Western News

ရခိုင်ပြည် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတွင် ရက္ခိုင့်တပ်တော် AA ၏ စစ်မယ်များကပါ ပါဝင်တိုက်ခိုက်လာကြောင်း AA က ဓါတ်ပုံနှင့်တကွ ထုတ်ပြန်လာသည်။ 

ယမန်နေ့ ဧပြီလ ၅ ရက် နံနက် ၈ နာရီက အပြီးသတ်သိမ်းပိုက်ခဲ့သော ဘူးသီးတောင်မြို့က စစ်ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်အား တိုက်ခိုက်ရာတွင် စစ်မယ်များပါ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း AA က ပုံနှင့်တကွ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ခမရ ၅၆၄ သည် ဘူးသီးတောင်မြို့၏ အရေးပါသော တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပြီး စကခ (၁၅) လက်အောက်ခံဖြစ်သည်။ 

စစ်ကောင်စီ၏ အရေးပါသော စကခ (၁၅) လက်အောက်ခံ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်အား ဧပြီလ ၁ ရက်နေ့ စတင်တိုက်ခိုက်ခဲ့ပြီး ၅ ရက်အကြာတွင် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များအား ရက္ခိုင့်တပ်တော် AA စစ်ရုံးချုပ်မှ လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း AA က ထုတ်ပြန်သည်။ 

သို့သော်လည်း အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀ ကျော် သေဆုံးသွားပြီး လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က ဆိုသည်။ 

ဆက်လက်ပြီးလည်း ဘူးသီးတောင်မြို့က စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ပြောသည်။ 

အလားတူ မောင်တောမြို့နယ် ကြိမ်ချောင်းစစ်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။ 

ရခိုင်ဒေသ၌ အာဏာသိမ်း စစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထားလျက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း AA ပြောသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version