Western News

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို PDF ပူးပေါင်းတပ်မှ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပစ်ခတ်ပြီး ညနေပိုင်းတွင် စစ်ကူအင်အား များစွာပေးပို့သည်။

စစ်ကောင်စီပေးပို့သော စစ်ကူအင်အားများနှင့် PDF တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနောက် ယမန်နေ့ ည ၇ နာရီနောက်ပိုင်းကစ၍ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ ဒီပဲယင်းမြို့က ပြန်လည်ဆုတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး၊ ထွေ/အုပ်ရုံး အပါအဝင် စစ်တပ်တပ်စွဲထားသော နေရာများအားလုံးကို PDF များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက တောက်လျှောက် စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ကာ စစ်ကူများကို Mi17 ရဟတ်ယာဉ်များဖြင့် အဆက်မပြတ် ချထားပေးခဲ့သည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” Mi-35 ရဟတ်ယာဉ်တွေနဲ့ တောက်လျှောက် ပစ်တာ။ နောက်ပြီး အောင်ချမ်းသာရွာနားမှာ စစ်ရဟတ်ယာဉ်တွေနဲ့ စစ်သားတွေကို အခေါက်အခါခါ ချတယ်။ အဲဒီကနေ မြို့ထဲကို ပြန်တက်လာတာ။ မနေ့ညနေပိုင်းမှာ တိုက်ပွဲပြင်းထန်တယ်။ အခုတော့ ကျနော်တို့ မြို့ပေါ်ကနေ ခဏ ပြန်ဆုတ်ထားတယ်။ ပတ်ပတ်လည်မှာတော့ ကျနော်တို့ ၀ိုင်းထားဆဲပါပဲ။ မြို့ပေါ်စခန်းတွေနဲ့ ရုံးတွေကနေ ခဏ ဆုတ်ခွာထားတာပါ” ဟု ပြောသည်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် ရွှေဘိုခရိုင်တပ်ရင်းများ၊ ရွှေဘိုခရိုင် ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ဘုတလင်မြို့နယ် ပကဖ အပါအဝင် ပူးပေါင်းတပ်များပါဝင်ကြောင်း သိရသည်။

ရေဦးမြို့မှ ထွက်လာသော စစ်ကောင်စီ စစ်ကူစစ်ကြောင်းကို ရေဦး၊ ဒီပဲယင်း ပကဖ တပ်ဖွဲ့ဝင်များက ထိရောက်စွာ တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အလံဖြူထောင် လက်နက်ပူးပေါင်းသူ စုစု ပေါင်း ၁၂၃ ဦးရှိပြီး ပျူစောထီး ၂ ဦး၊ Non-CDM ဝန်ထမ်း ၄၁ ဦး၊ Non-CDM ဝန်ထမ်းမိသားစုဝင် ၈၀ ဦးရှိကြောင်း အားလုံးကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version