Western News

မြန်မာနိုင်ငံမှာ စစ်ရှောင်များအပါအဝင် အရပ်သားပြည်သူ လူ ၁၉ သန်းနီးပါး (၁၈.၆ သန်း) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကုလက ယမန်နေ့ ဩဂုတ် ၁၉ တွင် ထုတ်ပြန်ထားသည်။

လူ ၁၉ သန်းနီးပါးထဲက ၆ သန်းမှာ ကလေးငယ်များဖြစ်ပြီး ကျယ်ပြန့်သော ပဋိပက္ခများနှင့် ဆိုးရွားသော သဘာဝဘေးအန္တရာယ်များ၏ နာကျင်စေသည့် အကျိုးဆက်များကို ရင်ဆိုင်နေရသည်ဟု ကုလအဖွဲ့ UNOCHA မြန်မာက ဆိုသည်။

ဆိုးရွားသော အကျပ်အတည်းမှုများကြောင့် လူများစွာ အသက်ရှင်သန်ရေး အလွန်ခက်ခဲနေကြပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အသက်ကယ်ဆယ်ရေး အကူအညီများ လိုအပ်နေကြောင်းနှင့် ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်အတွင်း UNOCHA က လူ ၂.၁ သန်းကို အကူအညီပေးခဲ့ကြောင်း ထုတ်ပြန်သည်။

“မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေဟာ အလွန်အမင်း စိုးရိမ်စရာဖြစ်နေပြီး နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြားမှာ အရပ်သားတွေကတော့ ဆုံးရှုံးမှုအများဆုံးဖြစ်ပါတယ်။” ဟု ဆိုသည်။

၂၀၂၄ ခုနှစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များနှင့် တုံ့ပြန်ရေးစီမံချက်မှာ ၂၁ ရာခိုင်နှုန်းသာ ရန်ပုံငွေထောက်ပံ့ထားပြီး သိသိသာသာ ရန်ပုံငွေစိန်ခေါ်မှုများ ရှိနေသော်လည်း အကူအညီကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပြင်းထန်လာသည်နှင့်အမျှ အရပ်သားများနှင့် အကူအညီပေးရေး ဝန်ထမ်းများသည် နေ့စဉ်နှင့်အမျှ အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်းလည်း UNOCHA က ပြောသည်။

ပဋိပက္ခတွင် ပါဝင်သူအားလုံးသည် အရပ်သားများနှင့် အကူအညီပေးလုပ်ကိုင်သူများကို အကာအကွယ်ပေးရန် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၏ တာဝန်ဝတ္တရားများကို လိုက်နာရန် အရေးကြီးသည်ဟု UN က တိုက်တွန်းထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version