Western News

အာရက္ခတပ်တော် AA ၏ ရခိုင်ပြည် မောင်တောမြို့သိမ်းတိုက်ပွဲမှာ အာဏာသိမ်း စစ်ကောင်စီက ဓာတုအဆိပ်ဓာတ်ငွေ့များပါသော ဗုံးများကို အသုံးပြုတိုက်ခိုက်နေကြောင်း AA က ယမန်နေ့ ဩဂုတ်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲကို AA က ဩဂုတ်လ ၄ ရက်တွင် စတင်ခဲ့ပြီး စစ်ကောင်စီက မွတ်ဆလင်အကြမ်းဖက်အဖွဲ့များဖြင့် ပူးပေါင်းခုခံခဲ့သော်လည်း အဆင့်ဆင့်ခံစစ် ကျိုးပေါက်ပြီးနောက် ဩဂုတ်လ ၂၈ ရက်တွင် စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးများကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် မောင်တောမြို့နယ်တွင် တစ်ခုတည်းကျန်ရှိနေသေးသော မြို့နှင့်ကပ်လျက်ရှိ မြို့စောင့်တပ်ဖြစ်သည့် နခခ ၅ တပ်စခန်းကြီးကို မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA, ARA, RSO တို့ဖြင့် ပူးပေါင်းကာ ရပ်ကွက်အလိုက် အဆင့်ဆင့် ခံစစ်ပြုလုပ်ထားသည်။

အဆိုပါ ခံစစ်များကို အာရက္ခတပ်တော် AA က တစ်ခုပြီးတစ်ခု သိမ်းပိုက်ကာ မောင်တောမြို့အတွင်း စစ်ကောင်စီ၏ ခံစစ်အများစုကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

မောင်တောမြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပေါင်းအပါ မွတ်ဆလင်အကြမ်းဖက်အဖွဲ့ဝင်များမှာ စစ်ကူမဲ့ အခြေအနေဆိုးဝါးစွာဖြင့် အုပ်စုလိုက် ကစဉ့်ကလျား ထွက်ပြေးနေခြင်းနှင့် အချို့မှာ နခခ ၅ တပ်စခန်းရှိရာသို့ ထွက်ပြေးသွားကြသည်ဟု AA က ထုတ်ပြန်ထားသည်။

မောင်တောမြို့ထဲက စစ်ကောင်စီ၏ အဆင့်ဆင့် ခံစစ်နေရာအများစုကို AA က သိမ်းပိုက်ထားပြီးနောက် ဆုတ်ခွာထွက်ပြေးကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၎င်းတို့တပ်စွဲခဲ့သည့်နေရာ အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု AA က ဆိုသည်။

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း မွတ်ဆလင်အကြမ်းဖက်အဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများအပြင် သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိထားကြောင်းလည်း AA က ထုတ်ပြန်ထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version