Western News

ရက်ပေါင်း ၂၀ ကျော် ဆက်တိုက်ရွာသွန်းနေသော မိုးကြောင့် လေးမြို့မြစ်ရေတက်ပြီး မြောက်ဦးမြို့နယ်တခွင်မှာ ရေကြီးရေလျှံဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လေးမြို့မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး လေးမြို့မြစ်ကမ်းရှိ ကျေးရွာပေါင်း ၆၀ ကျော် ရေဘေးကြုံတွေ့နေရသည်ဟု ပန်းမြောင်းဒေသခံတစ်ဦးက ပြောသည်။

” မနေ့ညက တစ်ရက်တည်းမှာ ရေက ကြီးသွားတာ။ မိုးက ရွာနေတာ ရက် ၂၀ ကျော်ပြီ။ လုံးဝ မတန့်သေးဘူး။ အခုလည်း မိုးက အရမ်းသည်းနေတယ်။ ပန်းမြောင်း ဈေးပိုင်းမှာ ကမ်းပြိုလို့ နေအိမ် ၃၀ လောက် ပါသွားတယ်။ လူတွေတော့ အထိအခိုက်မရှိဘူး။ အိမ်တွေက အားလုံး ပါသွားပြီ။ ” ဟု ပြောသည်။

မြောက်ဦးမြို့ထဲက အနိမ့်ပိုင်းရှိ ရပ်ကွက်အချို့သို့လည်း ရေဝင်ရောက်နေပြီး ဆင်ချဆိပ်ရပ်ကွက်က နေအိမ်အချို့ ရေနစ်မြှုပ်သွားပြီဟု မြို့ခံများက ပြောသည်။

” ဆင်ချဆိပ်ရပ်ကွက်က ချောင်းကမ်းနားပိုင်းက အိမ်တွေ ရေနစ်မြှုပ်သွားပြီ။ မိုးကလည်း အရမ်းရွာနေတာ။ ရေကလည်း တက်လာနေတယ်။ လူတွေက အခု အမြင့်ပိုင်းတွေကို ပြောင်းရွှေ့နေရတယ်။ ၂၀၁၅ ခုနှစ်ကလိုမျိုး တစ်မြို့နယ်လုံး ရေကြီးဖို့ကို စိုးရိမ်နေတယ်။ ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅၊ ၂၀၁၆ ခုနစ်ကလည်း လေးမြို့မြစ်ရေနှင့် မိုးရွာသွန်းမှုကြောင့် မြောက်ဦးတစ်မြို့နယ်လုံး ရေဘေးကြုံတွေ့ခဲ့ရပြီး လယ်ယာမြေ အများအပြားပျက်စီးသွားသည့်အပြင် လူအသေအပျောက်လည်း ရှိခဲ့သည်။

ကုန်ခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း လေးမြို့မြစ်ရေကြောင့် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ် အစပ်ရှိ ပန်းမြောင်းကျေးရွာမှာ ရေဘေးကြုံတွေ့ခဲ့ရပြီး လယ်ယာမြေများနှင့် ကမ်းပြို၍ နေအိမ်အချို့ ပျက်စီးခဲ့ရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version