Western News

မြန်မာစစ်အုပ်စု (စစ်ကောင်စီ) က ATR လေယာဉ်များအသုံးပြုနိုင်ရေး ကူညီပေးနေသည့် ကမ္ဘာတဝန်းကုမ္ပဏီကွန်ရက်ကို Justice For Myanmar (JFM)မှ ဖော်ထုတ်လိုက်ပြီး နိုင်ငံတကာက အရေးယူပိတ်ဆို့ရန် တောင်းဆိုသည်။

၂၀၁၃ ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံထုတ် Avions de Transport Regional (ATR) လေယာဉ် အနည်းဆုံး ၁၀ စီးကို မြန်မာစစ်အုပ်စုက ဝယ်ယူအသုံးပြုနိုင်ရန် ကူညီပေးခဲ့ကြသည့် ကမ္ဘာတဝန်းမှ ကုမ္ပဏီများပါဝင်သော ကွန်ရက်တစ်ခုကို ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။

စစ်အုပ်စုက နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် ၎င်းတို့အသုံးပြုသည့် စစ်သည်များနှင့် စစ်လက်နက်များကို သယ်ဆောင်ရာတွင် လည်းကောင်း၊ ဝေဟင်ထောက်လှမ်းရေးနှင့် ကင်းထောက်လုပ်ငန်းများအတွက်လည်းကောင်း အဆိုပါလေယာဉ်များကို အသုံးပြုနေကြောင်း သိရှိရသည်။

နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိကစစ်လက်နက်ပွဲစားများနှင့် စီးပွားရေးလေကြောင်းလိုင်းများသည် မြန်မာစစ်အုပ်စုထံ ATR လေယာဉ်များ လွှဲပြောင်းရောင်းချခဲ့ကြောင်းနှင့် ရောင်းချမှုအချို့တွင် ဒဏ်ခတ်ပိတ်ဆို့ မှုများကို ရှောင်လွှဲရန်ကြိုးပမ်းသည့်အနေဖြင့် နောက်ဆုံး လက်ဝယ်အသုံးပြုသူကို ဖုံးကွယ်ပေးထားမှုများ ရှိနေသည်။

မြန်မာနှင့် နိုင်ငံတကာကုမ္ပဏီများသည် လေယာဉ်အပိုပစ္စည်းများ ဝယ်ယူပေးခြင်း၊ ပြုပြင်ထိန်း သိမ်းရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းဖြင့်လည်း စစ်အုပ်စုကို ကူညီခဲ့ကြောင်း သိရှိရသည်။

ပြင်သစ်နိုင်ငံရှိ ATR နှင့် Sabena Technics၊ ဩစတြီးယားနိုင်ငံရှိ Axis Flight Simulation Systems တို့အပါအဝင် ဥရောပသမဂ္ဂအတွင်းရှိ ကုမ္ပဏီများသည် လေယာဉ်၏အဓိကအစိတ်အပိုင်းများ ပြုပြင်ပေးသည်။

အရေးပါသည့် စက်ပစ္စည်းအစိတ်အပိုင်းများနှင့် အပိုပစ္စည်းများ ရောင်းချပေးခြင်း၊ ATR လေယာဉ်များ မောင်းနှင်နိုင်ရန် မြန်မာစစ်ကောင်စီလေတပ်မှ လေသူရဲများအား သင်တန်းပေးခြင်းတို့ဖြင့် စစ်အုပ်စုက ATR လေယာဉ်များကို ဆက်လက်အသုံးပြုနေနိုင်အောင် ပြင်သစ်နှင့် ဩစတြီးယားက ကူညီပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ ကန့်သတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်အသက်ဝင်ပြီး ပိုမိုအားကောင်း လာသည့် အချိန်ပိုင်းဖြစ်သော ၂၀၁၈ ခုနှစ်အတွင်း အဆိုပါရောင်းချမှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ စင်ကာပူနိုင်ငံအတွင်းရှိ ကုမ္ပဏီများသည် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင်လည်း အရေးပါသည့် စက်ပစ္စည်းများနှင့် အပိုပစ္စည်းများ ရောင်းချပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် ATR လေယာဉ်များ ဆက်လက်အသုံးပြုနိုင်အောင် ကူညီခဲ့ကြောင်းဆိုသည်။

ပြည်တွင်းရှိ ခရိုနီကုမ္ပဏီဖြစ်သော 24 Hour Group ပိုင်ဆိုင်သည့် Air KBZ (ယခု Mingalar Aviation) ကလည်း စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီ စစ်ကောင်စီလေတပ်အတွက် ATR လေယာဉ် ၂ စီး ဝယ်ယူလွှဲပြောင်းပေးခဲ့သည်။

စစ်လက်နက်ပွဲစားကုမ္ပဏီ International Gateways Group သည် ဗီယက်နမ် လေကြောင်းလိုင်းများမှ နောက်ထပ် ATR လေယာဉ် နှစ်စီးဝယ်ယူရာတွင် ၎င်း၏အမည်ကို အသုံးပြုဝယ်ယူစေခဲ့ရာတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

