Western News

စစ်ရေးပြင်းထန်နေသော ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီး ကျောက်ဆိပ်ကျေးရွာက လူနေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၀ ရက် ညက တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရင်းများမှ ယမ်းသန်းပစ်ခတ်သော လက်နက်ကြီး ကျောက်ဆိပ်ကျေးရွာ လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ” ရွာအနီး ဘာတိုက်ပွဲမှ မရှိဘူး။ စစ်ကောင်စီက နေ့စဉ် အချိန်ပြည့် လေယာဉ်နဲ့ လာဗုံးကြဲလိုက်၊ လက်နက်ကြီးနဲ့ ကျေးရွာတွေဆီ လှမ်းပစ်ခတ်လိုက် လုပ်နေတာ။ မနေ့ညက စစ်ကောင်စီတပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီး တစ်လုံးဟာ ကျောက်ဆိပ်ရွာက အိမ်တစ်အိမ်ကို တည့်တည့်ကျတာ။ အမျိုးသမီးတစ်ဦးသေတယ်။ ၃ ဦးလောက် ဒဏ်ရာပြင်းထန်ရတယ်။ ” ဟု ပြောသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၃၀ အရွယ် မစန်းစန်းအေး ဖြစ်ပြီး ဒဏ်ရာရသူများမှာ မြေပြင်ဆေးရုံတစ်ခု၌ ဆေးကုသမှုခံယူနေရကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၉ ရက်နေ့ညကလည်း စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကြောင့် အသက် ၆၀ ကျော်အရွယ် လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး မျက်လုံး၌ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော ဇနီးဖြစ်သူ ဒေါ်ကြည်ထွေးမှာ ရန်ကုန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း သိရသည်။

ဇူလိုင်လ ၂ ရက်နေ့ကလည်း လေကြောင်း ဗုံးကြဲပစ်ခတ်မှုကြောင့် သံတွဲမြို့နယ် မြုံပြင်ကျေးရွာက အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံတွဲမြို့၊ ငပလီမြို့တို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်လျှက်ရှိနေပြီး ငပလီမြို့ ဂျိတ္တောနှင့် မြပြင်ရပ်ကွက်တို့က စစ်ရှောင် ၃၀၀ ကျော်မှာ စားဝတ်နေရေးအခက်အခဲဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

ဒေသခံတစ်ဦးက ” ငပလီမြို့ထဲရယ်၊ ဂျိတ္တော၊ မြပြင်ရယ် အနီးဝန်းကျင်တွေမှာ တိုက်ပွဲက အရမ်းပြင်ထန်နေတယ်။ လုံခြုံမယ့်နေရာတွေမှာ ယာယီခိုလှုံနေကြတာပေါ့။ စခန်းနေရာတွေကိုတော့ မပြောတော့ပါဘူး။ စစ်ရှောင် ၃၀၀ လောက်ရှိမယ်။ အခု နေဖို့၊ စားဖို့ အရမ်းအခက်အခဲဖြစ်နေကြတယ်။ စစ်ရှောင်ကူညီရေး အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေကလည်း ကူညီကြပါတယ်။ ဒါပေမယ့် မလောက်ဘူးလေနော်။ ကျန်းမာရေးက အစပေါ့နော်။ အများကြီးလိုအပ်နေပါသေးတယ်။ ” ဟု ပြောသည်။

သံတွဲမှာ စစ်ရှောင်အရေအတွက် တိုးလာနေပြီး အရေးပေါ်ကူညီရေးအဖွဲ့အစည်းများ၏ ပြောပြချက်အရ စစ်ရှောင် သောင်းချီရှိနေကြောင်း သိရသည်။

သံတွဲမြို့နယ်သို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ အနည်းအကျဉ်းသာ ရှောက်ရှိကြ၍ အရေးပေါ်ကူညီကယ်ဆယ်ရေးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အမြန်ဆုံးကူညီဆောင်ရွက်ပေးကြရန် ဒေသခံများနှင့် စစ်ရှောင်များက တောင်းဆိုနေကြသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version