Western News

(ဆောင်းပါး_Western News ရေးသည်)

နေ့မနား ညမအား အရှိန်ဟုန်ပြင်းပြင်းနှင့် ခရီးနှင်နေသည့် အာရက္ခတပ်တော် AA ၏ ရခိုင်ပြည် သိမ်းတိုက်ပွဲကြီး မှာ အောင်မြင်မှုများ ယနေ့ အထိ ၁၀ လကြာလာချိန်တွင် အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် ပလက်ဝမြို့နှင့်အတူ ရခိုင်ပြည် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် သံတွဲမြို့တို့ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

အဆိုပါ တိုက်ပွဲများကို လေ့လာကြည့်သော် တိုက်ပွဲတစ်ပွဲတိုင်း မြို့တစ်ခုတိုင်း၏ စစ်ဆင်ရေးသည် AA အတွက် အရေးပါလှသော်လည်း သံတွဲမြို့သိမ်းတိုက်ပွဲမှာ ထူးခြားမှု ဇယာထိပ်ရောက်နေအောင် စိတ်ဝင်စရာ ကောင်းလှ ၏။ ဆိုလိုရင်းမှာ သံတွဲမြို့သည် AA ၏ မြို့သိမ်းတိုက်ပွဲ များထဲတွင် အခက်အခဲဆုံးဟု ထုတ်ပြောခဲ့ရသည်အထိပင်။

■ တိုက်ပွဲဖော်ပြီ ဒွါရာဝတီ

သံတွဲတိုက်ပွဲအစနှင့် AA ၏ ထိုးစစ်ကို ခြေရာကောက်ရသော် ဧပြီ ၁၃ တွင် စတင်၏။ ပထမဆုံး တောင်ကုတ်- သံတွဲ ကားလမ်းမပေါ်ရှိ သံတွဲမြို့နယ် ဒေါ်မြကျေးရွာ၊ လင်းသီ၊ နတ်မှော်၊ ဇီးကျွန်း၊ ရွှေလှေ၊ ဘုရားမော် စသည့် သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းအနီးတဝိုက်ကို AA က တိုက်ကွက်ဖော် စစ်ကစား၏။

ထိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်က အကျအဆုံးများစွာဖြင့် တပ်ဆုပ်ခဲ့၏။ ယင်းမှတစ်ဆင့် ဆင်ခေါင်းကျေး ရွာ၊ ဂေါ့ကျေးရွာနှင့် အနီးနား ဂေါ့တောင်တန်းတို့တွင် တိုက်ပွဲဖြစ်ပြီး သံတွဲ ငပလီကမ်းခြေအနီးတဝိုက်နှင့် ခမရ (၅၆၆) နှင့် ခလရ (၅၅) တပ်ရင်းများကို ခြိမ်းခြောက်ကာ ငပလီမြို့သို့ တရိပ်ရိပ်ချီ တက်လာသည်ကို မြင်ရ၏။

ဇွန်လတွင် ကမ္ဘာကျော် ငပလီကမ်းခြေနှင့် ဟိုတယ်ဇုန်၊ လေဆိပ်များကို အနီးကပ် လုံခြုံရေးယူထားသည့် သံတွဲ အခြေစိုက် ခမရ (၅၆၆)နှင့် ခလရ (၅၅) တပ်ရင်းများကို ထပ်တိုက်၏။ ရေတပ် စစ်သင်္ဘောအပါဝင် ဝေဟင်ကနေ ဂျတ်တိုက်လေယာဉ်၊ ဒရုန်းများ၊ တပ်ရင်းများ အမြောက်များဖြင့် မီးကုန်ယမ်းကုန် ခုခံသည့်ကြားကနေ ခမရ ၅၆၆ တပ်ရင်းကို ဇွန် ၂၇ နှင့် ခလရ ၅၅ ကို ဇူလိုင် ၉ ရက်၊ သံတွဲလေဆိပ်ကို ဇူလိုင် ၅ ရက်တွင် AA က အပြီး သတ်ရရှိခဲ့၏။ ထို့ကြောင့် AA သည် မြန်မာ့တော်လှန်ရေးသမိုင်းတွင် လေဆိပ်ကို ပထမဆုံးသိမ်းနိုင်သည့် အဖွဲ့ဖြစ်လာ၏။

