ဧပြီလ ၁၀ ရက်နေ့ အာရက္ခတပ်တော် ၁၅ နှစ်ပြည့် အခမ်းအနား သဝဏ်လွှာတွင် ပြောဆိုထားသည်။

အမှားကိုအမှန်၊ အမှန်ကိုအမှား လက်တစ်လုံးခြား ဝါဒဖြန့်မှုများ၊ မျက်နှာပြောင်တိုက် စော်ကားစိန်ခေါ်မှုများ၊ တာဝန်ယူမှုမရှိဘဲ အခွင့်အရေးကို တစ်ဖက်သက်တောင်းဆိုနေခြင်းများကို ထိန်းသိမ်းရပ်တန့်ရန် လိုအပ်သည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေး ပြောဆိုထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version