Western News

ထိုင်း-မြန်မာနယ်စပ် ကော်သူးလေ (KTLA) ၏ လက်နက်တိုက်စခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ဩဂုတ်လ ၂၈ ရက် နေ့လယ် ၁ နာရီအချိန်ခန့်က ခဲမခီးကျေးရွာအနီး ကော်သူးလေ၏ လက်နက်တိုက်ကို KNU တပ်မဟာ ၄ က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ကော်သူးလေတပ်မှ အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်စလုံးက ပြောဆိုထားသည်။

ဗိုလ်စလုံးသည် ကော်သူးလေ (KTLA) ၏ အထူးကွန်မန်ဒိုတပ်ရင်းမှူးဖြစ်ပြီး ရာထူးအား တစ်နှစ် ယာယီရပ်ဆိုင်းခံထားရသူဖြစ်သည်။

ဗိုလ်စလုံးက “လူအင်အားမမျှလို့ KTLA တပ်ဖွဲ့က နောက်ဆုတ်ပေးခဲ့ရတယ်။ ထိခိုက်မှုကတော့မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ စစ်တပ်စခန်းက ရထားတဲ့ လက်နက်၊ ကျည်ဆန်တွေကို သူတို့ (KNU) ပြန်ရသွားတယ်။ နားဟေးစခန်းမှာ ကျွန်တော်တို့ သွားသိမ်းထားတဲ့ လက်နက်ခဲယမ်းတွေ၊ ကျည်ဆန်တွေ အများကြီးပဲ” ဟု ပြောသည်။

ကော်သူးလေထံက KNU သိမ်းပိုက်ခဲ့သည့် လက်နက်တိုက်စခန်းမှာ တနင်္သာရီမြစ်ဘေးရှိ အောင်သာဝရစခန်းနှင့် ပိုနီးပြီး KNU တပ်မဟာ စစ်ကြောင်းများလှုပ်ရှားသည့် တပ်ရင်း ၇ နယ်မြေကြားတွင်ရှိကြောင်း သိရသည်။

ကော်သူးလေထံက လက်နက်တိုက်စခန်းအား သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ တနင်္သာရီမြို့နယ် ဥက္ကဌကလည်း အတည်ပြုထားသည်။

ဩဂုတ်လ ၂၁ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် ထီးခီးနယ်စပ် တောင်ဘက်ခြမ်းရှိ ဗိုလ်စလုံးတပ်ဖွဲ့များ အခြေချနေထိုင်သည့် စခန်းတခုနှင့် KTLA ရှေ့တန်းအခြေချသည့် စခန်းငယ်တစ်ခုကို KNU တပ်မဟာ ၄ က တိုက်ခိုက်သိမ်းယူခဲ့သည်ဟု ဗိုလ်စလုံးက ပြောဆိုထားသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version