AA သည် မြန်မာ့ EAOs တော်လှန်ရေးတပ်ဖွဲ့များထဲတွင် ပထဝီဝင်အနေထားအရ ပင်လယ်ထွက်ပေါက်ကို ပိုင်ဆိုင်ထားသည့် တစ်ဖွဲ့တည်းသော လက်နက်ကိုင်အဖွဲ့ဖြစ်၏။ ယင်းကြောင့် ရခိုင်တိုက်ပွဲတိုင်းတွင် စစ်ကောင်စီက ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ကို ပူးပေါင်းပြီး အလုံးအရင်းဖြင့် ဟန်ချက်ညီညီ ခုခံခဲ့သည်။

စစ်ကောင်စီသည် ခမရ ၅၆၆ ကို လက်လွှတ်လိုက်ရပြီးနောက် သံတွဲလေဆိပ်နှင့် ငပလီဟိုတယ်ကြီးများ၊ အထပ် မြင့် အဆောက်ဦအုံများကနေ အပြင်းအထန် ခုခံခဲ့သေး၏။ ငပလီတိုက်ပွဲ၌ တပ်ရင်းတပ်ဖွဲ့များအပြင် ဘင်္ဂလား ပင်လယ်ပြင်မှာ တပ်စွဲထားသည့် အဆင့်မြင့် တိုက်ခိုက်ရေး နေဗီ ၅ စင်း၊ စစ်ရေယာဉ်အုပ်စု၊ NAVY SEALs နှင့် လေကြောင်းပစ်ကူ ကြားကနေ AA စစ်သည်များ၏ တိုက်ခိုက်စွမ်းရည်အောက်တွင် အချည်းနှီးဖြစ်ခဲ့ရပြီ။

ဆက်လက်၍ သံတွဲမြို့ပေါ်ရှိ ခရိုင်၊ မြို့နယ် ရဲစခန်းများနှင့် သံတွဲအကျဉ်းထောင်တို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီတပ်သားများသည် သံတွဲ၏ နောက်ဆုံးခံတပ် မောင်ရွှေလေး ရေတပ်တွင် စုကြပြန်သည်။ မောင်ရွှေ လေးရေတပ်စခန်းသည် ငပလီကမ်းခြေ ကွင်းဝိုင်းနှင့် မောင်ရွှေလေးကျေးရွာကြား ဘင်္ဂလား ပင်လယ်ကမ်းစပ်တွင် အခိုင်မာတည်ဆောက်ထားသည်။ ယင်းနေရာသို့ AA မလာနိုင်စေရေး ဒေသတွင်း ဆက်သွယ်ရေး လမ်းတံ တားများကို စစ်ကောင်စီက ဖျက်စီးခဲ့သည်။ လနှင့် ချီကြာမြင့်သည့် တိုက်ပွဲများနှင့်အတူ စက်တင်ဘာ ၅ ရက်တွင် မောင်ရွှေလေး ရေတပ်စခန်းကြီးလည်း ကျသွားပြီဖြစ်၏။

■ AA ထုတ်ပြောသည့် မောင်ရွှေလေးရေတပ်တိုက်ပွဲ

AA သည် မောင်ရွှေလေးရေတပ်အား ဩဂုတ် ပထမအပတ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ကာ တစ်လကြာချိန် တွင် အပြီးသတ်သိမ်းနိုင်ခဲ့ပြီ တရားဝင်ကြေညာ၏။ မောင်ရွှေလေးရေတပ်သည် မြန်မာနိုင်ငံ၌ တစ်ခုတည်း ရှိသော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းဖြစ်ပေသည်။

