Western News

(ဩဂုတ် ၇ ရက် ထိုင်း ရနှောင်းမှ ကော့သောင်းမြို့သို့ ပြန်ပို့ခံရသည့် ၁၂၆ ဦးကို စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူသွားကြောင်း ဒေသခံများပြော)

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီးနောက် မြန်မာဘက်သို့ ပြန်ပို့ခံရသူများကို စစ်ကောင်စီတပ်က စစ်သားစုဆောင်ရေးအဖြစ် အတင်းအဓမ္မခေါ်ယူ ပို့ဆောင်နေကြောင်း ကော့သောင်းမြို့ခံများထံမှ သိရသည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင် ထိန်းသိန်းရေးစခန်းတွင် ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်နှင့် ယခု ဩဂုတ် ၇ ရက်နေ့က ပြန်လွတ်လာသူများကို စစ်သားစုဆောင်းရေးအဖြစ် ခေါ်ဆောင်ခံရကြောင်း ဒေသခံများကပြောသည်။

“ထိုင်းကနေ ပြန်ပို့လိုက်တဲ့ သူတွေထဲက ဒေသခံမဟုတ်တဲ့ သူနဲ့ ပိုက်ဆံ မပေးနိုင်တဲ့ သူတွေကို တခါတည်း စစ်တပ်က လာခေါ်ပြီး စစ်မှုထမ်းအတွက် ခေါ်သွားတာမျိုးဖြစ်တယ်” ဟု ယင်း ဖြစ်စဉ်ကို သိရှိနေသူ ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

ရနောင်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ထိန်းသိမ်းရေး စခန်းကနေ ဇူလိုင် ၃၀ ရက်နေ့က လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၅၂ ဦးကို ထိုင်းအာဏာပိုင်အဖွဲ့က ကော့သောင်းမြို့ကို ပို့ဆောင်ခဲ့ရာတွင် လူငယ် အယောက် ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ခေါ်ဆောင်သွားပြီး ကော့သောင်းမြို့ အခြေစိုက် ခမရ (၂၆၂) တပ်ရင်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းအရင်းမြစ်များနှင့် နီးစပ်သူများထံမှ သိရသည်။

ထို့အတူ ဩဂုတ် ၇ ရက်နေ့တွင်လည်း ထိုင်းအာဏာပိုင်းအဖွဲ့က လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၂၆ ဦးကို ထပ်လွှတ်ပေးရာ မြန်မာဘက်ရှိ ကော့သောင်းမြို့နယ် စစ်ကောင်စီတပ်ဖွဲ့က စစ်မှုထမ်း စုဆောင်းရေးအတွက် အကုန်လုံးနီးပါးကို ခမရ (၂၆၂) တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း ကော့သောင်းအခြေစိုက် ပွဲစားအသိုင်းဝိုင်းမှ သိရသည်။

“မနေက ပို့လိုက်တဲ့ ပြည်တော်ပြန်တွေကို စစ်သားအသစ် ခေါ်ယူဖို့ စစ်တပ်က လာခေါ်သွားတယ်” ဟု ကော့သောင်းမြို့ခံ ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

စစ်သားအသစ် စုဆောင်းရေး ခေါ်ဆောင်ခြင်းခံရသူများထဲတွင် ကော့သောင်းမြို့ခံဖြစ်ကြောင်း သက်သေပြနိုင်ပါက လွှတ်ပေးခြင်းရှိပြီး ဒေသခံမဟုတ်သူများအား စစ်ကောင်စီက တောင်းရမ်းသည့် ငွေကြေးပမာဏကို ပေးနိုင်ပါက ပြန်လွှတ်ပေးလေ့ရှိကြောင်း သိရသည်။

ယခု ၂၀၂၄ ခုနှစ်ထဲတွင် ထိုင်းနိုင်ငံ ရနောင်း လဝက ထိန်းသိမ်းရေစခန်းကနေ ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်အဖွဲ့က အသုတ်လိုက် ပြန်ပို့ပေးနေရာ ဇန်နဝါရီမှာ ၁၁၆ ဦး၊ ဖေဖော်ဝါရီမှာ ၁၉၇ ဦး၊ မတ်လက ၁၃၄ ဦး၊ ဇွန်မှာ ၁၂၀ ဦးနှင့် ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်မှာ ၁၅၂ ဦးနှင့် ဩဂုတ် ၇ ရက်နေ့တွင် ၁၂၆ ဦး ရှိကြောင်း ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး၏ လူမှုကွန်ယက်စာမျက်နှာမှ ထုတ်ပြန်ချက်များအရ သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version