Western News

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသားများကို တရားရုံးက စတင်စစ်ဆေးနေပြီး စွပ်စွဲခံရသူတစ်ဦးလျှင် ခံပြသက်သေ ၂ ဦး တင်ပြရမည်ဟု စစ်တွေမြို့နယ်တရားရုံးက တောင်းဆိုထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဗျိုင်းဖြူကျေးရွာက အမျိုးသား၊ အမျိုးသမီးအပါအဝင် အရပ်သား ၂၀၀ ကျော်ကို AA နှင့်ဆက်သွယ်သည်ဟုဆိုကာ စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ပြီး ယင်းအထဲက လူ ၁၀၀ ခန့်ကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

ကျန် အရပ်သား ၁၀၀ ကျော်ထဲက ၆၀ ဦးနှင့်အထက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်တွေမြို့နယ်တရားရုံးတွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) တို့ဖြင့် ဇွန်လ ပထမအပတ်တွင် တရားစွဲဆိုခဲ့သည်။

ရုံးချိန်း ၄ ကြိမ်အထိ ဗျိုင်းဖြူရွာသားများကို တရားရုံးက တရားဝင်စစ်ဆေးမှုများ ပြုလုပ်ခြင်းမရှိခဲ့ဘဲ ရုံးထုတ်ပြ၍ အချိန်ဆွဲခဲ့ကြောင်း မိသားစုဝင်များက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက် ရုံးချိန်းနှင့် ၁၃ ရက် ရုံးချိန်းတွင် စွပ်စွဲခံရသူတစ်ဦးလျှင် ခံပြသက်သေ ၂ ဦး တင်ပြရမည်ဟု စစ်တွေမြို့နယ်တရားသူကြီးက ပြောဆိုထားကြောင်း ဗျိုင်းဖြူဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အမှုက အခုနောက်ပိုင်းစစ်တယ်။ စစ်သားတွေကိုရော အဖမ်းခံထားရသူတွေကိုပါ စစ်တယ်။ ဒီရက်ပိုင်းရုံးချိန်းမှာ သက်သေ ၂ ယောက်ခေါ်လာရမယ်လို့ ပြောပါတယ်။ တရားသူကြီးက ပြောတာ။ ဘာကြောင့်လဲ ကျမတို့ဘာမှ မသိပါဘူး။ ထပ်ပြီး ဘယ်လိုဖြစ်လာမလဲလည်း မသိပါဘူး” ဟု ပြောသည်။

လိုပြသက်သေများအား စစ်ဆေးမှုအပြီး တရားရုံးက စွဲချက်လက်ခံကာ စွပ်စွဲခံရသူများအား ဆက်လက် စစ်ဆေးပြီးနောက် ခံပြသက်သေများကို တောင်းဆိုလာခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုထားသူ အများစုမှ အိမ်ထောင်ဦးစီး အမျိုးသားများဖြစ်ကြ၍ ဗျိုင်းဖြူရွာက အမျိုးသမီးများနှင့် သားသမီးငယ်များမှာ စားဝတ်နေရေး အကျပ်အတည်းများဖြင့် ကြုံတွေ့နေရသည်ဟု ပြောဆိုကြသည်။

ဖမ်းဆီးခံမိသားစုဝင်တစ်ဦးက “အိမ်ထောင်ဦးစီးတွေချည်း အဖမ်းခံထားကြရတာ။ တချို့မိသားစုတွေဆို ၂ ယောက်ပါသွားကြတယ်။ အိမ်ကိုလည်း မပြန်ကြရဘူး။ မြို့ပေါ်မှာဘဲ နေကြရတယ်။ ဆိုးတူကောင်းဖက်ရှာဖွေ စားသောက်မယ့် လင်ယောက်ကျားကလည်း အဖမ်းခံထားကြရတော့ ကလေးတွေနဲ့ ငတ်တစ်လှည့်၊ ပြတ်တစ်လှည့် အတော် ဒုက္ခရောက်နေကြရတယ်” ဟု ပြောသည်။

စစ်တွေမြို့တွင် ဗျိုင်းဖြူရွာသားများအပြင် တခြားရပ်ကွက်/ကျေးရွာများက ဒေသခံများမှာလည်း စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးခြင်းကို နေ့စဉ်နီးပါးခံနေကြရပြီး ဖမ်းဆီးသွားသူများမှ တချို့ကို ရုံးထုတ်တရားစွဲဆိုမှုများရှိနေသော်လည်း တချို့မှာ အဆက်သွယ်မရဘဲ ရှိနေကြသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version