Western News

Western News| အောက်တိုဘာ ၁၈

ဂါဇာအလယ်ပိုင်းရှိ အန်ဂလီယန် ခရစ်ယာန်အသင်းက ဖွင့်ထားသောဆေးရုံကို အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၀၀ ခန့်သေဆုံးကြောင်း ဟားမတ်စ်အာဏာပိုင်များက ပြောသည်။

ဂါဇာအလယ်ပိုင်းရှိ Al-Ahli Arab ဆေးရုံတိုက်ခိုက်ခံရချိန်တွင် ဆေးရုံ၌ ဒဏ်ရာရလူနာများသာမက မြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာသော ပါလက်စတိုင်းများ ခိုလှုံနေခဲ့ကြသည်။

သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ခဲ့ပါက ၂၀၀၈ နောက်ပိုင်း အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးမှု အများဆုံးဖြစ်လာနိုင်မည်ဖြစ်သည်။

ဆေးရုံတိုက်ခိုက်ခံရပြီးနောက် ဂျော်ဒန်နိုင်ငံက အမေရိကန်သမ္မတနှင့် တွေ့ဆုံပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး စစ်ကို ရပ်တန့်ရေးကလွဲ၍ အခြားပြောဆိုရန် မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့တွင် အစ္စရေးနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယင်းနောက် ဂျော်ဒန်သို့ ထပ်မံသွားရောက်ကာ ဂျော်ဒန်ဘုရင်၊ အီဂျစ်သမ္မတနှင့် ပါလက်စတိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။

ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ ၂ က ဆေးရုံတိုက်ခိုက်ခံရမှုကို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အတွက် ရှက်စရာဖြစ်ကြောင်း ကြေညာခဲ့သည်။

ပါလက်စတိုင်းဒုက္ခသည်များကို ကူညီပေးနေသော ကုလသမဂ္ဂကလည်း ယခုဖြစ်ရပ်သည် အလွန်ရက်စက် ကြမ်းကြုတ်ပြီး ပြည်သူများ၏ အသက်ကို အလေးမထားဘဲ ပြောင်ပြောင်တင်းတင်း ကျူးလွန်မှုကို ပြသနေကြောင်း ဆိုထားသည်။

ဆေးရုံသည် နေမကောင်းသူများနှင့် ဒဏ်ရာရရှိသူများသာမက အိမ်စွန့်ခွာထွက်ပြေးလာရသော ပြည်သူများကို လက်ခံကူညီပေးထားကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးက ဆိုသည်။

ဟားမတ်စ်အဖွဲ့ကလည်း အစ္စရေးတို့ ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုသည် လူမျိုးတုံးသတ်ဖြတ်မှုဟု အပြစ်တင်ထားသည်။

အစ္စရေးဘက်ကမူ ဆေးရုံတိုက်ခိုက်မှုသည် ၎င်းတို့ဘက်က တိုက်ခိုက်မှုမဟုတ်ဘဲ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့က ဒုံးကျည်ပစ်ခတ်မှုအတွင်း လမ်းကြောင်းလွဲကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားသည်။

ဂါဇာကမ်းမြောင်ဒေသ၏ ဒုတိယအကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်သော ဂျီဟတ်အဖွဲ့ကလည်း ၎င်းတို့ ပစ်ခတ်မှု မဟုတ်ကြောင်း ငြင်းဆိုထားသည်။

ဂါဇာမြောက်ပိုင်းကနေ ပြည်သူများ စွန့်ခွာကြရန် အစ္စရေးစစ်တပ်က ကြိုတင်သတိပေးထားကတည်းက ပါလက်စတိုင်း ၆ သိန်းကျော်အထိ တောင်ပိုင်းကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသည်။

၁၁ ရက်ကြာ အစ္စရေး-ဟားမတ်စ်အရေးကြောင့် အစ္စရေးဘက်တွင် သေဆုံးသူ ၁၄၀၀ ကျော်ရှိခဲ့ပြီး ဂါဇာဘက်တွင် သေဆုံးသူ ၃၀၀၀ ခန့် ရှိလာပြီဖြစ်သည်။

Ref: Aljazeera, BBC, Reuters

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version