ရေတပ်စခန်း မကျစေရေးအတွက် စစ်ကောင်စီသည် အကြံပေါင်းစုံနည်းပေါင်းစုံသုံးခဲ့၏။ မောင်ရွှေလေး၊ ကွင်းဝိုင်း၊ သဗြုချိုင်ရွာ ပတ်ဝန်းကျင်များ၌ အဆင့်ဆင့်သော ခုခံစစ်နှင့်အတူ လေကြောင်း၊ ရေကြောင်း၊ ဒရုန်းပစ်နှင့် တပ်ဖွဲ့ဝင် ၁,၂၀၀ ကျော်ဖြင့် ခုခံခဲ့ကြောင်းဆိုသည်။ သို့သော်လည်း တိုက်ပွဲအတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀၀) ကျော် ကျဆုံးပြီး ဒဏ်ရာရသူများကို နေဗီများဖြင့် စစ်တွေနှင့် ဧရာဝတီတိုင်းသို့ အကြိမ်ကြိမ် သယ်ယူရွှေ့ပြောင်းသွားခဲ့ရသည်။ ယခုအခါ ခရိုင်အဆင့် မြို့ကြီးဖြစ်သော ဒွါရာဝတီ သံတွဲဒေသ တစ်ခုလုံးကို AA ထိန်းချုပ်လိုက်ပြီဖြစ်၏။

■ စစ်ကောင်စီအတွက် အဖိုးတန် ဆုံးရှုံးမှုများ

သံတွဲမြို့နယ်တွင် တန်းဖိုးမဖြတ်နိုင်သည့် စီမံကိန်းများ၊ လေဆိပ်၊ ဟိုတယ်ဇုန်၊ ရေတပ်တို့ ရှိခဲ့သဖြင့် စစ်ကောင်စီ သည် ဓနအင်အား၊ စစ်အင်အား၊ ဂုဏ်သိက္ခပိုင်းတွင်လည်း ကြီးမားစွာ ပေးလိုက်ရခြင်းဖြစ်ပေ၏။ ငပလီကမ်းခြေ တစ်လျှောက်တွင် အာဏာရှင် စစ်ခေါင်းဆောင်များ၏ သားသမီးများ၊ ၎င်းတို့နှင့် အကျိုးတူ စီပွားဖက် ခရိုနီကြီးများ ပိုင်သည့် ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီးများရှိပေသည်။

ကမ္ဘာကျော် ငပလီကမ်းခြေတွင် ဟိုတယ် ၆၅ လုံးရှိပြီး ယင်းထဲက ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံမှု၊ အဆင့်မြင့် ဇိမ်ခံ ဟိုတယ်ကြီးများဖြစ်သော Amazing Hotel ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီးစပ်သူ ဦးအောင်မျိုးမင်းဒင်၊ Ananda ဟိုတယ်ကို ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သားဖြစ်သူ ဦးအောင်ပြည့်စုံ၊ Pristine Mermaid Ngapali စစ်ခေါင်းဆောင်ကို ဗိုလ်ချုပ်မောင်အေးသမီး ဒေါ်နန္ဒာအေး၊ Thande Ngapali Hotel ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သား ဦးထွန်းနိုင်ရွှေ၊ Jade Marina Resort Hotel ကို ဗိုလ်မှူးကြီးနေဝင်းထွန်းတို့ ပိုင်ဆိုင်ကြ၏။ အခြားဟိုတယ်ကြီးများကိုလည်း စစ်ခေါင်းဆောင်နှင့် စီပွားဖက် ခရိုနီသူဌေးကြီးများ ပိုင်ဆိုင်ကြ၏။ နိုင်ငံခြားသားများထံမှ တစ် နေ့ကို ဒေါ်လာ ထောင်သောင်းချီဝင်ငွေရှိနေသည့် ထိုဟိုတယ် မြေနေရာများကို စစ်အာဏာရှင်များက ဒေသံများထံက မြေတစ်ဧကကို ငွေကျပ် ၇၀၀၀ လျှော်ကြေးပေးကာ မတရားသိမ်းပိုက် ရယူထားခြင်းဖြစ်၏။

အလားတူ သံတွဲမြို့သည် စီးပွားရေးမြို့အဖြစ် မဟာဗျူဟာကျသည့် ဗမာပြည်နှင့် ရခိုင်ပြည်ကို ချိတ်ဆက်ပေး သော အဓိက နေရာဖြစ်သည်။ ထို့အတူ သံတွဲမြို့သည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း (မီးခိုးတိတ် စီးပွားရေး) တွင် ကမ္ဘာအဆင့် ဝင်ငွေကောင်းပြီး အာဏာရှင်များကို ဒေါ်လာရှာပေးသည့် နေရာတစ်ခုလည်း ဖြစ် ပြန်သည်။

