Western News

တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ ယနေ့ ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက သံတွဲမြို့ လင်းသာကမ်းခြေတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေသည့် နေရာများအပါအဝင် ငပလီကမ်းခြေ၊ ရွှေကျောင်းပြင်ရွာ၊ သံတွဲမြို့ရပ်ကွက်များကို လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်နေပြီး အရပ်သားများ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

AA ၏ ထိုးစစ်ကြောင့် ငပလီမှတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်၏ ခလရ (၅၅)၊ ခမရ (၅၆၆) နှင့် ပြည်သူ့စစ်များသည် ဂျိတ္တောရပ်ကွက်တွင် ပူးပေါင်းခံစစ်ဖြင့် တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။

သံတွဲ ဒေသခံတစ်ဦးက “စစ်ကောင်စီတပ်ဖွဲ့တွေက တပ်ဆုတ်လာကြတယ်။ အဲ့ဒီ လင်းသာ၊ မြပြင် ပြီးတော့ ဂျိတ္တောဖက်ကို ထွက်ပြေးလာကြတယ်။ အဲ့ဒီမှာ AA က ထိုးစစ်ဆင်းတိုက်ခိုက်နေတာ။ အခု လင်းသာမှာ ဖြစ်နေကြတယ်။ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီဖက်က လေကြောင်း တိုက်ခိုက်မှုတွေ တစ်လျှောက်လုပ်နေတယ်။ တစ်နေကုန် ပစ်ခတ်မှုတွေ လုပ်နေတယ်။ တိုက်ပွဲက တော်တော်ကို ပြင်းထန်နေကြတာပါ” ဟု ပြောသည်။

လေကြောင်းအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သံတွဲမြို့ပေါ် ရပ်ကွက်အချို့နှင့် လင်းသာ၊ ငပလီတို့က လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုရှိကြောင်း ဒေသခံများကပြောသည်။

သံတွဲမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ နံနက် ၆ နာရီတွင် စတင်ခဲ့ပြီး စစ်ကောင်စီ၏ ခလရ ၅၅ နှင့် ကြိုကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

အစောပိုင်းတွင် ကြိုကြားတိုက်ပွဲများဖြင့် စတင်ခဲ့သော်လည်း မေလနှင့် ဇွန်လတို့တွင် နေ့စဉ်နီးပါး တိုက်ပွဲများပြင်းထန်ကာ ဇူလိုင်လ ပထမ အပတ်အတွင်း တိုက်ပွဲအရှိန် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း AA က ဆိုသည်။

စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန်ခုခံနေသော်လည်း AA က အရှိန်မြင့်ထိုးစစ်ဆင်တိုက်ခိုက်ကာ သံတွဲမြို့နယ် ငပလီမြို့ရှိ သံတွဲလေဆိပ်အနီး ခမရ ၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့သည်။

ခမရ ၅၆၆ တပ်ရင်းကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးပြီးနောက် သံတွဲလေဆိပ်၌ တပ်စွဲထားသော တပ်ရင်းများ မကျဆုံးရှုံးစေရေးအတွက် အင်အား ၄၀၀ ခန့်ဖြင့် ခုခံခဲ့သော်လည်း AA က သံတွဲလေဆိပ်ကို ဇူလိုင်လ ၅ ရက် နံနက်ပိုင်းမှာ ထိန်းချုပ်သိမ်းပိုက်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး သံတွဲမြို့နယ်တွင် တစ်ခုတည်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ခလရ ၅၅ တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများကိုလည်း လိုက်လံရှင်းလင်းနေသည်ဟု ဆိုသည်။

ခလရ ၅၅ တပ်ရင်းမှာ တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းအချို့၊ ပခုက္ကူအခြေစိုက် ခလရ ၂၅၂ တပ်ရင်းနှင့် အခြားအမည်မသိ တပ်ရင်းအချို့တို့ ပူးပေါင်းတိုက်ခိုက် ခုခံနေကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် ပလက်ဝအပါအဝင် ရခိုင်ပြည်က မြို့ ၁၀ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ၁၁ မြို့မြောက်အဖြစ် သံတွဲမြို့ကို သိမ်းပိုက်နိုင်ရန် AA က စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များအား အရှိန်းပြင်းပြင်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version