Western News

ဩဂုတ်လ ၂၈ ရက်နေ့ညက စစ်တွေမြို့အနီး စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ ညအချိန်တွင် စစ်ကား ၁၀ စီးနှင့်အတူ ခြေလျှင်တပ်သား ၁၀၀ ကျော် လမ်းလျှောက်ကမ်းလှည့်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယခင်က ရဲကား နှစ်စီး၊ စစ်ကောင်စီ ၄ စီးခန့်ဖြင့် စစ်တွေမြို့ထဲတွင် ညအချိန် ပုံမှန်လိုလို ကမ်းလှည့်ခဲ့သော်လည်း မြို့အနီးတိုက်ပွဲများကြောင့် အင်အားတိုးချဲ့ကာ ယမန်နေ့ကစ၍ ကမ်းလှည့်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

” အရင်က ပုံမှန်ပေါ့နော်။ ရဲကား နှစ်စီးလောက်၊ စစ်ကား ၄ စီးလောက်နဲ့ ကမ်းလှည့်ခဲ့တာ။ အခုက စစ်ကား အရေအတွက်ကိုလည်း တိုးချဲ့လိုက်တယ်။ ပြီးတော့ တစ်ခါမှ စစ်ကောင်စီတပ်သား ခြေလျှင်လျှောက်ပြီး ကမ်းမလှည့်ခဲ့တာ။ မနေ့ညက ၉ နာရီလောက်မှာ ကမ်းလှည့်လာတာမှာ စစ်သား ၁၀၀ ကျော်ပါတယ်။ စစ်ကားစီး သုံးစီးလောက်က ရှေ့မှာ ပြီးရင် ခြေလျှင်တပ်သားတွေ၊ ပြီးတော့ စစ်ကား ပြီးတော့ ခြေလျှင်တပ်သား အဲလို ကမ်းလှည့်ကြတာ။ ” ဟု ပြောသည်။

စစ်တွေမြို့အဝင်ရှိ စစ်ကောင်စီတပ်ရင်းများမှ စစ်ကောင်စီတပ်သားများမှာ စစ်ကားယာဉ်တန်းနှင့်အတူ ထွက်လာကြပြီး မေယုလမ်း၊ လမ်းမကြီးလမ်း တစ်လျှောက်သွားကာ ဆတ်ရိုးကျတံတားကနေ ရွှေပြည်သာရပ်ကွက်မှ ပတ်ပြီး အမှတ် ၁၂ ရဲတပ်ရင်းဘက်သို့ ဝင်သွားကြကြောင်း မျက်မြင်သတင်းရင်းမြစ်က ပြောသည်။

စစ်တွေမြို့ထဲ စစ်ကောင်စီ၏ ကင်းစောင့်ဂိတ်များမှာ ပြီးခဲ့သည့်လက ၅ ခုရှိခဲ့သော်လည်း လက်ရှိတွင် နောက်ထပ် လမ်းဆုံလမ်းခွ ၄ ခုထက်မနည်းကို ဂိတ်တိုးချဲ့ထားပြီး အင်အားကိုလည်း ယခင် ၅ ဦးထားရှိရာကနေ ၁၀ ဦးအထိတိုးမြှင့်ချထားလိုက်ကြောင်း သိရသည်။

” ပြီးခဲ့တဲ့ ၅ ရက်လောက်က မီးစက်ကြီးလမ်းဆုံမှာ ဂိတ်မရှိဘူး။ ကင်းလှည့်တဲ့အချိန် ခဏပဲ ရပ်ကြတာ။ အခု ဂိတ်ထားလိုက်ပြီ။ ပြီးတော့ သံဖရာသီးလမ်းဆုံမှာလည်း ထားလိုက်တယ်။ ရှုခင်းသာလမ်းဆုံ (သူနာပြုကျောင်းအနီး) မှာ ဂိတ်တစ်ခုထားလိုက်တယ်။ ဆတ်ရိုးကျတံတား ထိပ်ကနေ ရွှေပြည်သာလမ်းတစ်လျှောက် အမှတ် ၁၂ ရဲတပ်ရင်းအထိ ကြားမှာ ဂိတ် ၂ ခုနှစ်ထက်မနည်းကို တိုးချဲ့လိုက်တာ။ မြို့ထဲမှာလည်း ဂိတ်တွေ ထပ်တိုးချဲ့လိုက်တယ်။ နောက်ထပ် ၅ ခုထက်မနည်းကို တိုးချဲ့လိုက်တာ။ ” ဟု ပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့ညက စ၍ စစ်တွေမြို့အနီး အမြင့်ကျွန်းကျေးရွာအနီးနှင့် ဝါဘိုကျေးရွာအနီးတို့တွင် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒရုန်းဖြင့်ပစ်ခတ်ခြင်း၊ စစ်သင်္ဘောပေါ်က လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ပါဒလိပ်အမြောက်တပ်ရင်းမှ အတွဲလိုက်ဒုံးကျည်များဖြင့် ညအချိန်များတွင် ပစ်ခတ်နေကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ ည ၉ နာရီခွဲကျော်အချိန်က စစ်တွေ ပါဒလိပ်အမြောက်တပ်ရင်းမှ ပစ်ခတ်သော ဒုံးကျည်များမှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများအနီးသို့ ကျရောက်မှုများရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version