ထို့အတူ သံတွဲလေဆိပ်သည်လည်း ရခိုင်တောင်ပိုင်းက စစ်ကောင်စီ တပ်ရင်းများသို့ လေကြောင်းကနေ စစ် အင်အားဖြည့်တင်းရာတွင် အရေးပါခဲ့၏။ ပြီးလျှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုများကြောင့် စစ်ကောင်စီ မိသားစုဟိုတယ်များ အကျိုးအမြတ် မြိုးမြိုးမြက်မြက်ရကြ၏။

■ ရခိုင်စစ်မျက်နှာထဲက စစ်ကောင်စီရေတပ်

စစ်ကောင်စီရေတပ်တွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် ရန်ကုန်၊ မောရဝတီရေတပ်စခန်းဌာနချုပ် မော်လမြိုင်၊ ဓညဝတီရေတပ်စခန်းဌာနချုပ် ကျောက်ဖြူ၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ် ဟိုင်းကြီးကျွန်း၊ တနင်္သာရီရေတပ် စခန်းဌာနချုပ် မြိတ် ဟူ၍ ဌာနချုပ်ကြီး ၅ခုရှိ၏။

ထို့အတူ ရေတပ်၏ ရေငုပ်သင်္ဘောများ (Submarines)၊ Landing Platform Dock (LPD)၊ ဖရီးဂိတ်စစ် ရေယာဉ်များ (Frigate)၊ ကိုယ်ပျောက် အမြန်သွားတိုက်ခိုက်ရေးရေယာဉ်၊ မိုင်းရှင်းစစ်ရေယာဉ်များ၊ ရေငုပ် သင်္ဘော တိုက်ခိုက်ရေး စစ်ရေယာဉ်များ၊ ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ် (FAC – Missile)၊ အမြောက်တင်အမြန် တိုက်ခိုက်ရေး စစ်ရေယာဉ်များ (FAC- GUN)၊ တင့်ကားတင်ကမ်းထိုး ရေယာဉ်များ (Coastal land craft mechanised)၊ မောင်းသူမဲ့ ရေယာဉ်များ (USV)၊ ရေတပ်လေကြောင်း (Naval aviation) စသည်ဖြင့် ရေယာဉ်အမျိုးစုံ ၁၂၂ စီး၊ ရေငုပ်သင်္ဘော ၂ စီးနှင့်အတူ စစ်မှုထမ်း ၁၉၀၀၀ ရှိကြောင်းအချက်အလက်များ၌ ဖော်ပြ၏။

ရခိုင်ဒေသအတွက် ဓညဝတီရေတပ်စခန်း ဌာနချုပ် ကျောက်ဖြူနှင့် အတူ အမှတ် (၃) ဗျူဟာ စစ်ရေယာဉ်စု စနဲ၊ စစ်တွေ၊ သံတွဲမြို့နယ်တို့တွင် ရေတပ်စခန်းများ ထားရှိသည်။ ရခိုင်ပင်လယ်ကမ်းရိုးတန်းတလျှောက်နှင့် နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်၊ ကျွဲကူးမြစ်၊ သံဇစ်မြစ်၊ ကလိန်တောင်မြစ် စသည့် တိုက်ပွဲများတွင် ရေတပ် ကပစ်ကူပေးခြင်း၊ မြစ်ချောင်းများကို ပိတ်ဆို့ခြင်း၊ စစ်သည်များ၊ ရိက္ခာခဲယမ်း ထောက်ပို့များ အဓိကပြုလုပ်နိုင်၏။

■ NAVY SEALs တပ်နှင့် ရေတပ်ကို ရိုက်ချိုး

ရိုက်ချက် ပြင်းထန်လှသော သံတွဲတိုက်ပွဲတွင် ထူးခြားမှတ်တမ်းများလည်း များပြား၏။ ယင်းအထဲတွင် စစ်ကောင်စီ ရေတပ်၏ အဆင့်မြင့်တိုက်ခိုက်ရေးတပ် NAVY SEALs တပ်ဖွဲ့ကိုလည်း ထုတ်သုံးခဲ့၏။ NAVY SEALs ဆိုသည်မှာ တပ်မတော် (ရေ) အထူးစစ်ဆင်ရေးတပ်ဖွဲ့ဖြစ်သည်။ NAVY SEALs တပ်ဖွဲ့ဝင်များသည် သာမန် စစ်ကောင်စီတပ်သားများ အသုံးပြုခွင့်မရသည့် နိုင်ငံခြားထုတ် နောက်ဆုံးပေါ် ခေတ်မီ လက်နက်များ ရရှိထားကြသည်။ အထူးလေ့ကျင့်မှုများနှင့်အတူ ရဟတ်ယာည်များကို တွဲဖက်အသုံးပြုခွင့်ရှိသည်။

