Western News

ရခိုင်ပြည်၊ သံတွဲမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု သံတွဲဒေသခံများက ပြောဆိုလိုက်ပြီး သံတွဲမြို့ပေါ်တွင် ရှိနေသည့် ပိတ်မိနေသည့် ဒေသခံများကို ကယ်ထုတ်နေကြောင်း Western News က သိရသည်။

ငပလီမြို့က စစ်ကောင်စီတပ်ရင်း နှစ်ခုနှင့် သံတွဲမြို့အနီး တပ်စခန်းငယ်များကို သိမ်းပိုက်ပြီးနောက် သံတွဲမြို့ထဲကို AA က ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဝင်ရောက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သံတွဲ ဒေသခံတစ်ဦးက “AA က အခု ပိတ်မိနေတဲ့ သက်ကြီးပိုင်းတွေ၊ ပြီးတော့ ကလေးတွေ၊ အမျိုးသမီးတွေကို မြို့ပေါ်ကနေ ကယ်ထုတ်နေပါတယ်။ စစ်ကောင်စီတပ်သားတွေက သံတွဲမြို့ပေါ်မှာ လုံးဝ မရှိတော့ပါဘူး။ အကုန်ထွက်ပြေးနေကြတယ်။ စစ်ကောင်စီက လေကြောင်းကနေ သံတွဲမြို့ကို ဗုံးကြဲတိုက်ခိုက်နေတယ်။ AA ကတော့ မြို့ကို ထိန်းချုပ်လိုက်ပြီ ” ဟု ပြောသည်။

သံတွဲမြို့နယ်က မောင်ရွှေလေး ရေတပ်အနီး ဇလွန်ရွာမှာ စစ်ကောင်စီက တပ်စခန်း ချထားသည့်နေရာသို့ စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားပြီး အဆိုပါ စခန်းက တပ်သားမျာနှင့် ပူးပေါင်းသွားကြောင်း ဒေသခံများက ပြောသည်။

ဇလွန်ကျေးရွာမှာ ပြီးခဲ့သည့် ၄ ရက်ခန့်ကစပြီး မောင်ရွှေလေးရေတပ်က အင်အား ၁၃၀ ကျော်ဖြင့် စစ်ကောင်စီက တပ်စွဲနေရာယူထားကြောင်းနှင့် ဇလွန်နှင့် မောင်ရွှေလေး ရေတပ် ၁၀ မိုင်ခန့် ဝေးကွာသလို သံတွဲမြို့နှင့် ဇွန်လက ၁၀ မိုင်ကျော်ဝေးကြောင်း သိရသည်။

လက်ရှိတွင် သံတွဲမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး နေအိမ်များ ပျက်စီးမှုရှိကြောင်းနှင့် ဒေသခံများ ထိခိုက်မှု ရှိမရှိကိုမူ Western News က သီးခြားအတည်ပြု၍ မရသေးပေ။

သံတွဲမြို့ကို သိမ်းပိုက်လိုက်ပြီဟု ဒေသခံများက ပြောဆိုထားသော်လည်း AA ကမူ ယနေ့ ညနေပိုင်းအထိ တရားဝင် ထုတ်ပြန်ထားခြင်းမရှိသလို ယင်းနှင့်ပတ်သက်၍ AA ပြောခွင့်ရ ဦးခိုင်သုခအား မေးမြန်းနေဆဲဖြစ်သည်။

သံတွဲအကျဉ်းထောင်နှင့် မြို့မရဲစခန်းရှိ စစ်ကောင်စီတပ်စခန်းများကို AA က ရှင်းလင်းနိုင်ခဲ့ကြောင်းနှင့် ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြောင်း နောက်ထပ် ဒေသခံတစ်ဦးက အတည်ပြုထားသည်။

“အခု AA တပ်ဖွဲ့ဝင်တွေ ဘေးလွတ်ရာကို ကယ်ထုတ်နေပါတယ်။ လေကြောင်းက ဗုံးကြဲနေတယ်။ မြို့ထဲ ပျက်စီးမှုအချို့ရှိနေပါတယ်။ အသေးစိတ်ကို သိဖို့အရမ်းခက်ခဲပါတယ်။ AA က သံတွဲမြို့ကို ထိန်းချုပ်လိုက်ပြီ” ဟု ပြောသည်။

ငပလီမြို့က ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်း အပါအဝင် သံတွဲမြို့အနီးရှိ စစ်စခန်းငယ်များကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရှင်းလင်းနေကြောင်း AA မှ ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော် AA သည် မောင်တောဒေသတွင်လည်း လက်ကျန် စစ်ကောင်စီတပ်စခန်းများနှင့် ထွက်ပြေးထွက်လွတ်မြောက်နေသော တပ်သားများကို လိုက်လံရှင်းလင်းနေပြီး မောင်တောမြို့အား အလုံးစုံသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version