Western News

အာဏာသိမ်း စစ်ကောင်စီ၏ ဗိုလ်လောင်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲစစ်ဆေးမည့် သတ်မှတ်နေရာများတွင် ရခိုင်ဒေသနှင့် ရှမ်းမြောက်ဒေသ ပါဝင်ခြင်းမရှိသည်ကို စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် စစ်တက္ကသိုလ်၏ နည်းပညာတက္ကသိုလ်နှင့် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့် နေ့ရက်၊ နေရာနှင့် အချိန်ကို ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာကတစ်ဆင့် ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဗိုလ်လောင်းလျှောက်လွှာကို စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခေါ်ယူထားပြီး ဩဂုတ်လ ၃၀ ရက်တွင် ဖြေဆိုရမည်ဟု ဆိုသည်။

မြို့ကြီး ၁၂ မြို့ရှိ တိုင်းစစ်ဌာနချုပ်များနှင့် စစ်ကြောရေးဌာနများတွင် ဗိုလ်လောင်းဝင်ခွင့် စာမေးပွဲကို စစ်ဆေးသွားမည်ဟု ကြေညာထားသော်လည်း ရခိုင်နှင့် ရှမ်းမြောက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မရှိတော့၍ ကျင်းပနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

ဗိုလ်လောင်းဝင်ခွင့် စာမေးပွဲကျင်းပမည့် နေရာများမှာ ရန်ကုန်၊ နေပြည်တော်၊ မြစ်ကြီးနား၊ တောင်ကြီး၊ ခိုလမ်၊ ကျိုင်းတုံ၊ မော်လမြိုင်၊ မြိတ်၊ ပုသိမ်၊ မုံရွာ၊ မန္တလေးနှင့် တောင်ငူမြို့တို့ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီက စစ်တက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဗိုလ်လောင်းဝင်ခွင့် ကြေညာချက်ကို ဇွန်လက စတင်ခေါ်ယူခဲ့ပြီး ယခု ဩဂုတ်လ ၃၀ ရက်တွင် စာပေးပွဲစစ်ဆေးမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူများက တော်လှန်နေကြ၍ ဗိုလ်လောင်းဝင်ခွင့် သင်တန်းလျှောက်လွှာများ ခေါ်ယူရာတွင် လျှောက်ထားသူ နည်းပါးသည့်အတွက် စည်းကမ်းဥပဒေများလျော့ပေါ့ပြီး အသက်အပိုင်းအခြားကိုလည်း ၂၀ နှစ်အထိ တိုးမြှင့်ခေါ်ယူခဲ့သည်ကို တွေ့ရသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတစ်ဝှမ်း တော်လှန်ရေးအဖွဲ့အစည်းများထံ စစ်ရှုံးနေပြီး တပ်သားအများအပြားလိုအပ်နေသည့်အတွက် ပြည်သူများအား မတရားဖမ်းဆီးကာ အတင်းအဓမ္မ စစ်မှုထမ်းရန် ခေါ်ယူနေသည်။

About Author
Western News
View All Articles
Check latest article from this author !

Related Posts

Exit mobile version