Air KBZ သည် အရပ်ဘက် လေကြောင်းပြေးဆွဲရန်အတွက် အနည်းဆုံး ATR လေယာဉ် ၂ စီးကို စစ်အုပ်စုထံမှ ငှားရမ်းအသုံးပြုခဲ့ပြီး၊ စစ်အုပ်စုအတွက် ဝင်ငွေအရင်းအမြစ်တစ်ခု ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်အုပ်စု ဆက်နွယ်ခရိုနီစီးပွားရေးလုပ်ငန်းစု KT Group ကလည်း စစ်တပ်အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူရာတွင် ၎င်းတို့၏ British Virgin Islands ကုမ္ပဏီခွဲ MWG Limited မှတဆင့် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ကြသည်။

အခြား ATR လေယာဉ်များကို ခရိုနီစီးပွားရေးလုပ်ငန်းစု ထူးကုမ္ပဏီအုပ်စုက ဝယ်ယူပေးခဲ့ခြင်း ဖြစ်ပြီး၊ ထူးကုမ္ပဏီအုပ်စုသည် လေတပ်၏ အနည်းဆုံး ATR လေယာဉ် ၆ စီး အတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိနေသည်။

မြန်မာ့လေတပ်နှင့် ယင်း၏ပွဲစားများက အပိုပစ္စည်းများနှင့် လဲလှယ်ရမည့် စက်ပစ္စည်း အစိတ်အပိုင်းများ ဝယ်ယူရရှိနေမှု၊ လေယာဉ်အမှုထမ်းနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများ ရရှိနေမှု၊ လေတပ်၏ ATR လေယာဉ်များ ဆက်လက်ပျံသန်းနိုင်ရေးအတွက် လိုအပ်သည့် ညွှန်ကြားချက်များ ရရှိနေမှုတို့ကို အရေးတကြီး ပိတ်ပင်ရန် အစိုးရများကို Justice For Myanmar က တောင်းဆိုသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်အုပ်စုက လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း လုံးဝမရှိဘဲ ကျူးလွန်နေခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာ၊ သူတို့အနေနဲ့ ATR လေယာဉ်တွေ၊ အပိုပစ္စည်းတွေနဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုတွေကို လက်လှမ်းမှီ ရရှိနေနိုင်ခဲ့တာကတော့ လက်ခံနိုင်ဖွယ်မရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ စစ်အုပ်စုက နိုင်ငံအနှံ့ ၎င်းတို့ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် စစ်သည်တွေနဲ့ စစ်လက်နက်တွေ သယ်ယူပို့ဆောင်ရာမှာ ဒီလေယာဉ်တွေကို အသုံးပြုနေတာဖြစ်ပြီး၊ ဒါဟာ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပံ့ပိုးကူညီနေတာပဲ ဖြစ်ပါတယ်။ ATR နဲ့ အခြားနိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို မြန်မာစစ်အုပ်စုက အသုံးပြုနေတာ ကာကွယ်ဖို့အတွက် လုံလောက်တဲ့ တင်ကြိုစိစစ်မှုတွေ မလုပ်ဆောင်ခဲ့ကြပါဘူး။ ဒါဟာ သူတို့ရဲ့ လူ့အခွင့်အရေးတာဝန်ဝတ္တရားတွေကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုက ကလေးငယ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ရပ်ရွာတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ရာမှာ အားကိုးအားထားပြုနေတဲ့ ဆယ်စီးထက်မနည်းရှိတဲ့ ATR လေယာဉ်တွေကို ဆက်လက် အသုံးမပြုနိုင်အောင် အစိုးရတွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

24 Hour Group၊ KT Group၊ Gateway Group နှင့် Htoo Group တို့အပါအဝင် စစ်တပ်၏ ATR လေယာဥ်အုပ်အတွက် ပံ့ပိုးကူညီနေသည့် မြန်မာကုမ္ပဏီအားလုံးအပေါ် ပစ်မှတ်ထား၊ စုပေါင်း ချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့လုပ်ဆောင်သင့်ကြောင်း JFM က ပြောသည်။

ယခင်နှင့် ယခုကာလအတွင်း ဒဏ်ခတ်ပိတ်ဆို့မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ချိုးဖောက်မှုများအတွက် လက်ရှိချမှတ်ထားသော အရေးယူဆောင်ရွက်မှုဆိုင်ရာ အစီအမံများကို အားကောင်းစေရန် အသက်သွင်းသင့်ကြောင်းလည်း ဆိုသည်။

နိုင်ငံတကာကုမ္ပဏီများအနေဖြင့် မြန်မာစစ်လက်နက်ပွဲစားများ၊ မြန်မာစစ်အုပ်စုအား ပံ့ပိုးကူညီ ထားသည့် အရပ်ဘက်လေကြောင်းကုမ္ပဏီများနှင့် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းသင့်ကြောင်း JFM က ထောက်ပြထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version