Western News

မကွေးတိုင်း၊ ဂန့်ဂေါမြို့ လုံခြုံရေးတာဝန်ခံ ဗိုလ်ကြီးမျိုးဝင်းသူကို PDF များထံသို့ ကျည်ဆန်ရောင်းစားမှု အပါအဝင် ပြစ်မှုများစွာဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ဩဂုတ်လ ၁၀ ရက်‌နေ့ နံနက် ၁၁ နာရီခန့်အချိန် ဂန့်ဂေါမြို့ အမြောက်တပ်အတွင်းသို့ ရိက္ခာ၊ လက်နက်ခဲယမ်းဖြည့်တင်းရန် ရောက်ရှိလာသည့် ရဟတ်ယာဉ်ဖြင့် ဂန့်ဂေါမြို့လုံခြုံရေးတာဝန်ခံဗိုလ်ကြီး မျိုးဝင်းသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

သတင်းရင်းမြစ် ယောအလင်းတန်းမှ ကိုဘကောင်း က “ ဒီလ ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ဆင်းတဲ့ ပဇိုင်းနဲ့ ပါသွားပြီ။ သူ့ကို လက်နောက်ပြန် လက်ထိပ်ခတ်ထားတယ်။ ပြီးတော့ ခန္ဓာကိုယ်တခုလုံးကိုလည်း ကြိုးနဲ့တုတ်ထားပြီး ခေါ်သွားတာ။ ဒီဖက်မှာလည်း ကျည်ဆန်ရောင်းတဲ့ အမှုတွေနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်မယ်။ ” ဟု ပြောသည်။

ဖမ်းဆီးခံရသူ ဗိုလ်ကြီးမျိုးဝင်းသူသည် ပြီးခဲ့သည့် ဇွန် လဆန်းပိုင်းကလည်း PDF များထံ ကျည်ဆန်များ ရောင်းစားသည်ဟူသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း သိရသည်။

ဗိုလ်ကြီးမျိုးဝင်းသူ၏ ဇနီးကလည်း ၎င်း၏ခင်ပွန်းဖြစ်သူကို အိမ်ထောင်ရေး၊ လူမှုရေးဖောက်ပြန်မှုဖြင့် တရားစွဲဆိုထားပြီး ဇနီး၏ဖခင်မှာ စစ်တပ်အရာရှိကြီး တစ်ဦးဖြစ်ကြောင်း သိရသည်။

“ ကြားတာကတော့ သူ့ မိန်းမဖက်ကနေ အမှု ၇ မှုနဲ့ ဆက်ပြီး တရားစွဲထားတယ် ပြောတယ်။ သူ့မိန်းမရဲ့ အဖေဖြစ်သူကလည်း အထက်ကလူကြီးဖြစ်နေတော့ ဖမ်းခေါ်ခိုင်းလိုက်တာ ဖြစ်နိုင်တယ်လို့ ယူဆရတယ်။ ” ဟု ကိုဘကောင်းက ဆိုသည်။

ဖမ်းဆီးခံရသူ ဗိုလ်ကြီးမျိုးဝင်းသူသည် ဂန့်ဂေါခရိုင်ရုံးမှ ဒုရဲအုပ် ရဲမေတစ်ဦးနှင့် အိမ်ထောင်ရေးဖောက်ပြန်ကာ ဂန့်ဂေါမြို့ပေါ်တွင် ပေါင်းသင်းနေထိုင်ကြောင်း သိရသည်။

ဗိုလ်ကြီးမျိုးဝင်းသူသည် ၂၀၂၁ ခုနှစ်တွင် ဂန့်ဂေါမြို့နယ် ကျောမြို့အခြေစိုက် ကပစ ၂၃ မှ ဂန့်ဂေါမြို့လုံခြုံရေးတာဝန်ဖြင့် ရောက်ရှိလာသူဖြစ်ပြီး ၎င်းတာဝန်ယူထားစဉ် ကာလအတွင်း ဂန့်ဂေါမြို့ပေါ်ရှိ ပျူစောထီးခေါင်းဆောင် P2 ဖိုးဇော်နှင့် ပူးပေါင်းကာ မြို့ပေါ်ရှိပြည်သူများအား မတရားဖမ်းဆီး ငွေညှစ်ခြင်းကို ပြုလုပ်ခဲ့သည်။

KTV ၊ ပြည့်တန်ဆာအခန်း၊ ၂ လုံး၊ ၃ လုံး၊ လောင်း ကစား၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ မူးယစ်ဆေးဝါး စသည့် ရောင်းဝယ် ဖောက်ကားခြင်းအပါအဝင် စစ်တပ်ပိုင်ကျည်ဆန်များကိုလည်း PDF တပ်ဖွဲ့များထံ ရောင်းချပေးမှုရှိခဲ့ကြောင်း သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version