Western News

၂၀၂၂ ခုနှစ်၊ ခန့်မှန်းလူဦးရေ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၅ ဒသမ ၈ သန်းရှိသည့်အနက် ၇၅ ရာခိုင်နှုန်းရှိ ၄၂ သန်းသော ပြည်သူများသည် ဆင်းရဲမွေးတေမှုဖြင့် ရင်ဆိုင်နေရသည်ဟု UNDP Myanmar က ယနေ့ ထုတ်ပြန်သည်။

ဆင်းရဲမွေးတေမှု ၇၅ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခြင်းမှာ စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခြင်းကြောင့်ဖြစ်သည်ဟု UNDP က ထောက်ပြထားသည်။

ထို့အပြင် လူပေါင်း ၁၃ ဒသမ ၃ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံသည် အမေ့အပျောက်ခံ အကျပ်အတည်းတစ်ခုအဖြစ် ရှိနေသေးကြောင်း UNDP ကဆိုသည်။

၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂမှတဆင့် ဖွံ့ဖြိုးရေးအကူအညီသည် ၄၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ရပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဥ်များသည်လည်း ရံပုံငွေမလုံလောက်ဘဲ ရှိနေသည်။

အဆမတန်ကြီးထွားလာနေသော လိုအပ်ချက်ကို တုံ့ပြန်ရန်မှာ စိန်ခေါ်မှုဖြစ်သော်လည်း ဖြစ်နိုင်ပါသေးပြီး UNDP သည် လူပေါင်း ၂ သန်းကျော်ကို ရောက်ရှိကူညီခဲ့ပြီးဖြစ်ကာ လာမည့် ၂၀၂၅ နှစ်ကုန်တွင် လူပေါင်း ၈ သန်း​အထိ ကူညီနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေအရ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အကူအညီနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၌ ချဉ်းကပ်ပုံကို ပြန်လည် ဖွဲ့စည်းပုံဖော်ထားသည်ဟု UNDP က ပြောသည်။

“လုပ်အားအတွက် ငွေသားပေးအပ် ထောက်ပံ့ခြင်း” အစီအစဉ်များအပြင် လယ်ယာကဏ္ဍမြှင့်တင်ခြင်းမှ ဒေသခံတောင်သူလယ်သမားများအတွက် အထောက်အပံ့ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအထိ၊ UNDP သည် လတ်တလောလိုအပ်ချက်များကို ဖြေရှင်းရန် လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အပြင် ရပ်ရွာမှ ဦးဆောင်သည့် ချဥ်းကပ်ကူညီမှုများဖြင့် စားနပ်ရိက္ခာ လက်လှမ်းမီမှုနှင့် ဆင်းရဲမွဲတေမှုကို ကိုင်တွယ်ဖြေရှင်းရန် ပြည်တွင်းသာမက နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း UNDP က ပြောသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version