Western News

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ သံလွင်မြစ်ရေ ၆ ပေခန့်အထိ မြင့်တက်လာပြီး ပြည်သူများ ရေဘေးဒုက္ခကြုံနေရကာ ကူညီကယ်ဆယ်ရေးများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် ပြည်သူအချင်းချင်းသာ အဓိက ကူညီနေရကြောင်း ဒေသ သတင်းရင်းမြစ် Hpa-an News က ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး သံလွင်မြစ်ရေသည် နေ့စဉ် မြင့်တက်လျက်ရှိရာ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဘားအံမြို့နယ်၏ စိုးရိမ်ရေအမှတ် အထက်သို့ ၅ ပေခွဲ မြင့်တက်လာနေခြင်းဖြစ်သည်။

ယင်းမြစ်ရေသည် လာမည့် ၁ ရက်အတွင်း ၂ ပေခန့် ထပ်မံမြင့်တက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ဘားအံမြို့အပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေများနစ်မြုပ်နေပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်းနှင့် လတ်တလောအချိန်အထိ မည်သည့် ကယ်ဆယ်ရေးမှ လာရောက်ခြင်းမရှိဘဲ ပြည်သူများအချင်းချင်းကူညီနေရကြောင်း ပြောဆိုကြသည်။

ဘားအံမြို့ပေါ်တွင် အမှတ် ၁ ရပ်ကွက် မိုးလုံ လေလုံ အားကစားရုံအတွင်း ရေဘေးကူညီရေစခန်း ဖွင့်လှစ်ထားကြောင်းနှင့် ရေဘေးသင့်ပြည်သူအရေအတွက် များပြားလာသဖြင့် အထက်တန်းကျောင်းတွင်လည်း ရေဘေးကူညီရေးစခန်း ထပ်မံ ဖွင့်လှစ်ထားသည်။

“မိုးမရွာတာတောင် ရေက တိုးပြီးရင်း တိုးပဲ။ ရေဘေးဒုက္ခသည် အရေအတွက်ကလေ လောလောဆယ်အထိ သိထားရသလောက်က နေရာမရတဲ့ သူတောင် မိသားစု ရာဂဏန်းကျော်ရှိနေတယ်။ ရေက ဆက်တိုးနေတယ်။ ဘယ်သူမှလည်း ကူညီကယ်ဆယ်ရေး လုပ်ပေးနိုင်စွမ်းတွေ နည်းနေတယ်။ အဓိက က ပြည်သူချင်းပြည်သူတွေဘဲ ကူညီနေကြတာ။ ရေက ဆက်တက်မယ့် အနေအထားမှာရှိတယ်။ ဘားအံအပြင် ဘားအံမြို့နယ်တွေဘက်မှာလည်း ကူညီပေးမယ့်သူတွေ မရှိသလောက်ပဲ။ မြို့ပြင် ဘက်တွေအထိ သွားနိုင်တဲ့သူ နည်းသွားပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေးအတွက် စစ်ကောင်စီက ဆောင်ရွက်ပေးခြင်းမရှိဘဲ တိတ်ဆိတ်နေကြောင်း၊ အဓိကအားဖြင့် ပရဟိတအဖွဲ့များနှင့် ပြည်သူများက စုစည်း၍ ရေဘေးသင့် ပြည်သူများကို ကူညီနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version