Western News

တရုတ်နိုင်ငံတွင် ကျင်းပမည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနား မြန်မာနိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန်နှင့်အဖွဲ့ တက်ရောက်မည်ဟု ရန်ကုန်တရုတ်သံရုံးက ထုတ်ပြန်သည်။

ထိုအခမ်းအနားကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ သမ္မတဟောင်း သိန်းစိန်ကို တရုတ်က ဖိတ်ကြားခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၇ ရက်နေ့ သမ္မတဟောင်း ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ နေပြည်တော်လေဆိပ်မှတစ်ဆင့် မြန်မာစစ်လေယာဉ်ဖြင့် သွားရောက်ကြောင်း ရန်ကုန်တရုတ်သံရုံးက ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၆ ရက်နေ့ သံအမတ်ကြီး Mr. Chen Hai က နေပြည်တော်တွင် သမ္မတဟောင်း ဦးသိန်းစိန်ကို သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအခြေအနေ၊ တရုတ်- မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသို့ သွားရောက်ပြီး အခမ်းအနားတက်ရောက်မည့် ဦးသိန်းစိန်ကို နေပြည်တော်လေဆိပ်တွင် တရုတ်သံအမတ်ကြီးက ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

သမ္မတဟောင်း ဦးသိန်းစိန်နှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံပထမ ဦးဆုံး ဝန်ကြီးချုပ် ဦးနု၏သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တို့လည်း အတူတကွလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း သိရှိရသည်။

ဦးသိန်းစိန်ကို နေပြည်တော် လေဆိပ်တွင် စစ်ကောင်စီ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် စစ်ကောင်စီအဖွဲ့ဝင်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version