Western News

နေပြည်တော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လာခဲ့ရာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၉ ဦး သေဆုံးပြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ် အပါအဝင် မြို့နယ်များ အတွင်းရှိ ကျေးရွာများမှ ပြည်သူ ပေါင်း ၃၆၀၂ ဦးကို မီးသတ်ဦးစီး ဌာန၏ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်နိုင်ခဲ့သည်။

ကနဦးသတင်းများအရ အမျိုးသား ၆ ဦး သေဆုံးပြီး အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ကြောင်း သေဆုံးသူအရေအတွက် ဆက်လက် လာဖွယ်ရှိကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီ ၃၀ မနစ်အချိန်အထိ မီးသတ်ဦးစီးဌာန၏ ကယ်ဆယ်ရေးအဖွဲ့က တပ်ကုန်းမြို့နယ်၊ မကျီးပင်မှ ရေဘေးသင့် ၁၅၀ ဦး၊ ရွာသစ်ကျေးရွာနှင့် အနော်ရထာရပ်ကွက်မှ ပြည်သူ ၁၂၉ ဦး၊ နေရောင်ပြအင်း၊ ဘဲကုန်းရွာ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝက်အင်းရွာမှ ၁၂ ဦး၊ အေးမြင့်သာယာ၊ စက်ကုန်းရွာ၊ တန်ပိုစုရွာ၊ ချောင်းစောက်ရွာနှင့် ပေါက်တောရွာတို့မှ ၇၀၅ ဦးတို့ကို ကယ်ဆယ်းနိုင်ခဲ့သည်။

ထို့အပြင် ပျဉ်းမနားမြို့နယ်၊ မအူပင်ရွာမှ ၂၄ ဦး၊ ပျဉ်းမနားသကြားစက်၊ ဘုန်းကြီးကျောင်း၊ ညောင်ပင်သာရွာ၊ သနပ်ရှေ့ရွာနှင့် ကျွန်းဦးရွာမှ ၆၅၁ ဦး၊ ဝက်ကုန်းနှင့် ပေါက်တောရွာမှ ၃၉၉ ဦး၊ ပုဗ္ဗသီရိတောက်ထိန်ရွာမှ ၂၀ ဦး၊ ကင်းသာလမ်းခွဲနှင့် ပင်လောင်းလမ်းဆုံမှ ၁၈ ဦး၊ ရွာသစ်ကျေးရွာမှ ၅၇ ဦး၊ ဘုရင့်နောင်ရပ်ကွက်နှင့် ဘိုးဘွားရိပ်သာမှ ၃၀ ဦး၊ မကျီးပင်ကျေးရွာမှ ၄၈၂ ဦးတို့ ကယ်ဆယ်နိုင်ခဲ့သည်။

အလားတူ မကျီးပင်အုပ်စုနှင့် ညောင်ပင်သာရွာမှ ၂၅၈ ဦး၊ ကျီးဖြူရိုး ၊ ဆင်သေ၊ ဈေးကုန်း၊ နှမ်းတော၊ သစ်ဆိမ့်ပင်၊ ဇီးဖြူပင်၊ နတ်သူရဲနှင့် ပေါစံခေါရွာတို့မှ ၄၄၇ ဦး၊ လယ်ဝေးမြို့နယ်၊ ဟေမာန်ကျေးရွာနှင့် သစ်စိမ်းကျေးရွာတို့မှ ၁၅၀ ဦး၊ ကွမ်းခြံကျေးရွာမှ ၇၀ ဦး၊ စုစုပေါင်း နေရာ ၃၀ တို့မှ ရေဘေးသင့်ပြည်သူ ၃၆၀၂ ဦးတို့အား ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်အခြေစိုက် ကယ်ဆယ်ရေးနှင့် ပရဟိတအဖွဲ့ဝင်တစ်ဦးက “ရေပြန်ကျသွားမှ အလောင်းတွေ တွေ့နေရတယ်။ ဘယ်ရွာက ဘယ်သူတွေမှန်းလဲမသိဘူး။ သေဆုံးသူအရေအတွက်တော့ ရွာလုံးကျွတ် ရေမျောတဲ့ရွာတွေလည်းရှိနေတာ့ အခုအချိန်မှာ စာရင်း အတိအကျ သိဖို့ခက်တယ်။ တချို့ ပေါင်းလောင်းရေလှောင်တမံအောက်က ရွာတွေဆိုရင် ရွာလုံးကျွတ် ပျောက်သွားတယ်။ အဲဒါကြောင့် သေဆုံးသူစာရင်းက ပိုတိုးလာဖို့ပဲရှိတယ်” ဟု ပြောသည်။

ယနေ့ နံနက်ပိုင်း တောင်ငူမြို့နယ်၊ စစ်တောင်းမြစ်ကမ်းဘေး၊ ကျေးရွာများတွင် ရေများ အလုံးအရင်း တက်လာသဖြင့် ပြည်သူများ ပိတ်မိနေတာ တချို့သော ပြည်သူများမှာ သစ်ပင်များပေါ်သို့ တက်နေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

တောင်ငူအခြေစိုက် ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “အရှေ့ဆင်ကျေးရွာနဲ့ ကမ်နီးဘက်မှာ ရွာထဲပါ ရေတွေ စီးဝင်နေလို့ တချို့ အိမ်တွေ မျောကုန်တယ်။ ပြည်သူတချို့ သစ်ပင်ပေါ်တွေ တက်နေရလို့ လာကယ်ဖို့ အကူအညီတောင်းနေတာရှိတယ်။ စစ်တောင်းမြစ်ရေက တိုးပြီးရင်း တိုးနေတယ်” ဟု ပြောသည်။

တောင်ငူမြို့နယ်တွင် ယမန်နေ့ ညပိုင်းမှစတင်ပြီး စစ်တောင်းမြစ်ရေများ တဟုန်ထိုးမြင့်တက်လာခြင်းဖြစ်ကြောင်း၊

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နယ်တွင် စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲ မြင့်တက်နေပြီး ၂၄ နာရီအတွင်း ထပ်မံ၍ ၂ ပေခန့် မြင့်တက်လာနိုင်ကြောင်း ဆိုသည်။

ယင်းသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပြီး မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲကျော်လွန်နေကာ ထပ်မံ၍ ပေဝက်ခန့် မြင့်တက်နိုင်ကြောင်း သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version