Western News

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အရပ်သားသေဆုံးသူ ၃၁၁ ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

နိုင်ငံတဝန်းမှာ အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) ကြောင့် အမျိုးသမီး ၄၅၁ ဦးနှင့် အမျိုးသား ၉၁၁ ဦး စုစုပေါင်း ၁၃၆၂ ဦး သေဆုံးခဲ့ရပြီး ရခိုင်က ၃၁၀ ကျော်ပါဝင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သေဆုံးသူများအားလုံးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ ၁၇၉ ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ ၁၆၅ ဦး ပါဝင်ကြောင်း AAPP က ဆိုသည်။

ရခိုင်ပြည်မှ ၃၁၁ ဦး ပါဝင်ပြီး သေဆုံးရသည့် အကြောင်းအရင်းမှာ ၁၀၈ ဦးက စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး ၉၉ ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒုတိယ အများဆုံးသေဆုံးခဲ့သည်ဟု AAPP က ထုတ်ပြန်သည်။

စက်တင်ဘာလ ၈ ရက်နေ့၊ ညနေ ၆ နာရီ ၅၀ မိနစ်နှင့် ၅၅ မိနစ်တို့တွင် စစ်ကောင်စီက ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

ထိုနေရာသည် အာရက္ခတပ်တော် (AA) က စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသည့် နေရာဖြစ်သည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးစောသန်းမောင်၊ မလှစောခင်၊ ဦးစောညီညီ (ခ) တောင်မင်း၊ ဦးကျော်သာမောင်၊ ကိုဘုန်းမြတ်ပိုင်၊ ကိုမောင်သိန်းထွန်း (ခ) ငမဲခေါင်၊ ဦးသိန်းထွန်းအောင်၊ ဦးကျော်ဝင်းမောင်၊ အသက် ၁၄ နှစ်အရွယ် မောင်ဝေယံဖြိုး၊ အသက် ၁၇ နှစ်အရွယ် မောင်စိုးမင်းအောင်တို့နှင့်အတူ စစ်သုံ့ပန်း ၇ ဦးအပါအဝင် စုစုပေါင်း (၁၇) ဦး သေဆုံးခဲ့ပြီး (၁၀) ဦး ဒဏ်ရာရရှိခဲ့သည်။

အခြားတစ်ဖက်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေက မောင်တောမြို့ နတ်မြစ်ကမ်းဘေးတွင် ဒရုန်းပစ်ခတ်မှုကြောင့် မွတ်ဆလင် ၂၀၀ ခန့်သေဆုံးသွားကြသည်ဟု အသက်ရှင်လာသည့် မွတ်ဆလင်များနှင့် မျက်မြင်များက ပြောဆိုကြသည်။

ထိုပစ်ခတ်မှုသည် အာရက္ခတပ်တော် AA က ပစ်ခတ်သည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက စွပ်စွဲထားကြသော်လည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ငြင်းဆိုထားပြီး အဆိုပါ လူအုပ်ထဲတွင် မွတ်ဆလင်လက်နက်ကိုင်များ ပါဝင်နိုင်ကြောင်း ပြောဆိုထားသည်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၆၅၄) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၃၆၁) ဦးရှိပြီး ထိုအထဲမှ (၂၀၈၇၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၉၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

About Author
Western News
View All Articles
Check latest article from this author !

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Exit mobile version