Western News

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ပြည်သူများ၏ ဆန့်ကျင်မှု အရှိန်အဟုန် ပြင်းထန်လွန်းသဖြင့် စစ်အုပ်စု မထိန်းနိုင်တော့ဘဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်တော့မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်သည်။

၇၄ နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သော သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌ က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကရင့်တော်လှန်ရေးသမိုင်းတစ်လျှောက် ကြုံတွေ့နေရသည့် စိန်ခေါ်မှုမှာ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ဖြစ်ပြီး လက်ရှိအချိန်အထိလည်း မဟာဗမာလူမျိုးကြီးဝါဒကို စွဲကိုင်ထားသော ဗမာစစ်အာဏာရှင်ကို ရင်ဆိုင်နေရကြောင်း ဥက္ကဌက ဆိုသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရယူပြီးနောက် ၁၉၆၂ ခုနှစ်မှ စတင်၍ ဗမာစစ်တပ်က တိုင်းပြည်အာဏာကိုလုယူပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေး အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် အဓမ္မအုပ်စိုးခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင်လည်း တစ်နိုင်ငံလုံးမှ ပြည်သူများက စစ်အာဏာသိမ်းမှုကို နိုင်ငံရေး၊ စစ်ရေး နည်းလမ်းများဖြင့် ဆန့်ကျင်တိုက်ပွဲဝင်နေကြကြောင်း၊ လက်ရှိတွင် စစ်အုပ်စုသည် မထိန်းနိုင်တော့ဘဲ ချုပ်ငြိမ်းပျောက်ကွယ်တော့မည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

“ဒီနေ့ ဒီအချိန် စစ်တပ်ကနေ တိုင်းပြည်အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာ ဆိုလို့ရှိရင်လည်း တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး၊ လူမျိုးတွေအားလုံးက နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်းနဲ့ ဆန့်ကျင်တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ ဒီဆန့်ကျင်မှုတွေဟာ အရှိန်အဟုန်ပြင်းထန်လွန်းလို့ စစ်အုပ်စုဟာ မထိန်းနိုင်တော့တဲ့အခြေအနေ ရောက်နေပါတယ်။ စစ်အာဏာရှင် ချုပ်ငြိမ်းကွယ်ပျောက်တော့မယ် အခြေအနေလည်းဖြစ်ပါတယ်” ဟု ပြောသည်။

KNU အပါအဝင် ကရင်တိုင်းသားများအနေဖြင့် မဟာလူမျိုးကြီးဝါဒ စစ်အာဏာရှင်စနစ် ဆုံးခန်းတိုင် ပျောက်ပျက်သွားရန် ကျရာကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပြီး မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်သွားကြရန်လိုအပ်ကြောင်း ဆိုသည်။

မဟာလူမျိုးကြီးဝါဒ အာဏာရှင်စနစ် ပြိုလဲ ဆုံးခန်းတိုင်စေရန်အတွက် တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံရေးပါတီများ၊ အဆိုပါ ဝါဒကို ဆန့်ကျင်နေသည့် အဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောဆိုထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version