Western News

ထိုင်းနိုင်ငံ၊ လာ့ခ်ျဘူရီခရိုင်၊ ပါက်ထော့မြို့နယ်၊ ထုန့်လွမ်ကျေးရွာတွင် ယာဉ်မတော်တဆ တိမ်းမှောက်မှု၍ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးအပါဝင် သုံးဦးသေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် ရေခဲပို့နေသည့် ကားသည် ပါက်ထော့မြို့နယ်၊ ထုန့်လွမ်ကျေးရွာလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် ဘုန်းကြီးကျောင်းအရှေ့ရှိ လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုခဲ့ခြင်းဖြစ်သည်။

ယာဉ်ပေါ်ပါ သုံးဦးစလုံး အခင်းဖြစ်ပွားနေရာတွင် သေဆုံးသွားခဲ့ကြောင်း ရဲမှူကြီး နလုဒုံ မာလစီက ထိုင်းသတင်းဌာနများကို ပြောဆိုထားသည်။

“ဒီကားက မူယန်င်မြို့နယ်၊ ဟွေဖိုင်ကျေးရွာက ဈေးဆိုင်တွေကို ရေခဲသွားပို့တဲ့ကားလို့ သိရပါတယ်၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းကို ကြည့်တဲ့ အခါ ဘုန်းကြီးကျောင်းရှေ့ လမ်းကွေ့ အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့တာပါ” ဟု ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် သေဆုံးသူ ၃ ဦးစလုံး၏ ရုပ်အလောင်းများကို ဒေသတွင်းအခြေစိုက် လူမှုကူညီရေးအဖွဲ့မှ ပါက်ထော့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူ မြန်မာရွှေ့ပြောင်းလုပ်သားနှင့်ပတ်သက်ပြီး အမည်၊ အသက်၊ ဇာတိနှင့် ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်နေရာ စသဖြင့် အသေးစိတ်အချက်အလက်များအား ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေး၍ ဖော်ပြနိုင်ခြင်းမရှိပေ။ Western News က နီးစပ်ရာ မြန်မာအသိုင်းအဝိုင်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version