NAVY SEALs တပ်အထိုင်ချသည့် မောင်ရွှေလေး စခန်းသည်လည်း စစ်ကောင်စီရေတပ်၏ အကြီးမားဆုံး ရေတပ် သင်တန်းကျောင်းတစ်ခုဖြစ်ပြီး ရေတပ်အတွက် အထွတ်အမြတ်ထားရာ ဌာနချုပ်ကြီးတစ်ခုစံချိန်မီ၏။ နိုင်ငံအနှံ့က ရေတပ်သားတိုင်းကို သင်တန်းပေးခြင်းအပြင် ကြေးတပ်၊ လေတပ်အဖွဲ့များကလည်း ဒိုင်ဗင်ထိုး၊ ရေငုပ် သင်တန်းများဖြင့် ဖွင့်လှစ်ထားသည်။ ထို့အတူ စစ်ခေါင်းဆောင်များ၏ ရေတပ်အထူး စစ်ဆင်ရေး တပ်သားများကို မွေးထုတ်ပေးသည့် ကျောင်းကြီးလည်းဖြစ်၏။

ယခုအခါ မောင်ရွှေလေးရေတပ်တွင် အာရက္ခအောင်လံတော် စိုက်ထူလိုက်ပြီဖြစ်သဖြင့် ခေတ်သစ် ပြည်တွင်း စစ် တွင် AA သည် ရေတပ်ကို ပထမဆုံး အနိုင်ယူနိုင်သောတပ်ဖွဲ့အဖြစ် သမိုင်းတွင်လေပြီ။ အခြားတစ်ဖက်တွင်လည်း မောင်ရွှေလေးရေတပ်ရှုံးနိမ့်ခြင်းသည် ကျန်ရေတပ်ဌာနချုပ်နှင့် ရေတပ်သားများ၏ စိတ်ဓာတ်ကို ရိုက်ချိုးလိုက် ပြီးဖြစ်ပေ၏။ ခေတ်မီယန္တယား စက်ပစ္စည်းများ၊ နည်းပညာများသည် စစ်ပွဲအား အထောက်အကူပြုကြောင်း မှန် သော်လည်း စစ်ပွဲ၏အောင်မြင်မှုသည် လူထုထောက်ခံမှုရှိပြီး တိုက်ခိုက်လိုစိတ် အရည်အချင်းအပေါ်မူတည် ကြောင်း မောင်ရွှေလေးတိုက်ပွဲက သက်သေပြလိုက်၏။

■ သံတွဲကျရှုံးမှုနှင့် စစ်ခေါင်းဆောင် ဂုဏ်သိက္ခာ

စစ်ခေါင်းဆောင်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးမှာ သံတွဲသူဖြစ်၏။ ယင်းကြောင့် စစ်ခေါင်းဆောင်သည် သံတွဲမြို့ကို တန်ဖိုးထား၏။ ထိုမြို့တွင် မိသားစုလိုက် အပန်းဖြေခြင်း၊ နိုင်ငံခြား အဆင့်မြင့်အရာရှိ အစည်းဝေးများ ကိုလည်း ပြုလုပ်တတ်၏။

ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီတွင် (၈) ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံစစ်ဘက် အဆင့်မြင့် အရာရှိကြီးများ အ စည်းအဝေးကို ငပလီကမ်းခြေ Jasmine Ngapali Resort ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးပြီးချိန်တွင် ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chalermpol Srisawat ကိုလည်း ငပလီကမ်းခြေအလှ ကိုလိုက်ပြခဲ့သေး၏။

