Western News

(ရခိုင်တောင်ပိုင်းတွင် အမည်မသိ အရပ်သားအလောင်းတွေ့သည်မှာ ၁၄ လောင်းရှိလာပြီ)

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာအနီး (အောင်မင်းချောင်) က ကမ်းခြေမှာ လက်နောက်ပြန်ကြိုးတုပ်၊ ခြေထောက်ကို သံကြိုးဖြင့် ချည်နှောင်ခံထားရသည့် အရပ်ဝတ်အင်္ကျီဖြင့် အလောင်း ၇ လောင်း တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

အလောင်းများမှာ အားလုံး အမျိုးသားများဖြစ်ကြပြီး ခြေထောက်ကို ချည်နှောင်ထားသော သံကြိုးကို သော့ခတ်ထားကြောင်းလည်း ရွာသားတစ်ဦးက ပြောသည်။

” မနေ့က တွေ့တာပါ။ ဘယ်က မျောလာတာလဲတော့ မသိဘူး။ အခု ရွာသားတွေ ဆယ်ယူပြီး သင်္ဂြိုလ်ပေးလိုက်ပါပြီ။ ခြေထောက်တွေမှာ သံကြိုးချည်ခံထားရတယ်။ သော့ပါ ခတ်ထားသေးတာ။ မျက်လုံးကို ပိတ်စဖြင့် အပိတ်ခံထားရတယ်။ လက်လည်း နောက်ပြန်ကြိုး တုပ်ခံထားရတယ်။ အရပ်သားတွေလား၊ စစ်သားတွေလား သေချာ မသိရဘူး။ ” ဟု ပြောသည်။

အဆိုပါ အလောင်း ၇ လောင်းမှာ အရပ်သားများ သို့မဟုတ် စစ်သား ဟုတ်မဟုတ်ကို သေချာမသိရသည့်အပြင် မည်သည့် နေရာဒေသက ဖြစ်သည်ကို အတိအကျ မသိရပေ။

အလောင်းများမှာ ပုတ်ပွပြီး နံစော်နေ၍ အလျှင်အမြန် သင်္ဂြိုလ်လိုက်ရသည်ဟု နောက်ထပ် ရွာသားတစ်ဦးက ပြောသည်။

” မနေ့ကတည်းက သင်္ဂြိုလ်လိုက်တာပါ။ တော်တော်လေးကို နံတာ။ ဒီမှာ ခန့်မှန်းနေကြတာက သံတွဲက မျောလာတာလို့ ပြောနေကြတယ်။ အခုက မိုးကလဲသည်း ရေကလည်း ရေစီးပြင်းနေတော့ ဆင်ခေါင်း-ကုလရောင်ကမ်းခြေက လမ်းကြောင်းသင့်တယ်လေ။ ” ဟု ပြောသည်။

ငပလီမြို့ထဲက စစ်ကောင်စီ၏ တပ်ရင်း ခမရ ၅၆၆ နှင့် ခလရ ၅၅ တို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ချိန် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့သည် မြပြင်ရပ်ကွက်နှင့် ဂျိတ္တောရပ်ကွက်သို့ ထွက်ပြေးသွားပြီး အရပ်သား အများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုရှိခဲ့သည်။

မောင်ရွှေလေးရေတပ်က တစ်ဆင့် ဖြည့်တင်းအင်အားနှင့် ထွက်ပြေးတပ်သားတို့ ပေါင်းကာ ဂျိတ္တောရပ်ကွက်မှာ တပ်စွဲပြီး မြပြင်နှင့် ဂျိတ္တောဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ပြုကြောင်း သိရသည်။

ဇူလိုင် ၁၄ ရက်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဂျိတ္တောမှာ တပ်စွဲပြီးနောက် အနီးက မြပြင်ရပ်ကွက်မှာ အရပ်သား အလောင်း ၇ လောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ဂျိတ္တော၊ မြပြင်ဆိုတာ ကပ်နေတာ။ အဲမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်သားတွေရှိသေးတယ်။ ပြီးတော့ ဂျိတ္တောက မောင်ရွှေလေး ရေတပ်နဲ့ နီးတယ်။ ရေတပ်က အင်အားထပ်ဖြည့်တယ် ထင်ပါတယ်။ ပိတ်မိနေတဲ့ အရပ်သားတွေလည်းရှိသေးတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်လိုက်တာ ဖြစ်နိုင်ပါတယ်။ ” ဟု ပြောသည်။

အရပ်သား အလောင်းများကို မြပြင်ရပ်ကွက်ရှိ အော်ရီယမ်ဟိုတယ်နှင့် ကျောက်စိမ်းနဂါးဟိုတယ်အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခု တောင်ကုတ်မြို့နယ် ကုလရောင်ကမ်းခြေတွင် တွေ့ရသည့် အရပ်ဝတ် အလောင်းများမှာလည်း သံတွဲပြည်သူများဖြစ်နိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။

အချို့သော ဒေသခံများပြောပြချက်အရ သေဆုံး အရပ်သားများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းပြအဖြစ် ခေါ်ယူခံရကနေ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
နာမည်နှင့်တကွသိသော စာရင်းအရ သံတွဲမြို့နယ်မှာ ပျောက်ဆုံးနေသူ အရပ်သား ၁၀၀ ကျော်ရှိပြီး မြေပြင်တွင် ယခုစာရင်းထက် ပိုများပြားနိုင်ကြောင်း Western News ၏ စာရင်းပြုချက်အရ သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version