ယင်းနောက် စစ်ခေါင်းဆောင်သည် မောင်ရွှေလေးသို့ သွားရောက်ခဲ့ပြီး ရေတပ်လေ့ကျင့်ရေးကျောင်းနှင့် (NAVY SEALs) တပ်ဖွဲ့ဝင်များ၏ ပင်လယ်ပြင်တွင် ရေငုပ်တိုက်ခိုက်မှု၊ စစ်ဆင်ရေး လေ့ကျင့်နေမှုများကို ဇိမ်ပြေနပြေ ထိုင်ကြည့်ဖူးသည်။ ထို့အတူ ပြီးခဲ့သည့်ကာလက ရုရှားစစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များကိုလည်း ငပလီနှင့် မောင်ရွှေလေးရေတပ်တို့ကို လိုက်ပြဖူး၏။ သို့သော်လည်း စစ်ခေါင်းဆောင်သည် ယနေ့အချိန်တွင် ငပလီဒေသကို နေပြည်တော်ကနေ လွမ်းနေရုံမှ မတတ်နိုင်တော့ပေ။

■ ပစ္စုပ္ပန် ရခိုင်စစ်ရေး

ရခိုင်ဒေသကို စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရမည်ဟု “ရက္ခိတလမ်းစဉ်” အတိုင်း တစိုက်မတ်မတ် တိုက် တိုက်နေသည့် AA သည် ရှေ့ဆက်၍ အောင်မြေချဲ့ထွင်နိုင်မည့် အလားအလာရှိနေ၏။ ရခိုင်ပြည်ကနေ စစ်ကောင် စီကို မောင်းထုတ်နိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများ မှတ်ချပေးနေကြ၏။

လက်ရှိတွင်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်က မောင်တောမြို့မှာလည်း မြို့သူကြီးနယ်ခြားစောင့်တပ် တစ်ခုတည်း သာကျန်ရှိပြီး မကြာခင် AA လက်ထဲ ကျရောက်မည့် အနေထားရှိ၏။ ယခုခါ စစ်တွေကိုလည်း ပိတ်ဆို့ဝိုင်းရံထား ပြီး တိုက်ပွဲဖော်နေ၏။ တောင်ပိုင်းအဆုံးစွန်က ကျိန္တလီမြို့ကို သိမ်းပိုက်ပြီး ဂွသို့ စစ်ချီနေကာ တောင်ကုတ်၊ အမ်း တို့တွင် တိုက်ပွဲများ ရှိနေတော့သည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ဆုံးရှုံးနယ်မြေများကို ပြန်လည်စစ်ဆင်ရေးလုပ်မည်ဟု ကြွေးကြော် ထားပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အင်အားစုဆောင်းနေမှုက ပြန်တိုက်မည်ဟု စဉ်းစားထားဟန်ရှိ၏။

ယင်းကြောင့် AA သည် ရခိုင်ပြည်တွင်း ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ ထိုနေရာများကို ထိန်း ကျောင်းရန် လူအင်အား၊ လက်နက်အင်အား လိုအပ်လာမည်လည်းဖြစ်၏။ ယင်းကြောင့် စစ်ကောင်စီက လက် ရှိတွင် တပ်ဆုတ်သွားသော်လည်း တစ်ချိန်တွင် ပြန်လည်အားဖြည့်ပြီး ထိုးဖောက်လာနိုင်သဖြင့် မိမိတို့ဘက်ကနေ စစ်ရေး၊ နိုင်ငံရေး ပြင်ဆင်ထားရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနှင့် အင် တာဗျူးတွင် ပြောဆိုထားသည်။

မြန်မာနိုင်ငံအနှံ့ အရှိန်ဟုန်ပြင်းနေသည့် တော်လှန်ရေးလမ်းခရီးတွင် မကြမီ ရခိုင်ပြည်လွတ်မြောက်မည်ဟု နိုင်ငံ ရေး စစ်ရေးအကဲခတ်တို့က သုံသပ်နေသဖြင့် အောင်မြင်မှုဇယားထိပ်သို့ ရောက်နေသော AA အတွက် ထိန်းချုပ် နယ်မြေများအတွင်း လွန်စွာကြီးမားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရ အုံးမည်ပင်။

နိဂုံးချုပ်ရလျင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အန္ဒိယကြားတွင် သီးခြားလွတ်လပ်သော အာရက္ခပြည် တည်ဆောက် နေ သည့် AA သည် လာမည့်ကာလတွင် စိန်ခေါ်မှု အခက်အခဲ ပြဿနာများစွာကို ဖြေရှင်းရန်လည်း ကျန်နေသေး တော့သည်။

Western News

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version